SJ WorldNews - шаблон joomla Авто

မူဘောင် (Framework)၊ လုပ်ငန်းလမ်းစဉ် (ToR)၊ လုပ်ထုံးလုပ်နည်း (SOP) အလုပ်အဖွဲ့ အစည်းအဝေး ကျင်းပ

Saturday, 18 November 2017 07:27 font size decrease font size decrease font size increase font size increase font size

နေပြည်တော်    နိုဝင်ဘာ    ၁၇

မူဘောင် (Framework)၊ လုပ်ငန်းလမ်းစဉ် (ToR)၊ လုပ်ထုံးလုပ်နည်း (SOP ) အလုပ်အဖွဲ့ အစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)၌ ကျင်းပသည်။

အစည်းအဝေးတွင် အစိုးရ အစုအဖွဲ့ကိုယ်စား ဦးခင်ဇော်ဦးက ယခု အစည်းအဝေးသည် ဆက်လက် ကျင်းပရန်ရှိသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစု ပင်လုံ တတိယအကြိမ် အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးအတွက် ပြုလုပ်သည့် အစည်းအဝေး ဖြစ်ကြောင်း၊ Framework နှင့် ပတ်သက်ပြီး မိမိတို့ လုပ်ငန်းစဉ်နှင့် ကိုက်ညီမည့် ပြုပြင်စရာများကို ဝိုင်းဝန်းဆွေးနွေး စဉ်းစားပြီး ညှိနှိုင်းဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း၊ ToR များထဲမှ ပြုပြင်စရာ၊ ဖြည့်စွက်စရာများ ရှိနေသည့်အတွက် ဆက်လက်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ထို့ပြင် ToR နှင့် ဆက်စပ်နေသည့် SOP များကိုလည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊    လာမည့် ညီလာခံမှာ အရေးကြီးသည့်အတွက် ယခု အစည်းအဝေးတွင် အားလုံးက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 ဆက်လက်၍ တိုင်းရင်းသား လက်နက်ကိုင်များ အစုအဖွဲ့ ကိုယ်စားလှယ် ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်းက   နိုင်ငံရေး ဆွေးနွေးမှု အောင်မြင်ရန်အတွက် နိုင်ငံရေး ဆွေးနွေးမှု မူဘောင်မှာ အရေးကြီးကြောင်း၊ ယခု အစုအဖွဲ့အသီးသီးမှ  တာဝန်ရှိသူများက လက်ရှိနိုင်ငံရေး အခြေအနေနှင့် ကိုက်ညီမည့် မူဘောင်တစ်ခု ဖြစ်ပေါ်စေရေးအတွက် ဝိုင်းဝန်းဆွေးနွေး ပေးကြစေလိုကြောင်း ပြောကြားသည်။

 ထို့နောက်  နိုင်ငံရေးပါတီ အစုအဖွဲ့ ကိုယ်စားလှယ် ခေါင်းဆောင် ဦးမြင့်စိုးက နိုင်ငံရေးပါတီများ အစုအဖွဲ့ အနေဖြင့် နိုင်ငံရေး မူဘောင်ဆွေးနွေးရာတွင် ယခင်ကလည်း တက်တက်ကြွကြွ ပါဝင်ခဲ့ကြောင်း၊ ယခုလည်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်လျက် ရှိကြောင်း၊ ယခုလို ဆောင်ရွက်ခြင်းမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်သည့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများနှင့် ငြိမ်းချမ်းရေး ညီလာခံတွင် တိကျပြတ်သားသည့် အဖြေများရရှိပြီး မိမိတို့ မျှော်မှန်းသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်

စနစ်ကို အခြေခံသည့်  ပြည်ထောင်စုစနစ်ကို တည်ဆောက်ရာတွင် ယနေ့ဖြစ်ပေါ်နေသည့်   ဒီမိုကရေစီ လမ်းကြောင်းအတိုင်း  ဆောင်ရွက်သွားနိုင်ရန်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်အား Structure, Decision Making Concept, Composition, National Dialogue တို့နှင့် စပ်လျဉ်း၍ တက်ရောက် လာကြသူများက ဆွေးနွေးကြပြီး အစည်းအဝေးကို နိုဝင်ဘာ၁၈ ရက်တွင် ဆက်လက် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အစည်းအဝေးသို့ အစိုးရအစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့နှင့် နိုင်ငံရေးပါတီ အစုအဖွဲ့တို့မှ  ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 (သတင်းစဉ်)

Read 97 times Last modified on Saturday, 18 November 2017 08:25