SJ WorldNews - шаблон joomla Авто

အရှေ့တောင်အာရှနှင့် အမေရိကန်တို့၏ ပထမဆုံးအကြိမ်ပူးတွဲ ရေတပ်စစ်ရေးလေ့ကျင့်ခန်းစတင်

Tuesday, 03 September 2019 09:31 font size decrease font size decrease font size increase font size increase font size

အမေရိကန်နိုင်ငံသည် အင်ဒို-ပစိဖိတ်မဟာဗျူဟာကို တစိုက်မတ်မတ်အကောင် အထည်ဖော်လာသည့်အလျောက် ထိုဒေသအတွင်း ပါဝင်သည့်  အရှေ့တောင်အာရှနိုင်ငံများနှင့်လည်း ဆက်ဆံရေးကိုတိုးမြှင့်လာသည်။ အဆိုပါ ဆက်ဆံရေးတွင် စစ်ဘက်ဆက်ဆံရေးလည်း အပါအဝင်ဖြစ်သည်။

ယခင်က  အမေရိကန်သည်  အရှေ့တောင်အာရှဒေသရှိ နိုင်ငံအချို့နှင့်နှစ်နိုင်ငံကြား ပူးတွဲစစ်ရေး လေ့ကျင့်မှုများကိုသာ လုပ်ဆောင်ခဲ့သည်။ သို့သော် ယခုအခါ ပထမဆုံးအကြိမ်အဖြစ် အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့(အာဆီယံ)မှအဖွဲ့ဝင် ၁ဝ နိုင်ငံ စလုံးပါဝင်သည့်    ပူးတွဲရေတပ်စစ်ရေး လေ့ကျင့်ခန်းကို စတင်လိုက်ပြီဖြစ်သည်။

စစ်ရေယာဉ်ရှစ်စင်း၊ လေယာဉ်လေးစင်းနှင့် စစ်သည် ၁ဝဝဝ ကျော်ပါဝင်ပြီး ASE-AN-US Maritime Exercise (AUMX) ဟုအမည်ပေးထားသည့် အဆိုပါစစ်ရေးလေ့ကျင့်ခန်းကို စက်တင်ဘာ ၂ ရက်တွင် စတင်ပြုလုပ်သည်။ ငါးရက်ကြာမြင့်မည့် အဆိုပါ စစ်ရေးလေ့ကျင့်ခန်းကို ထိုင်းနိုင်ငံရှိ ဆတ်တာဟစ်ရေတပ်အခြေစိုက်စခန်းမှ စတင်ကာ စင်ကာပူနိုင်ငံ၌ အဆုံးသတ်မည် ဖြစ်သည်။

ထိုစစ်ရေးလေ့ကျင့်ခန်းကို အမေရိကန်ကခေါင်းဆောင်ခြင်းဖြစ်ပြီး လက်ရှိအာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ထိုင်းနိုင်ငံက ပူးတွဲခေါင်းဆောင်အဖြစ်ပါဝင်ခြင်း ဖြစ်သည်။ စစ်ရေးလေ့ကျင့်ခန်းကို ထိုင်းပင်လယ်ကွေ့ နှင့် တောင်တရုတ်ပင်လယ်အတွင်းအပါအဝင် အရှေ့တောင်အာရှဒေသတွင်းရှိ နိုင်ငံတကာရေပိုင်နက်များ ၌ပြုလုပ်သွားမည်ဖြစ်သည်။

'' AUMX စစ်ရေးလေ့ကျင့်ခန်းဟာဆိုရင် အာဆီယံရဲ့ရေကြောင်းလုံခြုံရေးကို ကြီးမားစေမည်သာမက မိမိတို့ကြားရှိ ရေတပ် အချင်းချင်းဆက်ဆံရေးကိုလည်း ခိုင်မာစေမှာဖြစ်ပါတယ်။ ဒါ့ပြင် လွတ်လပ်ပြီးပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသတစ်ခုဖြစ်ပေါ်လာစေရေးဆောင်ရွက်ချက်ကိုလည်း ပိုမိုတွန်းအားပေးမှာဖြစ်ပါတယ်'' ဟု အရှေ့တောင်အာရှဒေသ အတွင်းရှိ အမေရိကန်ရေတပ်၏ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုကွပ်ကဲရသည့်   ရေတပ်ဗိုလ်ချုပ်ဂျီုအီတင့်ကပြောသည်။

အဆိုပါ စစ်ရေးလေ့ကျင့်ခန်းတွင် အာဆီယံ ၁ဝ နိုင်ငံနှင့် အမေရိကန်ရေတပ်တို့က ပူးပေါင်းအထူးတပ်ဖွဲ့ပုံစံဖြင့်    စစ်ရေးလေ့ကျင့်သွားမည်ဖြစ်သည်။ ထိုစစ်ရေးလေ့ကျင့်မှုများတွင် လည်ပတ်ခြင်း၊ စီးနင်းခြင်းနှင့် ရှာဖွေသိမ်းဆည်းခြင်း၊  ရေကြောင်းနယ်ပယ်သတိရှိမှု၊ တပ်မဟာအဆင့်နည်းဗျူဟာများနှင့် သင်္ဘောများကိုခြေရာခံလိုက်ခြင်း ကဲ့သို့သောနယ်ပယ်များတွင် အပြန်အလှန်   ချိတ်ဆက်ဆောင်ရွက်နိုင်မှုကို အားဖြည့်ပေးမည့် ဖြစ်ရပ်မှန်အခြေအနေပုံစံများဖြင့် လေ့ကျင့်မှုများလည်း ပါဝင်သည်။

အထူးတပ်ဖွဲ့ဌာနချုပ်ကို တော်ဝင်ထိုင်းရေတပ်မှ  HTMS Krabi စစ်ရေယာဉ်၌ ထားရှိမည်ဖြစ်ပြီး ဌာနချုပ်တွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် အမေရိကန်နိုင်ငံတို့မှ ကိုယ်စားလှယ်များ  ပါဝင်မည်ဖြစ်သည်။ အလားတူ မြေပြင်ထောက်ပံ့ ရေးဌာနကို စင်ကာပူနိုင်ငံ၌ထားရှိကာ သက်ဆိုင်ရာနိုင်ငံများမှ ကိုယ်စားလှယ်တစ်ဦးစီ ပါရှိမည်ဖြစ်သည်။

အဆိုပါ    ပထမဆုံးအကြိမ်စစ်ရေး လေ့ကျင့်ခန်းဆောင်ရွက်ရန်အတွက် ၂ဝ၁၇ ခုနှစ် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတွင်တင်ပြခြင်းဖြစ်ပြီး ၂ဝ၁၈ ခုနှစ်အစည်းအဝေးတွင် အတည်ပြုနိုင်ကာ  ၂ဝ၁၉ ခုနှစ်တွင် စတင်ကျင်းပခြင်း ဖြစ်သည်။

Ref: Nation Thailand, CNA

ထက်မြက်

Read 46 times Last modified on Tuesday, 03 September 2019 09:32