SJ WorldNews - шаблон joomla Авто

ပြည်သူ့ဆေးရုံ ၁၂ ရုံနှင့် ကလေးဆေးရုံ နှစ်ရုံအတွက် သွေးလှူရှင်များ လိုအပ်နေ

Monday, 09 September 2019 11:07 font size decrease font size decrease font size increase font size increase font size

ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ အမျိုးသား သွေးဌာနမှ ပြည်သူ့ဆေးရုံ ၁၂ ရုံသို့ သွေး အကူအညီ ပေးနေရသည့်အပြင် ရန်ကုန် ကလေးဆေးရုံကြီးနှင့်   ရန်ကင်းကလေး ဆေးရုံတို့ကိုလည်း ထပ်တိုးကူညီရသဖြင့် သွေးလှူရှင်များ လိုအပ်နေကြောင်း အမျိုးသား သွေးဌာနမှ   တာဝန်ခံဆရာဝန်ကြီး  ဒေါက်တာသီတာအောင်၏ ပြောဆိုချက်အရ သိရသည်။

''ပုံမှန်သွေးလှူရှင်ကို  သွေးလှူဖို့ အကြောင်းကြားပြီး သတ်မှတ်တဲ့ ကာလမှာ  စနစ်တကျ သွေးလှူဒါန်းနိုင်ဖို့   စီစဉ်တာရှိသလို  သွေးကူညီရတဲ့ အနေအထားက   များလာလို့  သွေးအလှူရှင်တွေကို   ဖိတ်ခေါ်ပြီး  ဆောင်ရွက်နေရတဲ့ အပိုင်းတွေလည်း ရှိပါတယ်''   ဟု  ဒေါက်တာသီတာအောင် ကပြောသည်။

လက်ရှိကာလတွင် A သွေး အသုံးပြုမှု များပြားပြီး အမျိုးသား သွေးဌာန၏ သွေး ကူညီပေးမှု အပိုင်းတွင်လည်း    သတ်မှတ်ထားသော  သွေးအတိုင်းအတာပမာဏထက် A  သွေးရရှိမှု  ကျဆင်းနေသည့် အခြေအနေများ ရှိသောကြောင့်   သွေးအလှူရှင်များကို ဖိတ်ခေါ်ကာ ဆောင်ရွက်လျက်ရှိသည်။  ယခုအခါ  မိုးရာသီဖြစ်၍ ပွင့်လင်းရာသီများနှင့် နှိုင်းယှဉ်ကြည့်ပါက  သွေးလှူရှင် နည်းပါးလျက်ရှိသည်။

အမျိုးသားသွေးဌာန၌   တစ်လလျှင် သွေးယူနစ် ၄ဝဝဝ နီးပါး လိုအပ်နေပြီး ပုံမှန်သွေးလှူရှင်များ၏ လှူဒါန်းမှုများအပြင်  တခြားလိုအပ်ချက်များ ရှိလာပါက ပရဟိတ အသင်းအဖွဲ့များနှင့်  ချိတ်ဆက် ဆောင်ရွက်နေကြောင်း သိရသည်။

''ပြီးခဲ့တဲ့လတွေကတည်းက   ရန်ကင်းကလေးဆေးရုံကို  သွေးဥမွှား ကူညီပေးရ တာတွေလည်း ရှိတယ်။ နယ်ဆေးရုံတွေက အရမ်းလိုအပ်လို့  အကူအညီတောင်းလာ ရင်လည်း   ဆရာမကြီးတို့က  ကူညီပေးရတာတွေ ရှိတယ်။ အရေးကြီးတာ တစ်ခုက သွေးသယ်ဆောင်တဲ့အခါမှာ လုံလောက်တဲ့ အအေးဓာတ်ရဖို့ စီစဉ်ပေးရတယ်။ ဒါမှ သွေးပျက်စီးမှုနည်းပြီး   အကျိုးရှိစေတယ်''  ဟု ဒေါက်တာသီတာအောင် ကပြောသည်။

သွေးလှူဒါန်းလိုသူများအနေဖြင့် ရွှေတိဂုံစေတီတော်  အနောက်ဘက်မုခ်၌  နေ့စဉ် ညနေ ၄ နာရီမှ ည ၇ နာရီအထိ ဖွင့်လှစ်ထားသည့် သွေးအလှူခံဌာနသို့ လာရောက် လှူဒါန်းနိုင်သည့်အပြင် www. donate-bloodmyanmar.orgမှ  ဝင်ရောက် ချိတ်ဆက်၍     အမျိုးသား သွေးဌာနသို့ လှူဒါန်းနိုင်ကြောင်း သိရသည်။        

Read 57 times Last modified on Monday, 09 September 2019 11:08