Sputnik V ကာကွယ်ဆေးက ဗီဇပြောင်းဗိုင်းရပ်များကို ထိရောက်စွာ ကာကွယ်နိုင်စွမ်းရှိ

မော်စကို၊ ကျန်းမာရေး

ရုရှားနိုင်ငံက ထုတ်လုပ်သည့် Sputnik V အမည်ရှိ ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးသည် ဗီဇပြောင်းဗိုင်းရပ်များကို ထိရောက်စွာ ကာကွယ်နိုင်စွမ်း ရှိကြောင်းနှင့် ဗြိတိန်နိုင်ငံ၌တွေ့ရသည့် ဗီဇပြောင်းဗိုင်းရပ်ကူးစက်မှုကို ၁ဝဝ ရာခိုင်နှုန်း ကာကွယ်နိုင်စွမ်းရှိကြောင်း  လေ့လာစမ်းသပ်ချက်များအရ သိရသည်။

ထို့ပြင်  အဆိုပါ ကာကွယ်ဆေးသည် တောင်အာဖရိက၌ တွေ့ရှိသည့် ဗီဇပြောင်း ဗိုင်းရပ် ကူးစက်မှုကိုလည်း ကာကွယ်နိုင်ကြောင်းနှင့် လေ့လာစမ်းသပ်မှုများ ဆက် လက်လုပ်ဆောင်နေကြောင်း ရုရှားနိုင်ငံရှိ ဂါမာလီယာ သုတေသနဌာနက  ထုတ်ပြန်သည်။

တစ်ချိန်တည်းမှာပင် အခြားသောဗိုင်းရပ် ကာကွယ်ဆေး ထုတ်လုပ်သူများသည်လည်း ၎င်းတို့၏ဆေးများက ဗီဇပြောင်းဗိုင်းရပ်ကူးစက်မှုကို ကာကွယ်နိုင်စွမ်း ရှိ၊ မရှိ စမ်းသပ် မှုများ စတင် လုပ်ဆောင်လာကြောင်း သိရ သည်။

တောင်အာဖရိက၌တွေ့ရသည့် ဗီဇပြောင်းဗိုင်းရပ်သည် ပုံမှန်ဗိုင်းရပ်များထက် ကူးစက်မှု ပိုမိုမြန်ဆန်ကြောင်း ယူဆထားသည်။ သို့သော် ရောဂါကို ပိုမိုပြင်းထန်စေ သည်ဟူသော  သက်သေများ မတွေ့ရှိကြောင်း သိရသည်။

Sputnik V ကာကွယ်ဆေးသည် ကမ္ဘာ့ ပထမဆုံး မှတ်ပုံတင်သည့် ကာကွယ်ဆေးဖြစ်ပြီး လက်ရှိတွင် နိုင်ငံပေါင်း ၅၈ နိုင်ငံက အသုံးပြုခွင့် ပေးထားသည့် ကာကွယ်ဆေး လည်းဖြစ်သည်။

စမ်းသပ်ချက်များအရ Sputnik V  ကာကွယ်ဆေးသည် နိုဗယ်ကိုရိုနာ ဗိုင်းရပ် ကူးစက်မှုကို ၉၁ ဒသမ ၆ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်သည့်အပြင် နှစ်နှစ်ကြာ တာရှည် ခံသည့် ကိုယ်ခံစွမ်းအားကို ထုတ်လုပ်ပေးနိုင်ဖွယ် ရှိကြောင်း သိရသည်။