SJ WorldNews - шаблон joomla Авто

မတ္တရာမြို့နယ်ရှိ အနာကြီးရောဂါကု ဆေးရုံကို ပြန်လည်သန်စွမ်းရေး ဆေးရုံအဖြစ် အမည်ပြောင်းလဲ ဖွင့်လှစ်မည်

Thursday, 19 September 2019 08:26 font size decrease font size decrease font size increase font size increase font size

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ရေနံ့သာကျေးရွာရှိ   အနာကြီးရောဂါကု ဆေးရုံကို လက်ရှိဝန်ထမ်း ဖွဲ့စည်းပုံအင်အား  ပြန်လည်ပြင်ဆင်ပြီး  ပြန်လည်သန်စွမ်းရေး ဆေးရုံအဖြစ်   အမည်ပြောင်းလဲ ဖွင့်လှစ်မည် ဖြစ်ကြောင်း  ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မြန်မာနိုင်ငံ တစ်ဝန်းရှိ  မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ (၂ဝ၁၅)နှင့် နည်းဥပဒေ(၂ဝ၁၇) ပြဋ္ဌာန်းချက်များပါ အချက်များကို  ထိထိရောက်ရောက်  အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် မြန်မာနိုင်ငံ အထက်ပိုင်း၌ ပြန်လည်သန်စွမ်းရေး ဆေးရုံတစ်ရုံ ဖွင့်လှစ်ရန် လိုအပ်သဖြင့် မတ္တရာမြို့နယ် အတွင်းရှိ အနာကြီးရောဂါကု ဆေးရုံကို  ပြန်လည်သန်စွမ်းရေး ဆေးရုံအဖြစ်   အမည်ပြောင်းလဲ ဖွင့်လှစ်မည်ဖြစ်သည်။

''ဒီကိစ္စကို ကုသရေး ဦးစီးဌာနရဲ့ မေ ၂၃ ရက်ကပြုလုပ်တဲ့ အစည်းအဝေးမှာ  ဆုံးဖြတ်ပြီးပါပြီ။  အနာကြီးရောဂါကု ဆေးရုံကို ပြန်လည်သန်စွမ်းရေး ဆေးရုံအဖြစ်  အမည်ပြောင်းလဲဖို့  ဆုံးဖြတ်ပြီးပါပြီ။

ဒီလိုပြောင်းလဲဖို့ အတွက်လည်း  အဆင့်ဆင့် တင်ပြမှာဖြစ်ပါတယ်'' ဟု ၎င်းကပြောသည်။

မတ္တရာမြို့နယ်ရှိ အနာကြီးရောဂါကု ဆေးရုံသည် ခုတင် ၇ဝဝ ဆံ့ဆေးရုံဖြစ်ပြီး ဆေးရုံ၌  ဆေးဝါးကုသမှုများအပြင်  ကိုယ်အင်္ဂါ ချို့တဲ့သူများကိုလည်း ခွဲစိတ်ကုသပေးပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အတွက်လည်း သင်ကြား ပေးလျက်ရှိသည်။

အဆိုပါဆေးရုံ၌    တစ်နှစ်အတွင်း ကုသမှုခံယူသည့်  အတွင်းလူနာ စုစုပေါင်း ၂၃၆ဝဝ  ကျော်၊  ပြင်ပလူနာစုစုပေါင်း   ၆၆ဝဝ  ကျော်  တစ်ရက်ပျမ်းမျှကုသသည့် အတွင်းလူနာ ၇ဝ ခန့်နှင့် ပြင်ပလူနာ ၃ဝ ခန့်ရှိပြီး ဆေးရုံတက်ရောက် ကုသသော လူနာနည်းပါးကြောင်း သိရသည်။

ပြန်လည်သန်စွမ်းရေး ဆေးရုံအဖြစ် ပြောင်းလဲ ဖွင့်လှစ်မည်ဆိုပါက စက်ပစ္စည်း အနည်းငယ်သာ လိုအပ်ပြီး ထိုသို့ဖြည့်တင်းနိုင်ရန် ဘဏ္ဍာငွေ လုံလောက်မှု ရှိကြောင်း   သိရသည်။

အနာကြီးရောဂါသည်  လျစ်လျူရှု၍မရသဖြင့်  အနာကြီးရောဂါကုသမှုများကို ဆေးရုံ၌ ဆက်လက် လုပ်ဆောင်မည်ဖြစ်ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် အမည်ပြောင်းလဲ ဖွင့်လှစ်မည့် ကိစ္စကို ပြည်ထောင်စု အစိုးရထံ အမြန်ဆုံး တင်ပြမည်ဖြစ်ကြောင်း သိရသည်။                

Read 96 times Last modified on Thursday, 19 September 2019 08:27