SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါဖြစ်ပွားမှုသည် ကျန်းမာရေးနှင့် ပတ်သက်သည့် စိန်ခေါ်မှုတစ်ရပ်ဖြစ် ပြီး ထာဝရကောင်းမွန်သော လူထုကျန်းမာရေးစနစ် ဖြစ်စေရန် အတွေ့အကြုံယူ ဖော်ဆောင်ကြရန်လို

Wednesday, 03 June 2020 21:49 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဇွန် - ၃

ကမ္ဘာ့ကပ်ရောဂါ COVID-19  ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြား လိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေး အဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အစည်းအဝေးခန်းမ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးစီး၍ ကျင်းပပြုလုပ် သည်။

အဆိုပါ အစည်းအဝေးသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်  အမှာစကား ပြောကြားရာ၌ တပ်မတော်အနေဖြင့် နိုင်ငံသားများ အသက်အန္တရာယ် ကာကွယ်နိုင်ရေးအတွက် စွမ်းအားရှိသမျှ လုပ်ဆောင်ပေးနေကြောင်း၊ လူစွမ်းအား၊ ပစ္စည်းစွမ်းအားများအပြင် တတ်နိုင်သမျှ အလှူငွေများ ထည့်ဝင်ပေးပြီး ရောဂါကာကွယ်ရေးတွင် အထောက်အကူ ပြုပေးလျက်ရှိကြောင်း၊ ရောဂါကာကွယ်ရေးအတွက် လိုအပ်သော ဆေးအကာအကွယ်ပစ္စည်းများ လှူဒါန်းပေးလျက်ရှိရာတွင်Maskများအား အရေအတွက် များစွာ ပေးလှူထားကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြည့်လျှင် ပမာဏနည်းပါးသော်လည်းMask များသည် COVID-19 ရောဂါကာကွယ်ရေးတွင် အခြေခံအကျ ဆုံးဖြစ်ကြောင်း၊ တစ်ခါသုံးများဖြစ်၍ အမှန်တစ်ကယ် လိုအပ်သည့်နေရာများနှင့် လိုအပ်သူများထံသို့ ဦးစားပေး၍ ရောက်ရှိအောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိရာမှ နိုင်ငံ၏ ကျန်းမာရေးဆိုင်ရာ အဆင်သင့်ဖြစ်မှု လိုအပ်ချက်များကို တွေ့ရှိလာရကြောင်း၊ ထာဝရကောင်းမွန်သည့် လူထုကျန်းမာရေး စနစ်မျိုး လုပ်ဆောင်သွားနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ရောဂါကူးစက်မှုမှာ ကမ္ဘာ့လူနေမှုစနစ်ကြောင့် ကူးစက်မှုများ ဖြစ်ပေါ်လာသည်ကို တွေ့ရှိရသဖြင့် လူနေမှုစနစ်ကို ပြုပြင်ရန်၊ သန့်ရှင်းသည့် ပတ်ဝန်းကျင် လူနေမှုစနစ်များဖြစ်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် သန့်ရှင်းသည့် ပတ်ဝန်းကျင်နှင့် လေကောင်းလေသန့် ရရှိရေးအတွက် Pollution ကိုလျှော့ချရမည်ဖြစ်ပြီး ပြည့်ဖြိုးမြဲ စွမ်းအင်များဖြစ်သော နေ၊ လေ၊ ရေ စွမ်းအင်များမှ လျှပ်စစ်ထုတ်ယူမှုများကို အားပေးရမည်ဖြစ်ကြောင်း၊ လျှပ်စစ်စွမ်းအားဖြင့် ပို့ဆောင် ရေးများကို အားပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာကြသူများက ရှင်းလင်းတင်ပြကြရာတွင်    တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် COVID-19  ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ ပြန်ရေး ကော်မတီများ၏ ဆောင်ရွက်နေမှု အခြေအနေများ၊ ယနေ့နံနက်အထိ ကမ္ဘာတစ် ဝန်းတွင် ရောဂါဖြစ်ပွားမှု၊ ကူးစက်မှု၊ သေဆုံးမှု၊ ပြန်လည်ကောင်းမွန်မှု အခြေအနေများ၊ အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယနိုင်ငံတွင် ရောဂါကူးစက်ခံရသူ ၂၀၆၁၈၃ ဦး၊ သေဆုံးသူ ၅၈၂၉ ဦးရှိကာ ဧပြီလတွင် ရောဂါပိုးတွေ့ရှိသူ ၃၁၇၇၆ ဦးမှ မေလတွင် ရောဂါပိုးတွေ့ရှိသူ ၁၅၃၆၅၈ ဦး ရှိလာသဖြင့် တစ်လအတွင်း ၅ ဆခန့် ပိုမိုမြင့်တက်ခဲ့ပြီး ကမ္ဘာတွင် ၇ နိုင်ငံမြောက် ကူးစက်မှုအများဆုံး နိုင်ငံဖြစ်လာသည့် အခြေအနေများ၊ အလားတူ ဘင်္ဂလားဒေရှ့်နိုင်ငံတွင်လည်း ရောဂါပိုးတွေ့ရှိသူ ၅၂၄၄၅ ဦး၊ သေဆုံးသူ ၇၀၉ ဦးရှိကာ ဧပြီလအတွင်း ရောဂါပိုးတွေ့ရှိသူ ၇၆၁၆ သာရှိခဲ့ရာမှ မေလတွင် ၃၈၉၁၅ ဦးအထိ ၅ ဆကျော်မြင့်တက်လျက်ရှိသည့် အခြေအနေများ၊ အာဆီယံနိုင်ငံများတွင် စင်ကာပူ၌ ဧပြီလအတွင်း ရောဂါပိုးတွေ့ရှိသူ ၁၅၁၆၉ ဦး၊ မေလတွင် ၁၇၇၈၃ ဦး၊ အင်ဒိုနီးရှားနိုင်ငံ၌ ဧပြီလတွင် ရောဂါပိုးတွေ့ရှိသူ ၈၄၄၁ ဦး၊ မေလတွင် ၁၅၉၉၂ ဦး၊  ဖီလစ်ပိုင်နိုင်ငံ၌ ဧပြီလတွင် ရောဂါပိုးတွေ့ရှိသူ ၆၁၇၇ ဦး၊ မေလတွင် ၉၃၁၄ ဦး ရှိသဖြင့် ရောဂါပိုးကူးစက်ခံရမှု မြင့်တက်ဆဲတွေ့ရှိရသည့် အခြေအနေများ၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့တွင် ရောဂါပိုးတွေ့ရှိမှု လျော့ ကျလာကြောင်း တွေ့ရှိရသည့် အခြေအနေများ။

မြန်မာနိုင်ငံတွင် ရောဂါပိုးစတင်တွေ့ရှိသည်မှ ယနေ့အထိ ၇၂ ရက်ရှိပြီဖြစ်ကာ ယနေ့နံနက်အထိ ရောဂါပိုး တွေ့ရှိသူ ၂၃၃ ဦး၊ သေဆုံးသူ ၆ ဦး၊ ပျောက်ကင်းသက်သာ လာသူ ၁၄၃ ဦး၊ ပြည်တွင်းရောဂါ ကူးစက်မှုအနေဖြင့် မေလ ၁၈ ရက်မှ ဇွန်လ ၁ ရက် နေ့အထိ ၁၅ ရက်ကြာ မတွေ့ရှိဘဲ ဇွန်လ ၂ ရက်နေ့တွင် ပြည်တွင်းကူးစက်ခံရမှု တစ်ဦး တွေ့ရှိရသည့် အခြေအနေများ၊ မေလအတွင်း လေကြောင်းဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသူများ အားလုံးကို ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးခဲ့ရာ ယနေ့အထိ  အိန္ဒိယမှ ပြန်လာသူ ၃၀၃ ဦးအနက်မှ ၂၆ ဦး၊ မလေးရှားမှ ပြန်လာသူ ၅၉၁ ဦးအနက် မှ ၁၃ ဦး၊ ယူအေအီးမှ ပြန်လာသူ ၁၄၈ ဦးအနက်မှ ၈ ဦး၊ အီတလီမှ ပြန်လာသူ ၁ ဦး၊ တရုတ်မှပြန်လာသူ ၁ ဦး၊ ထိုင်းမှ ပြန်လာသူ ၁ ဦိး စုစုပေါင်း ၅၀ ဦးတွင် ရောဂါပိုး တွေ့ရှိရသည့် အခြေအနေများ၊ ရောဂါပိုးတွေ့ရှိရသူ ၂၃၃ ဦးတွင် ပြည်ပမှ ဝင်ရောက်သူ ၇၀ ဦးနှင့် ၎င်းတို့မှ တစ်ဆင့်ကူးစက်သူ ၁၀၄ ဦးရှိ၍ ပြည်ပဝင်ရောက်သူများမှ ကူးစက်မှု အများဆုံးဖြစ်သည့် အခြေအနေများ၊ ရောဂါပိုးတွေ့ရှိသူများတွင် ရောဂါလက္ခဏာ မပြ သည့်  Silent Carrier  ၁၇၂ ဦး ရှိပြီး ရောဂါပိုးကူးစက်ခံရသူ စုစုပေါင်း၏ ၇၃ ဒသမ ၈၂ ရာခိုင်နှုန်းရှိသဖြင့် သတိပြုဆောင်ရွက်သင့်သည့် အခြေအနေများ။

တပ်မတော် ဆေးရုံ၊ ဆေးတပ်ရင်းများတွင် ယနေ့အထိ Rapid Test Kit   ဖြင့် ၃၄၃၇ ဦး၊ PCR နည်းဖြင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဌာန(ရန်ကုန်)တွင် ၂၇ ဦး၊     တပ်မတော် ဆေးသုတေသနတပ်တွင် ၂၀၆ ဦး၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီးတွင် ၅၄၃ ဦးနှင့် အမှတ်(၃) တပ်မတော်ဆေးရုံတွင် ၂၇ ဦး၊ စုစုပေါင်း PCR  နည်းဖြင့် ၈၀၃ ဦး၊ Cobas 6800  နည်းဖြင့် အမှတ်(၁)တပ်မတော်ဆေးရုံကြီးတွင် ၈၂၄ ဦး၊ အမှတ်(၂) တပ်မတော်ဆေးရုံကြီးတွင် ၆၇၀ ဦး၊ စုစုပေါင်း Cobas 6800  နည်းဖြင့် ၁၄၉၄ ဦး စစ်ဆေး ပေးနိုင်ခဲ့ပြီး ပိုးတွေ့ရှိသူ ၅ ဦးရှိသည့် အခြေအနေများ၊ အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် အရာရှိ၊ စစ်သည် ၁၈ ဦးအနက် ၄ ဦးတွင် ရောဂါပိုးတွေ့ရှိရပြီး တပ်မတော်အသည်းရောဂါ အထူးကုဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူလျက်ရှိကာ ကျန်းမာရေးကောင်းမွန်လျက်ရှိသည့် အခြေအနေများ၊ စစ်ကိုင်းမြို့ သီတဂူ ဗုဒ္ဓတက္ကသိုလ်တွင် အိန္ဒိယနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်တို့အား ဆေးအကာအကွယ်ပေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ။

တပ်မတော်သားများ၊ အရပ်သားအစားခန့် ဝန်ထမ်းများ၏ တစ်ရက်စာလုပ်ခ လစာငွေများမှ အလှူငွေများဖြင့် မေလအတွင်း ဆေးအကာအကွယ်ပစ္စည်းများ လှူဒါန်းမှု ၂ ကြိမ်ပြုလုပ်ခဲ့ရာ အထူးကု ဆေးရုံကြီး ၃၃ ရုံအနက် ၃၂ ရုံ၊ အထွေထွေရောဂါကုဆေးရုံကြီး ၃၁ ရုံအနက် ၂၆ ရုံ၊ ခရိုင်ဆေးရုံ ၃၈ ရုံအနက် ၃၃ ရုံ၊ မြို့နယ်ဆေးရုံ ၂၇၀ အနက် ၂၄၁ ရုံ၊ တိုက်နယ်ဆေးရုံ ၇၉၆ ရုံအနက် ၆၉၄ ရုံ၊ ကျေးလက်ကျန်းမာရေးဌာန ၁၉၄၉ ဌာနအနက် ၈၅၈ ဌာနတို့အား လှူဒါန်းနိုင်ခဲ့ပြီး ဧပြီလ နှင့် မေလ အလှူငွေများမှ စုစုပေါင်း ၅ ကြိမ် လှူဒါန်းခဲ့ရာတွင် ဆေးရုံများအားလုံးနှင့် ကျေးလက်ကျန်းမာရေးဌာန ၁၀၈၈ ဌာနသို့ လှူဒါန်း ပေးနိုင်ခဲ့သည့် အခြေအနေများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများထံသို့ လှူဒါန်းပေးနိုင်ခဲ့သည့် အခြေအနေများ၊ လမ်းပန်းဆက်သွယ်မှု ခက်ခဲသည့် ဝေးလံ ခေါင်ပါးသော နယ်မြေများသို့ ဆေးအကာအကွယ်ပေးခြင်းနှင့် ကျန်းမာရေးအသိပညာ ပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည့် အခြေအနေများ၊ ပြည်သူ့ဆေးရုံများရှိ ဆေးရုံ တက်လူနာများအား ဖြည့်စွက်အာဟာရ ကျွေးမွေးမှု အနေဖြင့် ဆေးရုံပေါင်း ၄၄၀ တွင် ကျွေးမွေးမှု ၂၄၅၀ ကြိမ်၊ လူနာအင်အား ၁၄၈၃၆၅ ဦးကို ကျွေးမွေးနိုင်ခဲ့သည့် အခြေအနေများ။

ကျောင်းသား၊ ကျောင်းသူများအတွက် Mask  နှင့် Face Shieldများကို တပ်မတော် အထည်ချုပ် စက်ရုံများမှ ချုပ်လုပ်နေမှု အခြေအနေများနှင့် PPE ဝတ်စုံများကို ပြည်ပမှ ထုတ်လုပ်သည့် အရည်အသွေးအတိုင်း ထုတ်လုပ်လျက်ရှိသည့် အခြေအနေများ၊ တိုင်းစစ်ဌာနချုပ် နယ်မြေများအလိုက် ကျောင်းသင်ခန်းစာများ ပြန်လည်ဖတ်ရှုလေ့လာ ခြင်း၊ စာဖတ်ဝိုင်းများနှင့် ယဉ်ကျေးလိမ္မာ သင်ကြားပို့ချပေးမှု အခြေအနေများ။

အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွား နေသည့် အခြေအနေများ၊ တုပ်ကွေးရောဂါဖြစ်ပွားသည့် ရာသီဖြစ်သဖြင့် သွားလာနေထိုင်မှု၊ စားသောက်မှုများကို အကန့်အသတ်ဖြင့် ထိန်းချုပ်ရမည့် အခြေအနေများ၊ COVID-19  ရောဂါ လက္ခဏာများသည် တုပ်ကွေးရောဂါနှင့် ဆင်တူမှုများရှိသဖြင့် စနစ်တကျ နေထိုင်စားသောက်ပြီး ဂရုပြုရန်လိုအပ်သည့် အခြေအနေများနှင့် နီပေါနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိရန် အခက်အခဲ ဖြစ်နေသူများနှင့် မြန်မာနိုင်ငံတွင် ပိတ်မိနေသည့် နီပေါနိုင်ငံသားများအား တပ်မတော် လေယာဉ်များဖြင့် ပို့ဆောင်ပေးနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများအား ဆွေးနွေး တင်ပြကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက် ပေးသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် COVID-19  ရောဂါဖြစ်ပွားမှု အခြေအနေများသည် ရပ်တန့်ခြင်းမရှိသေးဘဲ ကမ္ဘာတစ်ဝန်းတွင် ကူးစက်မှုနှင့် သေဆုံးမှုများ တိုးနေဆဲဖြစ်ကြောင်း၊ မိမိတို့တစ်နိုင်ငံတည်း မဟုတ်ဘဲ တစ်ကမ္ဘာလုံး ရင်ဆိုင်ရုန်းကန်ကြရမည့် အခြေအနေဖြစ်ကြောင်း၊ ရောဂါဖြစ်ပွားမှုကြောင့် အလုပ်အကိုင်မရှိသဖြင့် ဝင်ငွေမရှိဘဲ စားရေးအခက်အခဲများကို ကြုံတွေ့ကြမည်ဖြစ်သောကြောင့် အလုပ်အကိုင် အခွင့်အလမ်းများကို တတ်နိုင်သရွေ့ စဉ်းစားဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ကုန်ထုတ်လုပ်ငန်းများရှိမှသာလျင် အလုပ်အကိုင် အခွင့်အလမ်းများ ရှိမည်ဖြစ်ကြောင်း။

တပ်မတော်မှ ပြည်သူ့ဆေးရုံများသို့ ဆေးအကာအကွယ် ပစ္စည်းများ လှူဒါန်းမှုနှင့် ဆေးရုံတက်လူနာများအား အာဟာရဖြည့်စွက်စာ ကျွေးမွေးမှုသည် ကောင်းမွန်သည့် ဆောင်ရွက်မှုများဖြစ်ပြီး ဆေးရုံ တက်ရောက်နေသည့် လူနာများနှင့် ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် စားရေးသောက်ရေးတွင် အခက်အခဲများ ကြုံတွေ့ရနိုင်ကြောင်း၊ ထို့ကြောင့် ပြည်နယ်နှင့် တိုင်းများအလိုက် လူနာများပြားသည့် ဆေးရုံများတွင် တန်ဖိုးသင့် ထမင်း၊ ဟင်းလျာများ ရောင်းချပေးခြင်းအားဖြင့် လူနာများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်း များအတွက် အကျိုးရှိစေမည်ဖြစ်ကြောင်း။

ဇူလိုင် ၂၁ ရက်တွင် ကျောင်းများ ဖွင့်လှစ်မည်ဟုဆိုသဖြင့် ကျောင်းသား၊ ကျောင်းသူများအတွက် Mask  များကို လုံလုံခြုံခြုံ၊ တန်ဖိုးအနည်းဆုံးဖြင့် ကြာကြာသုံးနိုင်ရန် အဓိကထား၍ ချုပ်လုပ်ဖြန့်ဝေပေး ရမည်ဖြစ်ကြောင်း၊  တုပ်ကွေး ရာသီဖြစ်သဖြင့် ကလေးများတွင် သွေးလွန်တုပ်ကွေး မဖြစ်ပွားစေရေး လိုအပ်သော သန့်ရှင်းရေးနှင့် ပိုးသတ်ဆေးဖျန်းခြင်း၊ ကာကွယ်ဆေးထိုးခြင်းနှင့် ကျန်းမာရေး စစ်ဆေးမှုများ၊ စောင့်ရှောက်မှုများ၊ အသိပညာပေးမှုများ ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ COVID-19 ရောဂါနှင့် တုပ်ကွေးရောဂါတို့သည့် ရောဂါလက္ခဏာအချို့ တူညီနေသဖြင့် အဆိုပါအချက်အလက်များကို ပြည်သူလူထု သိရှိအောင် ပညာပေးမှုများ ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ထို့ပြင် ကျရောက်လာနိုင်သော သဘာ၀ ဘေးအန္တရာယ်တို့အတွက် ကြိုတင်ကာကွယ်ပြင်ဆင်မှုများကို ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ အိမ်နီးချင်း နိုင်ငံများတွင် COVID-19 နှင့် အခြားရောဂါများ ဖြစ်ပေါ်လျက်ရှိရာ ဆက်စပ်လျက် ရှိသော နယ်မြေများတွင် အထူးသတိထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 

 

 

 

Read 81 times Last modified on Wednesday, 03 June 2020 21:54