SJ WorldNews - шаблон joomla Авто

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံ

Friday, 13 July 2018 09:16 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇူလိုင် ၁၂

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစုပင်လုံ  တတိယအစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များအား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ လက်ခံတွေ့ဆုံသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ''ဝ'' ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA) ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း၊ ရှမ်းပြည် တိုးတက်ရေးပါတီ(SSPP) ဥက္ကဋ္ဌ ဦးဆေးထင်၊ မိုင်းလားအထူးဒေသ(၄)( NDAA) ဒုတိယ ဥက္ကဋ္ဌ ဦးစံပေ့နှင့် ကချင်လွတ်မြောက်ရေး အဖွဲ့(KIO) ဒုတိယဥက္ကဋ္ဌ(၂) အက်စ်ဂွမ်မော်တို့အား ယနေ့ညနေ ၃ နာရီခွဲတွင် လည်းကောင်း၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)မှ တားခူးလန်း၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်-ကိုးကန့်တပ်ဖွဲ့ (MNDAA)မှ ဦးရန်ဝင်ကျုံးနှင့် ရက္ခိုင့်တပ်မတော်(AA)တို့မှ ဦးညိုထွန်းအောင်တို့အား ယနေ့ညနေ ၄ နာရီခွဲတွင် လည်းကောင်း သီးခြားစီလက်ခံ တွေ့ဆုံသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များအား တွေ့ဆုံစဉ် ပဋိပက္ခများ လျှော့ချနိုင်ရေး၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးနိုင်ရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပါဝင်နိုင်ရေး စသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲများသို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ ဦးခင်မောင်တင်နှင့်   ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များအား ဒေသထွက် လက်ဆောင်ပစ္စည်းများကို ပေးအပ်ရာ   ၎င်းတို့ကလည်း  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ဂါရဝပြုလက်ဆောင်ပစ္စည်းများအား ပြန်လည်ပေးအပ်ပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

(သတင်းစဉ်)

Read 53 times Last modified on Friday, 13 July 2018 09:17