SJ WorldNews - шаблон joomla Авто

ဆရာဒါယကာ ညီညွတ်ရေး သဒ္ဓါတရား ထက်သန်

Thursday, 12 September 2019 09:41 font size decrease font size decrease font size increase font size increase font size

ဆရာဒါယကာ ညီညွတ်ရေး သဒ္ဓါတရား ထက်သန်

သူရဲကောင်းတို့ ထွန်းကားရာ မြန်မာ့မြေပေါ်တွင် ပထမမြန်မာနိုင်ငံတော် ပုဂံခေတ်မှစ၍ ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းလင်းခဲ့ကြောင်း ဆရာဇော်ဂျီရေးဖွဲ့ မှတ်တမ်းမော်ကွန်းရေးထိုးထားသော ရှေးခေတ်ပုဂံပြည်ကဗျာ၌ ''တရားငယ်မှန်၊ ရှင်မြတ်ကယ်ထေရ်အရဟံနဲ့၊ ပြေပုဂံအနော်ရထာဘုန်းငဲ့ပြင်၊ ပြည်လုံးညီညာတော့၊ ဤကမ္ဘာမှာ၊ ပြည်မြန်မာရယ်လို့ ဝင့်ခဲ့သတဲ့''ဟု ဖော်ပြထားသည်။

ပထမမြန်မာနိုင်ငံတော် ပုဂံခေတ်တွင် ရှင်အရဟံမထေရ်မြတ်နှင့် အနော်ရထာမင်းတို့၏ ကောင်းမှုဖြင့် ထွန်းလင်းခဲ့သော ထေရဝါဒဗုဒ္ဓသာသနာတော် တည်တံ့ပြန့်ပွားရေးကို ခေတ်အဆက်ဆက်ကြိုးပမ်း အားထုတ်ကြသော သာသနာပြု ပုဂ္ဂိုလ်ကြီးများ၏ ကျေးဇူးကြောင့် ယနေ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဗုဒ္ဓသာသနာရောင်ဝါ ထွန်းလင်းနေခြင်း ဖြစ်သည်။ သာသနာ့ဝန်ကို ဆောင်ရွက်တော်မူကြသော သံဃာတော် အရှင်သူမြတ်များ၊ သာမဏေများ၊ သာသနာ့အနွယ်ဝင်သီလရှင်များအား ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးဟူသော ပစ္စည်းလေးပါးတို့ပြည့်စုံရန် ဗုဒ္ဓဘာသာဝင်ဒါယကာ၊ ဒါယိကာမတို့က သဒ္ဓါတရားထက်သန်စွာ ဆက်ကပ် လှူဒါန်းခြင်းဖြင့် ဆရာဒါယကာ ညီညွတ်ကြရမည် ဖြစ်သည်။

နေပြည်တော် လယ်ဝေးမြို့နယ်ရှိ ပရိယတ္တိစာသင်တိုက်များ၊ သာသနာ့အနွယ်ဝင်သီလရှင်စာသင်တိုက်များနှင့် ဘိုးဘွားရိပ်သာများသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင်အလှူငွေများ လှူဒါန်းပွဲကို စက်တင်ဘာ ရက် မွန်းလွဲပိုင်းတွင် လယ်ဝေးမြို့ရှိ ပေါက်မြိုင်ကျောင်းတိုက်၌ ကျင်းပရာ ပေါက်မြိုင်ကျောင်းတိုက် ဦးစီးပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရုဘဒ္ဒန္တဇနိန္ဒနှင့် သံဃာတော်များ တက်ရောက်ချီးမြှင့်ကြသည်။ အဆိုပါ လှူဒါန်းပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့က ပေါက်မြိုင်ဆရာတော်ကြီးထံ လှူဖွယ်ပစ္စည်းများနှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများမှ  လှူဒါန်းသော ဆွမ်းဆန်တော် ၄၈၂ အိတ်နှင့် ပဲ ၁၄၄၅ ပိဿာအား ဆက်ကပ်လှူဒါန်းကြသည်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်တို့က တောင်သုံးလုံးဇေတဝန်ဆရာတော် ဘဒ္ဒန္တဝေပုလ္လထံသို့  လှူဖွယ်ပစ္စည်းများနှင့် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ လှူဒါန်းသည့် ဆီ ၁၄၄ ပိဿာ ၅ဝ ကျပ်သားနှင့် ဆား ၁၄၄၅ ပိဿာအား လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် အလှူရှင်များက သံဃာတော်များအား လည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ဇနီးနှင့် အဖွဲ့ဝင်များက သီလရှင်ဆရာကြီးများအား လည်းကောင်း လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများ စုပေါင်း၍ ဆွမ်းဆန်တော်၊ ဆီ၊ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင်အလှူငွေများ ပေးအပ်လှူဒါန်းခြင်းများကို ၁၉၉၆ ခုနှစ်ကပင် စတင်ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်နှင့် လယ်ဝေးမြို့နယ်များ အပါအဝင် မြို့နယ်ရှစ်မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များ၊ သာသနာ့အနွယ်ဝင်သီလရှင်စာသင်တိုက်များနှင့် ဘိုးဘွားရိပ်သာများသို့ ၂ဝဝ၆ ခုနှစ်မှစတင်၍ လှူဒါန်းလျက်ရှိသည်။ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများသည် စက်တင်ဘာ ရက်က ကျင်းပသည့် လှူဒါန်းမှုအစုစုမှာ ဆွမ်းပဒေသာပင်အလှူငွေကျပ် ၁၁၈၅၂ဝဝဝ၊ ဆန် ၅၂၅ အိတ်၊ ဆီ ၁၄၄ ပိဿာ ၅ဝ ကျပ်သား၊ ပဲ ၁၄၄၅ ပိဿာ၊ ဆား ၁၄၄၅ ပိဿာ၊ ငရုတ်သီးမှုန့်မျိုးစုံ အထုပ် ၃ဝဝဝ၊ နနွင်းမှုန့်အထုပ် ၁ဝဝဝ မဆလာအထုပ် ၁ဝဝဝ၊ ငါးပိထောင်းဘူး ၅ဝဝ၊ ဆေးမျိုးစုံဘူး ၅ဝဝဝ၊ အထုပ် ၃၆ဝ နှင့် လှူဖွယ်ပစ္စည်းများအား လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

သံဃာတော်အရှင်သူမြတ်များနှင့် ရဟန်းသာမဏေများသည် ဝါတွင်းကာလပတ်လုံး မိမိတို့ကျောင်းမှာသာ သီတင်းသုံးကြရသည့် ဝိနည်းတော်ကို စောင့်ထိန်းရင်း ပရိယတ္တိသာသနာ့ဝန်ကို ဆောင်ခြင်း၊ ဒါယကာ၊ ဒါယိကာမများအား တရားဒေသနာဟောကြား၍ ဘာဝနာပွားများသည့် ပဋိပတ္တိသာသနာ့ဝန်ကို ဆောင်ခြင်းဖြင့် ထေရဝါဒဗုဒ္ဓသာသနာ ရောင်ဝါနေသို့ ထွန်းလင်းစေရန် ကြိုးပမ်းအားထုတ်တော်မူ ကြရသည်ဖြစ်ရာ ဆရာဒါယကာ ညီညွတ်ရေးအတွက် သဒ္ဓါတရားထက်သန်ကြရမည် ဖြစ်ကြောင်း မြဝတီက တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။    

 

 

Read 15 times Last modified on Thursday, 12 September 2019 09:44