SJ WorldNews - шаблон joomla Авто

အယ်ဒီတာ့အာဘော်

Sunday, 28 June 2020 10:15 font size decrease font size decrease font size increase font size increase font size

(၂ဝ၂ဝ ပြည့်နှစ်၊ ဇွန် ၂၈ ရက်)

မြန်မာနိုင်ငံ၏ ဗုဒ္ဓသာသနာသမိုင်းသည် ပုဂံခေတ်မှ ထင်ထင်ရှားရှား စတင်ခဲ့သည် ဆိုသော်လည်း ပုဂံခေတ် မတိုင်မီ ကပင်   မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာရောက်ရှိခဲ့ကြောင်း  သမိုင်းအထောက်အထားအထင် အရှားရှိပေ သည်။ ခေတ်အဆက်ဆက် ကိုယ့်ထီးကိုယ့်နန်းနှင့် ထည်ထည်ဝါဝါနေရသော အချိန်ကာလများတွင် ဗုဒ္ဓ သာသနာသည် နေအရောင်ကဲ့သို့ ထွန်းလင်းတောက်ပခဲ့သည်။ ခေတ်အဆက်ဆက်  ရဟန္တာ နှင့်ပုဂ္ဂိုလ် ထူးများ ပေါ်ပေါက်ခဲ့သည်မှာ  ပုဂံခေတ်တွင် ရှင်အရဟံမထေရ်၊ ပံံ့သကူမထေရ်၊ ငှက်ပစ်တောင်အရှင်ပဏ္ဍိတ မထေရ် အစရှိသဖြင့် လည်းကောင်း၊ ပင်းယခေတ်တွင် ရှင်ဒိဗ္ဗစက် ရဟန္တာထွေး၊ ရေငုံဆရာတပည့်(မဏိမဉ္ဇူ ဆရာတော်)စသည်ဖြင့် လည်းကောင်း၊ အင်းဝခေတ်တွင် ရွှေဥမင်နှင့် တောင်ဖီလာ ဆရာတော်စသည်ဖြင့် လည်းကောင်း၊ ကုန်းဘောင်ခေတ်တွင်  စတုဂီရိ- တောင်လေးလုံး ဆရာတော်ညီနောင်၊  ဈာနလာဘီ အရှင် မုနိန္ဒ ဃောသ စသည်ဖြင့် လည်းကောင်း ပေါ်ထွန်းခဲ့လေသည်။

ခေတ်အဆက်ဆက် ရဟန္တာ အရှင်မြတ်များ ပေါ်ထွန်းခဲ့သည့် အရေအတွက်မှာ ရေတွက်၍ ကုန်နိုင်ဖွယ် မရှိပါ။  ကုန်းဘောင် ခေတ်အဆုံးတွင် မြန်မာတို့ သူ့ကျွန်ဖြစ်ခဲ့သည်။ ထိုသူ့ကျွန်ဖြစ်ခဲ့ရသည့် ကိုလိုနီခေတ်တွင် ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ ပေါ်ပေါက်ခဲ့သည်။ အုပ်ချုပ်သူ အစိုးရသည် မိမိတို့၏ အမျိုးဘာသာသာသနာကို တန်ဖိုးထား သူများ မဟုတ်ကြ။ ဘုရားကျောင်းကန်၊ စေတီပုထိုးများပေါ်သို့ပင် ဖိနပ်စီးနင်းခဲ့ကြသည်။ သို့သော် ဆရာတော်၊ သံဃာတော် များက သာသနာကို ကာကွယ်စောင့်ရှောက်ခဲ့ကြသည်။ သာသနာ မကွယ်ပျောက် အောင် ကိုလိုနီ ခေတ်တွင် ခက်ခက်ခဲခဲ ထိန်းသိမ်းခဲ့ကြရသည်။ ထိုစဉ်က ရဟန်းရှင်လူပြည်သူများ၏ ထိန်းသိမ်း စောင့်ရှောက် ကာကွယ်နိုင်မှုကြောင့် ယနေ့ချိန်ထိ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာသည် လူအများစု ကိုးကွယ်ရာ  ဘာသာအဖြစ် တည်ရှိနေခြင်းဖြစ်သည်။

သာသနာတွင် ထင်ရှားကျော်ကြားလှသော ဆရာတော်ကြီးများသည် သာသနာတော်ကိုပြန့်ပွားအောင် ဆောင် ရွက် ခဲ့ကြသလို သာသနာတည်တံ့ခိုင်မြဲရေးအတွက်လည်း သြဝါဒများပေးခြင်း၊ လက်တွေ့လုပ်ဆောင် ခြင်းများ ပြုခဲ့ကြသည်။ စုဒ္ဒသမရွှေကျင်သာသနာပိုင်ဝါဆိုဆရာတော်ဘုရားကြီး၏ သြဝါဒများကို ပြန်လည် သတိမူ ကြည့်လျှင် သာသနာ အတွက် စိုးရိမ်စိတ်ဖြစ်ခဲ့ကြောင်း ထင်ရှားသည်။ ဆရာတော်ကြီး၏ အဓိဋ္ဌာန် ဆုတောင်း တွင် ဗုဒ္ဓဘာသာ၊ သာသနာ၊ ရောင်ဝါနေသို့၊ ထွန်းစေသောဝ်။ မြန်မာမျိုးနွယ်၊ ကမ္ဘာ့လယ်၊ ဝင့်ထည်မြင၍၊  တင့်စေသောဝ်။ ကိုယ့်မျိုး ကိုယ့်စာ၊ ကိုယ့်မြို့ရွာ၊ ကိုယ်ပါချစ်၍ မြတ်နိုးလော့။ ကိုယ့်မိကိုယ့်ဖ၊ ဉာတတ္ထ၊ များလှ တာဝန်၊ ယူကြလော့။ သူများ အကျိုးဆောင်၊ ကိုယ့်အကျိုးအောင်၊ နောက်နောင် ကျေးဇူးသိကြလော့ ဟူ၍ ဖော်ပြ ထားသည်။

မြန်မာနိုင်ငံတွင် မြန်မာတို့အတွက် အားကိုးအားထားပြုထိုက်သော အဖွဲ့အစည်းမှာ တပ်မတော်သာ ဖြစ်သည်။ တပ်မတော်တွင် မျိုးချစ်စိတ်ရှိသူများ၊ စည်းကမ်းကောင်းသူများ၊ နိုင်ငံတော်အပေါ်သစ္စာ စောင့်သိသူများ၊ စည်းလုံးညီ­ညွတ်သူများ အစရှိသဖြင့်  ဂုဏ်အင်္ဂါ အစဉ်အလာကောင်းများနှင့်ပြည့်စုံကြသူများစုစည်းထား သည်။ သာသနာရေးဆိုင်ရာများတွင် ထေရ်ကြီးဝါကြီးဆရာတော်ကြီးများက တပ်မတော်ကို အားထားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည်  မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်းကြီး (့ြဗြ)၏ ရာသက်ပန် နာယက ကြီးဖြစ်သည်။

ဇွန်၂၂ ရက်က ရုရှားဖက်ဒရေးရှင်း နိုင်ငံတွင် ရောက်ရှိနေသည့်  တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်  ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၄ရက်  မွန်းလွဲ ပိုင်းတွင် မော်စကိုမြို့ရှိ မြန်မာထေရဝါဒ ဗုဒ္ဓဝိဟာရ (မော်စကို)သို့ သွားရောက်ပြီး ကျောင်းထိုင် ဆရာတော် မဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ အစ္ဆရိယအား ဖူးမြော်ကြည်ညို ကြသည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ(မော်စကို) ကျောင်းထိုင်ဆရာတော်ထံ သာသနာရေး ဆိုင်ရာများ၊ မော်စကိုမြို့ အနောက်ဘက် ကာလူးဂါမြို့အနီးရှိ ကမ္ဘာ့ရွာ ယဉ်ကျေးမှုပေါင်းစုံ ပြတိုက်ပန်းခြံအတွင်း သီတဂူဆရာတော်ကြီး၏ ဦးဆောင်မှုဖြင့် ရွှေစည်းခုံ စေတီတော် ပုံစံတူတည်ထား ကိုးကွယ်ရန် ဆောင်ရွက်နေမှု အခြေ အနေများအား တင်ပြလျှောက်ထားကြပြီး လှူဖွယ်ပစ္စည်းများ၊ နဝကမ္မ အလှူငွေများနှင့် ဆရာတော်ကြီး များ၏ ဓမ္မလက်ဆောင်များအား ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှု အစုစု အတွက်  ရေစက်သွန်းချ အမျှပေး ဝေကြသည်။

ထိုသတင်းမှာ ရဟန်းရှင်လူ ပြည်သူများအတွက် အထူးဝမ်းမြောက် ကြည်နူးဖွယ် သတင်းတစ်ရပ်ဖြစ်သည်။ စုဒ္ဒသ မရွှေကျင် သာသနာပိုင်ဝါဆို ဆရာတော် ဘုရားကြီး အဓိဋ္ဌာန် ဆုတောင်းဖြစ်သည့် မြန်မာမျိုးနွယ် ကမ္ဘာ့လယ်၊ ဝင့်ထည်မြင့်၍ တင့်စေသောဝ်ဆိုသည့် အတိုင်း ဖြစ်လာနေပြီဖြစ်ကြောင်း မြဝတီက ဝမ်းသာစကား  ပါးလိုက် ရပေသည်။  

Read 28 times Last modified on Sunday, 28 June 2020 10:17