SJ WorldNews - шаблон joomla Авто

စိုက်ပျိုးစရိတ် များပြားပြီး ပန်းဈေးကွက် တည်ငြိမ်မှုမရှိသဖြင့် ပန်းခင်းပိုင်ရှင်များ အရှုံးပေါ်

Wednesday, 16 May 2018 09:32 font size decrease font size decrease font size increase font size increase font size

ပြင်ဦးလွင်   မေ    ၁၅

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၌ ပန်းစိုက်ပျိုးသူများ အနေဖြင့် စိုက်ပျိုးစရိတ် များပြားပြီး ပန်းဈေးကွက် မတည်ငြိမ်သဖြင့် အရှုံးပေါ်လျက်ရှိကြောင်း အဆိုပါမြို့နယ်ရှိ  ပန်းစိုက်ပျိုးသူ ပန်းခင်းပိုင်ရှင် တစ်ဦးထံမှ သိရသည်။

ပန်းများစိုက်ပျိုးရာတွင် ပေ (၃ x ၃ဝ) တစ်ဘောင်လျှင် စတင်စိုက်ပျိုးချိန်မှ ပန်းပွင့်သည်အထိ ငွေကျပ်၂၇ဝဝဝ ခန့်ကုန်ကျကြောင်း၊ ထွက်ရှိသည့်ပန်းမှာ တစ်ဘောင်လျှင် အပင် ၂၇ဝ ခန့် ထွက်ရှိပြီး အစည်းရေ ၃ဝ ခန့်ရရှိသည်။ အစည်းတစ်စည်းလျှင် ယခုနှစ်သွင်းဈေး ငွေကျပ် ၁ဝဝဝ ရှိသဖြင့် ငွေကျပ် ၃ဝဝဝဝ ခန့်ရရှိပြီး တစ်ဘောင်လျှင် ငွေကျပ် ၅ဝဝဝ ခန့်အမြတ်ရရှိသည်။ တစ်ဧကလျှင် ဘောင် ၂၄ဝဝ ခန့်စိုက်ပျိုးနိုင်ပြီး ငွေကျပ် ၁၂ သိန်းခန့် အမြတ်ရရှိသည်။ ယင်းအမြတ်ထဲမှ လုပ်အားခနုတ်ပါက အသားတင်အမြတ်မှာ မကျန်သလောက်ဖြစ်သွားသည်။ သို့သော် မိရိုးဖလာ လုပ်ကိုင်လာသည်က တစ်ကြောင်း၊ ပန်းနှင့်တွဲဖက်၍ စပါးနှင့် ဟင်းသီးဟင်းရွက်ပင်များကိုလည်း စိုက်ပျိုးလုပ်ကိုင်နေသောကြောင့်  ပန်းကို ဆက်လက် စိုက်ပျိုးနေခြင်း ဖြစ်ကြောင်း ၎င်းကပြောသည်။

၂ဝ၁၄ ခုနှစ်ခန့်မှစ၍  ပြည်တွင်းပန်း ဈေးကွက်သို့ ပြည်ပမှ ပန်းများ ဝင်ရောက်လျက်ရှိရာ ယခုအခါ နှစ်စဉ်တန်ချိန် ၁ဝဝဝဝခန့် ဝင်ရောက်လေ့ရှိသည်။ ပြည်ပမှ ဝင်ရောက်လာသော ပန်းများသည် အခွန်မဆောင်သည်က များခြင်းကြောင့်   ပြည်တွင်းပန်းဈေးကွက် ပျက်လာခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ယခုအခါ ပန်းဈေးကွက် တည်ငြိမ်စေရန်နှင့်   ပန်းစိုက်ပျိုးသူများ နစ်နာဆုံးရှုံးမှု မရှိစေရန်  ပန်းစိုက်သူ  လူငယ်များက  တရားဝင် ပန်းစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အစုအဖွဲ့ ဖွဲ့စည်း တည်ထောင်ကာ ဆောင်ရွက်လျက်ရှိသည်။ 

ယင်းအစုအဖွဲ့မှ ပန်းများ အရည်အသွေး မြှင့်တင်ရန် နယ်သာလန်နှင့် နော်ဝေနိုင်ငံတို့မှ ပန်းစိုက်ပျိုးရေး ပညာရှင်များ ဖိတ်ခေါ်ထားပြီး ပန်းစိုက်ပျိုးသူများအား စိုက်ပျိုးနည်းနှင့် ထုပ်ပိုးနည်းများကို သင်ကြားပို့ချပေးမည်ဖြစ်သည်။ ရှေ့ပြေးအနေဖြင့် ပြည်တွင်း ပညာရှင်များဖြင့် ယခုလအတွင်း ပန်းစိုက်ပျိုးသူများနှင့် တွေ့ဆုံဆောင်ရွက်မည်ဖြစ်သည်။ 

ပြည်တွင်းမှ    စိုက်ပျိုးထွက်ရှိသော ပန်းများကိုလည်း အရည်အသွေးနှင့် ဈေးနှုန်း ကြိုတင် သတ်မှတ်ပြီး အသင်းမှ ဝယ်ယူမည်ဖြစ်ပြီး  အရည်အသွေး မပြည့်မီသည့် ပန်းကို   နှစ်ဦးနှစ်ဖက် ညှိနှိုင်း  ဝယ်ယူမည်ဖြစ်ကြောင်း သိရသည်။ 

Read 122 times Last modified on Wednesday, 16 May 2018 09:40