SJ WorldNews - шаблон joomla Авто

မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေး ကျင်းပ

Thursday, 04 June 2020 09:08 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇွန်

မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပရာ မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊  မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီ အတွင်းရေးမှူး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ကော်မတီဝင်များဖြစ်ကြသည့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန    ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်

နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗရတ်ဆင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ပညာရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်း၊   ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ   တက်ရောက်ကြသည်။

ရှေးဦးစွာ မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦဟင်နရီဗန်ထီးယူ က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီ  ဒုတိယဥက္ကဋ္ဌ    ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က မူပိုင်ခွင့်ဥပဒေများကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက်  လိုအပ်သည်များကို အကြံပြုဆွေးနွေးကြရန်နှင့် အားလုံးပါဝင်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍    မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီ အတွင်းရေးမှူး  ဒုတိယဝန်ကြီး ဦးအောင်ထူးက   မူပိုင်ခွင့်ဥပဒေများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍   ကြိုတင်ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းစဉ်များကို   ရှင်းလင်း တင်ပြသည်။

ယင်းနောက် မူပိုင်ခွင့်ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်က မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီ ဖွဲ့စည်းနိုင်ရေး၊ မူပိုင်ခွင့်ဦးစီးဌာန ဖွဲ့စည်းတည်ထောင်ခွင့်ပြုရေး၊ နိုင်ငံ့ဝန်ထမ်းမဟုတ်သောမူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီ အဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များ သတ်မှတ်ရေး၊ မူပိုင်ခွင့်ဦးစီးဌာန ဖွင့်လှစ်မည့် အဆောက်အအုံ ဆောက်လုပ်နိုင်ရေး၊ မူပိုင်ခွင့်ဥပဒေများ အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ်များ၊ ကုန်အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းများ ကြိုတင်လက်ခံနိုင်ရန်အတွက် ကနဦးဖွင့်လှစ်ခြင်းကို ခွင့်ပြုရေး၊ ကုန်အမှတ်တံဆိပ် မှတ်ပုံတင် လျှောက်ထားခြင်းများအတွက် တရားဝင်ဖွင့်လှစ်ရန် အချိန်ကာလ သတ်မှတ်ရေး၊  ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဆိုင်ရာ နည်းဥပဒေ အတည်ပြုပြဋ္ဌာန်းနိုင်ရေး၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်မှတ်ပုံတင်ခြင်းတွင်    လိုအပ်သည့် လျှောက်လွှာများနှင့် အခကြေးငွေများ သတ်မှတ်နိုင်ရေး၊ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းတွင် အခကြေးငွေကောက်ခံမည့် စနစ်များနှင့် အမျိုးသားအဆင့် မူပိုင်ခွင့်ဆိုင်ရာ မူဝါဒနှင့်  မဟာဗျူဟာများ ချမှတ်နိုင်ရေး ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြပြီး အတည်ပြုချက် ရယူသည်။

ထို့နောက် ဒုတိယဝန်ကြီး  ဒေါက်တာမင်းရဲပိုင်ဟိန်း၊ ဒုတိယဝန်ကြီး ဦးဗရတ်ဆင်း၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် အစည်းအဝေးသို့တက်ရောက်လာသည့် ဌာနဆိုင်ရာ အကြီးအကဲများက မူပိုင်ခွင့်ဆိုင်ရာဥပဒေများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနအလိုက် ပူးပေါင်းဆောင်ရွက်နေမှု၊  မူပိုင်ခွင့်ဥပဒေများ မရှိသည့်အတွက် မူပိုင်ခွင့် ချိုးဖောက်မှုများ အားဖြေရှင်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊  သက်ဆိုင်သည့် မူပိုင်ခွင့်ဥပဒေအလိုက် နည်းဥပဒေများ ရေးဆွဲထားရှိမှုနှင့်  ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန်လိုအပ်သည့် အချက်များကို   အကြံပြုဆွေးနွေး တင်ပြကြသည်။

ထို့အတူ    အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မူပိုင်ခွင့်ဆိုင်ရာ ပညာရှင်များ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဗဟို အလုပ်အမှုဆောင်နှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ် ဥက္ကဋ္ဌတို့ကလည်း Video Conferencing စနစ်ဖြင့်ချိတ်ဆက်၍ မူပိုင်ခွင့်ဆိုင်ရာ ဥပဒေများ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။

ယင်းနောက် မူပိုင်ခွင့်ဌာန၏ အင်တာနက် စာမျက်နှာ(Internet website)ကို မိတ်ဆက်တင်ပြသည်။

ထို့နောက် ဒုတိယသမ္မတက ဆွေးနွေး တင်ပြချက်များကို ပြန်လည်သုံးသပ် ဆွေးနွေး၍   ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

 

Read 89 times Last modified on Thursday, 04 June 2020 09:17