SJ WorldNews - шаблон joomla Авто

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ စည်းကမ်းဖောက်ဖျက်မှု၊ ငြိမ်းချမ်းရေး ဆောင်ရွက်နေမှု၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ပြည်ပချစ်ကြည်ရေးခရီး သွားရောက်ခဲ့မှုများ၊ သံတမန် တွေ့ဆုံမှုများနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ မှတ်တမ်း

Friday, 24 January 2020 11:20 font size decrease font size decrease font size increase font size increase font size

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ စည်းကမ်းဖောက်ဖျက်မှု၊ ငြိမ်းချမ်းရေး ဆောင်ရွက်နေမှု၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ပြည်ပချစ်ကြည်ရေးခရီး သွားရောက်ခဲ့မှုများ၊ သံတမန် တွေ့ဆုံမှုများနှင့် ပတ်သက်၍ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့နှင့် သတင်းမီဒီယာများ ပြုလုပ်သည့်သတင်းစာ ရှင်းလင်းပွဲ မှတ်တမ်း

နေပြည်တော်    ဇန်န၀ါရီ   ၂၃

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့သည်   တိုင်းစစ်ဌာနချုပ် နယ်မြေ ၅ ခုတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ စည်းကမ်း ဖောက်ဖျက်မှု၊ ငြိမ်းချမ်းရေး ဆောင်ရွက်နေမှု၊  တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ပြည်ပချစ်ကြည်ရေးခရီး သွားရောက်ခဲ့မှုများ၊ သံတမန် တွေ့ဆုံမှုများနှင့် ပတ်သက်၍  သတင်းစာ ရှင်းလင်းပွဲအား ၂၀၂၀ ပြည့်နှစ်၊ ဇန်န၀ါရီလ ၂၃ ရက် နံနက် ၉ နာရီမှ ၁၀ နာရီ မိနစ် ၄၀ အထိ နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ တပ်မတော် သတင်းမှန် ပြန်ကြားရေး ကော်မတီအဖွဲ့ဝင် ၁၆ ဦးနှင့် သတင်းမီဒီယာ ၂၇ ခုမှ သတင်းထောက် ၄၉ ဦး တက်ရောက်ခဲ့ကြသည်။

သတင်းစာ ရှင်းလင်းပွဲတွင် တက်ရောက်လာသည့်  သတင်းထောက်များမှ  သိလိုသည်များကို မေးမြန်းခဲ့ကြရာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၊   ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီ၊ စစ်ဥပဒေချုပ်ရုံးမှ ဗိုလ်ချုပ် သောင်းနိုင်နှင့်   တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၊ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့က   ပြန်လည်ဖြေကြားသည်။

သတင်းထောက်များ၏ မေးမြန်းမှုများကို တာဝန်ရှိသူတို့က ပြန်လည်ဖြေကြားချက်များအား အောက်ပါအတိုင်း ကောက်နုတ် ဖော်ပြအပ်ပါသည်-

News Watch သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းက  ဇန်န၀ါရီလ ၁၆  ရက်နေ့တွင် ကျင်းပခဲ့သည့် YRTA ပါတီ၏  ၃ နှစ်ပြည့် အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး   ၀န်ကြီးချုပ်က မိန့်ခွန်းပြောကြားရာမှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းအပေါ်မှာ   တပ်မတော်ရဲ့ သဘောထားအမြင် သိချင်ပါကြောင်း၊ နောက်မေးခွန်း တစ်ခုက နယ်စပ်ခြံစည်းရိုးကို တပ်မတော်က လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေရဲ့ ပြီးစီးမှုအခြေအနေကို   သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည် ဖြေကြားရာတွင်   ပထမမေးခွန်း အသုံးအနှုန်း ကိစ္စနှင့် ပတ်သက်ပြီး     ပြောလိုကြောင်း၊ ဥပမာတစ်ခုကို အားလုံးစဉ်းစား ဆင်ခြင်နိုင်အောင် ပြောလိုကြောင်း၊ ၂၁ ရာစုကို အနောက်တိုင်း သိပ္ပံပညာရှင်များနှင့် နိုင်ငံရေးပညာရှင်များက ဒီမိုကရေစီရာစုနှစ်အဖြစ် သတ်မှတ်ကြောင်း၊ ဒီမိုကရေစီ နှင့် လစ်ဘရယ်က တော်တော်ထွန်းကားလာမည်ဟု သတ်မှတ်ကြောင်း၊ ဒါကို ထူးထူးခြားခြား အာရှ၏ Realism ဖြစ်သည့် လီကွမ်ယုက အဲဒီလို မသတ်မှတ်ကြောင်း၊ Democracy တော့မဖြစ်နိုင်ကြောင်း၊ Demography ပဲဖြစ်မည်ဟု ပြောကြောင်း၊  Demography ဆိုတာ လူဦးရေ အတိုးအလျှော့   လူဦးရေ အဆုတ်အတင်းကို လေ့လာသည့် ပညာရပ်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် အခြားနိုင်ငံများ၏ ပြဿနာက လူဦးရေကျုံ့ခြင်း(Population Implosion)ဖြစ်ပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေ၊ ဖွံ့ဖြိုးမှု နောက်ကျတဲ့ နိုင်ငံတွေရဲ့ပြဿနာက လူဦးရေ ပေါက်ကွဲမှု (Population Explosion) ဖြစ်ကြောင်း၊ အဲဒီပြဿနာ နှစ်ရပ်ကြောင့် ကမ်္ဘာကြီးတည်ငြိမ်မှုနှင့် လုံခြုံမှုကို ထိခိုက်စေသည်ဟု သုံးသပ်ထားကြောင်း၊ ဒါကြောင့် နိုင်ငံတော် အစိုးရမှ Demography နှင့် ဆက်စပ်နေသည့် အရာများကို  သေချာဂရုစိုက်သင့်သည်ဟု အကြံပြုထားကြောင်း၊ မည်သည့်အစိုးရမဆို မွေးဖွားနှုန်းနှင့် သေနှုန်းတွေ၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေ၊ နိုင်ငံသား ဥပဒေများကို ခိုင်ခိုင်မာမာ ကိုင်တွယ်ဖို့ လိုအပ်ကြောင်း၊ ခိုင်ခိုင်မာမာ ကိုင်တွယ် ထိန်းချုပ်နိုင်ရမည်ဖြစ်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေများ၊ နိုင်ငံသားဖြစ်မှု ဥပဒေများသည် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် သက်ဆိုင်ကြောင်း၊ နိုင်ငံတကာ၏ ဖိအားပေးခြင်း လုံးဝ(လုံးဝ) မလုပ်သင့်ပါဘူးဟု ပြောထားကြောင်း၊ ဒါက စဉ်းစားဆင်ခြင်နိုင်ရန် ပြောခြင်းဖြစ်ကြောင်း၊ Realism  အရ  ပြောခြင်းဖြစ်ကြောင်း၊ အသုံးအနှုန်းနှင့် ပတ်သက်ပြီး တပ်မတော်၏ သဘောထားကို အကြိမ်ကြိမ် ထုတ်ပြောပြီးဖြစ်ကြောင်း၊ ယခင်ဗြိတိသျှ လက်ထက်ကတည်းက    ရခိုင်ပြည်နယ်အတွင်း သန်းခေါင်စာရင်း ၃ ကြိမ်ခန့် ကောက်ယူဖူးကြောင်း၊ အသုံးအနှုန်းနှင့် ပတ်သက်၍ ပြန်လည်ရှာကြည့်ရန် လိုကြောင်း၊ ယခင်အစိုးရ လက်ထက်ကတည်းက ၎င်းအသုံးအနှုန်းနှင့် ပတ်သက်ပြီး ဂရုတစိုက်သုံးနှုန်းကြောင်း၊   အချို့အသုံးအနှုန်းများသည် အကဲဆတ်သည့်  အသုံးအနှုန်းများဖြစ်၍ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ အမျိုးမျိုး ကွဲပြားလာသည့်အခါ အဓိပ္ပာယ်အမျိုးမျိုး သက်ရောက်နိုင်သဖြင့် စဉ်းစားဆင်ခြင်နိုင်ပါက ပိုမိုကောင်းမွန်မည်ဟုသာ    ပြောလိုပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ဆောင်ရွက်နေသည့် နယ်စပ်ခြံစည်းရိုးသည် ဒီဘက်ခေတ်မှ လုပ်ဆောင်ခြင်း မဟုတ်ကြောင်း၊ ယခင်တပ်မတော် အစိုးရလက်ထက်ကတည်းက ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အဆင့် ၄ ဆင့်ဖြင့် ဆောင်ရွက်နေကြောင်း၊ ယခုအချိန်တွင် စတုတ္ထအဆင့်ကို ရောက်ရှိနေပြီဖြစ်ကြောင်း၊ ရည်မှန်းချက်က မြန်မာ-အိန်္ဒိယ- ဘင်္ဂလားဒေ့ရှ် ၃ နိုင်ငံ နယ်စပ်ထိသွားမှာဖြစ်ကြောင်း၊ ယခုအချိန်တွင် ဘီပီ ၆၇၊ ၆၈ အထိ ရောက်ရှိနေပြီဖြစ်ကြောင်း၊ နောက်ထပ်လည်း ဆက်လက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များလည်း ရှိကြောင်း၊ ကျန်ရှိတဲ့ အပိုင်းများသည် တောတောင်ထူထပ်သည့် နေရာများဖြစ်ကြောင်း၊ အဆိုပါဒေသများ၏ နယ်မြေ အခြေအနေသည် မိမိတို့နှင့် ဘင်္ဂလားဒေ့ရှ် အကြားတွင် နတ်မြစ်အတိုင်း ရေပြင်နယ်နိမိတ် ရှိပြီး  ဆုံးသွားရင်  ကုန်းနယ်နိမိတ်နှင့် ဆက်သွားကြောင်း၊ ကုန်းနယ်နိမိတ်တွင်  တောတောင် မထူထပ်သည့် နေရာအားလုံး     ပြီးစီးပြီဖြစ်ကြောင်း၊ ဆက်လက် ဆောင်ရွက်လျက်ရှိရာတွင် အခက်အခဲတစ်ခုမှာ မီဒီယာများကို ရှင်းပြထားသည့်အတိုင်း ၂၀၁၉ နှစ်ဆန်းပိုင်းလောက်တွင်  နယ်စပ်ခြံစည်းရိုး ဆောက်လုပ်ရေး အဖွဲ့များကို  AA အကြမ်းဖက်သောင်းကျန်းသူများမှ တိုက်ခိုက်သွားတာ ရှိကြောင်း၊  သို့သော်  စက်ယန္တရားတွေ ပြန်လည်ဖြည့်တင်းပြီး လုပ်ငန်းကို အဆက်မပြတ် ဆက်လက်ဆောင်ရွက်နေကြောင်း၊ လုပ်ငန်း ဆောင်ရွက်သည့်အခါမှာ   အခုအချိန်၌ လုံခြုံရေးကို ဂရုစိုက်ပြီး တိုးတက်မှုရှိအောင်   ဆောင်ရွက်နေကြောင်းဖြင့် ပြန်လည်ဖြေကြားသည်။

ဧရာဝတီသတင်းဌာနမှ သတင်းထောက် ဦးထက်နိုင်ဇော်က ပြီးခဲ့တဲ့ အပတ်က သမ္မတရုံးက ထုတ်ပြန်ခဲ့တဲ့ ICOE အစီရင်ခံစာတွင် ပါဝင်သည့် မင်းကြီး၊ ချွတ်ပြင်၊ မောင်နုရွာတွေမှာ ဖြစ်ခဲ့တဲ့ အရပ်သားသေဆုံးမှု၊ နေအိမ် မီးရှို့မှုတွေအတွက် တပ်မတော်အနေဖြင့် စစ်ဆေးမှုတွေ ဘယ်တော့လောက် စတင်မလဲ သိချင်ပါကြောင်း၊ နောက်တစ်ခု အနေဖြင့် ICOE အစီရင်ခံစာ စစ်ဆေးမှုတွေ လုပ်မယ်ဆိုရင် စစ်ဘက်တရားရုံးနှင့် စစ်မှာလား၊ အရပ်ဘက် တရားရုံးနှင့်စစ်မှာလား၊ အများပြည်သူ တက်ရောက်ခွင့်ရှိ၊မရှိ သိချင်ပါကြောင်း မေးမြန်းသည်။

စစ်ဥပဒေချုပ်ရုံးမှ ဗိုလ်ချုပ်သောင်းနိုင်က ဖြေကြားရာတွင် ICOE အစီရင်ခံစာက အခုမှ ထုတ်တာဖြစ်ကြောင်း၊ အစီရင်ခံစာတွင် စာမျက်နှာ ၄၅၀ ကျော်လောက်ရှိပြီး ဒါတွေကို အသေးစိတ် လေ့လာပြီး စုံစမ်းစစ်ဆေးရေး ခုံရုံးဆက်ပြီး ပြုလုပ်သွားဖို့ ရှိပါကြောင်း၊ တပ်မတော်သားများ ကျူးလွန်ခဲ့တဲ့ ပြစ်မှုများရှိခဲ့လျှင်  စစ်ဘက်ဆိုင်ရာ တရားစီရင်ရေး လုပ်ထုံးလုပ်နည်းအတိုင်း  စစ်ဘက်တရားစီရင်ရေး မူဘောင်အတွင်းက  လုပ်ဆောင်သွားမှာဖြစ်ပါကြောင်း ဖြေကြားသည်။

ဆက်လက်၍ ဧရာဝတီသတင်းဌာနမှ သတင်းထောက် ဦးထက်နိုင်ဇော်က ပြီးခဲ့တဲ့ ဂူတာပြင်ကိစ္စနှင့် ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ်က စစ်နေတာတွေ ရှိကြောင်း၊ နောက်ဆုံး အခြေအနေလေး ထုတ်ပြန်လို့ရရင် သိရှိလိုပါကြောင်း မေးမြန်းသည်။

စစ်ဥပဒေချုပ်ရုံးမှ ဗိုလ်ချုပ်သောင်းနိုင်က ဂူတာပြင်ကိစ္စနှင့် ပတ်သက်ပြီး အခုဆိုရင် တရားလိုဘက် သက်သေများ စစ်ဆေးပြီး တရားခံကို ဆက်လက် စစ်ဆေးသွားမည် ဖြစ်ပါကြောင်း၊ Court Martial  နှင့်စစ်ပြီးရင် တရားဝင်သတင်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ဆက်လက်ပြီး ဧရာဝတီ သတင်းဌာနမှ သတင်းထောက် ဦးထက်နိုင်ဇော်က ICOE ကိစ္စနဲ့ပတ်သက်ပြီး မေးချင်တာက အရင်တုန်းကဆိုရင်  ထင်ရှားတဲ့  Cause   တွေ အနေနဲ့ အင်းဒင်ဖြစ်တယ်၊ နောက်ဂူတာပြင်၊ နောက်ပိုင်း နာမည်အသစ်တွေနဲ့    ထပ်ပေါ်လာကြောင်း၊ တပ်မတော်အနေနဲ့   ဒီလိုဖြစ်စဉ်တွေကို မီဒီယာတွေမှာ ဖော်ပြမှဖြစ်စေ၊ အစိုးရရဲ့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာမှာပဲဖြစ်စေပေါ့၊   ဒါတွေမှ မဟုတ်ဘဲ တပ်မတော်အနေနဲ့   သီးခြား ပြန်လည်စိစစ်ဖော်ထုတ် သုံးသပ်တာမျိုး ရှိလား၊ အဲဒီလိုမျိုး ကော်မရှင် ရှိခဲ့မယ်ဆိုရင်ဘယ်လိုအဆင့်တွေ တာဝန်ယူဆောင်ရွက်နေလဲ ဆိုတာ သိချင်ပါကြောင်း  မေးမြန်းသည်။

စစ်ဥပဒေချုပ်ရုံးမှ ဗိုလ်ချုပ်သောင်းနိုင်က ဗိုလ်ချုပ်မြတ်ကျော် ဦးစီးတဲ့ စုံစမ်းစစ်ဆေးရေး ခုံရုံးဆိုတာ ရှိပါကြောင်း၊ အခုဆိုရင်  ICOE အစီရင်ခံစာ ထုတ်လာသည့်အပေါ်မှာ  ဂူတာပြင်မှာ လုပ်ခဲ့တဲ့ စုံစမ်းစစ်ဆေးရေး ခုံရုံးကဖြစ်ဖြစ်၊ သီးခြားခုံရုံးမှာဖြစ်ဖြစ် ဆက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း ဖြေကြားသည်။

ဧရာဝတီသတင်းဌာနမှ သတင်းထောက် ဦးထက်နိုင်ဇော်က ဆက်လက် မေးမြန်းရာတွင် ကချင်နှင့်ရခိုင်မှာ တိုက်ပွဲရှောင်ဒုက္ခသည် စခန်းတွေ များနေပါကြောင်း၊ တရုတ်သမ္မတ ခရီးစဉ်မှာလည်း  နှစ်နိုင်ငံအကြား ဒုက္ခသည်များ နေရပ်ပြန်ရေး ဆွေးနွေးခဲ့တယ်လို့ သိရပါကြောင်း၊ တပ်မတော်အနေဖြင့် ဒုက္ခသည်များ နေရပ်ပြန်ရေးအတွက် ဘာတွေ ဆက်လုပ်သွားမယ်ဆိုတာ   သိရှိလိုပါကြောင်း မေးမြန်းသည်။     

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တပ်မတော်အနေဖြင့်   လက်နက်ကိုင် ပဋိပက္ခများကြောင်း၊ ပြည်တွင်းလှည့်လည် တိမ်းရှောင်နေသူများနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ၏ ပြည်တွင်းလှည့်လည် တိမ်းရှောင်ခြင်းကြောင့် အိုးအိမ်မဲ့များအပေါ် လမ်းညွှန်စည်းမျဉ်း (Guiding   Principles  on Internal Displacement) အတိုင်း လိုက်နာဆောင်ရွက်လျက် ရှိပါကြောင်း၊ တပ်မတော်အနေဖြင့် နေရပ်စွန့်ခွာသူများရဲ့ IDPs စခန်းတွေနှင့် ပတ်သက်ပြီး     ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း INGO ၊ NGO အခြားစေတနာရှင်တွေ    လှူဒါန်းသည့် ပစ္စည်းများကို လွယ်ကူစွာ ပို့ဆောင်ပေးနိုင်ရေး လိုအပ်လာလျှင် လုံခြုံရေးနှင့် ပတ်သက်ပြီး   ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အချို့နေရာများမှာ အခက်အခဲများ အနေဖြင့် လက်နက်ကိုင် သောင်းကျန်းသူများနှင့်  ထိတွေ့မှုဖြစ်ပွားသည့် အခါတိုင်းတွင် ၎င်းတို့ဆုံးရှုံးမှု နည်းစေရန်နှင့် အပြီးအပိုင် ချေမှုန်းခြင်း မခံရစေရန်အတွက် နယ်မြေအတွင်းမှာ ဒေသခံတွေကို အကာအကွယ်ရယူတဲ့ ပုံစံမျိုးတွေရှိပါကြောင်း၊ အချို့နေရာများမှာ ၎င်းတို့၏ စခန်းဝန်းကျင်များတွင် ဒေသခံ ရွာသူ၊ ရွာသားများကို ဒုက္ခသည် စခန်းများ နေထိုင် ဖွင့်လှစ်စေခြင်းကိုလည်း    တွေ့ရကြောင်း၊ ဒုက္ခသည်စခန်းများမှ    ရိက္ခာဆေးဝါး အသုံးအဆောင်ပစ္စည်းများကို ရယူနိုင်အောင် ဆောင်ရွက်နေတာ ရှိပါကြောင်း၊ ဥပမာအနေဖြင့်     တချို့စခန်းတွေကို သိမ်းပိုက်ရမိတဲ့အခါမှာ  သိမ်းပိုက်ရရှိတဲ့ ပစ္စည်းတွေက  IDPs စခန်းတွေကို ထောက်ပံ့တဲ့ ပစ္စည်းများဖြစ်ပြီး   ဘယ်လိုတံဆိပ်တွေ ပါတယ်ဆိုတာကိုလည်း သတင်းထုတ်ပြန်ထားပြီး ဖြစ်ပါကြောင်း၊ တပ်မတော် အနေဖြင့် တိုက်ပွဲရှောင်များနှင့် ပတ်သက်ပြီး နေရပ်ပြန်နိုင်ရေး အတွက် ပိုပြီး အလိုရှိပါကြောင်း၊ လက်တွေ့လည်း ကူညီဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊   ကချင်ပြည်နယ်ရှိ တိုက်ပွဲရှောင် စခန်းကနေ ရွာတစ်ရွာအား ပြန်လည် အခြေပြုတဲ့အခါမှာ ရွာနှင့် ပတ်သက်တဲ့ လုံခြုံရေး၊ ရွာအနီးအနားတွင် ပေါက်ကွဲစေတတ်သော  မိုင်းနှင့် ပတ်သက်သော အရာများ ရှင်းလင်း ဆောင်ရွက်ရေးအား လုပ်ဆောင်ပေးခဲ့ပါကြောင်း၊  ကချင်ပြည်နယ်တွင်  IDPs ကိစ္စနှင့် ပတ်သက်ပြီး ဂျပန်နိုင်ငံမှ ဒေါ်လာ ၅ သန်း လှူဒါန်းထားသည်ဟု သိရှိရပါကြောင်း၊ ဒါကြောင့် ကချင်ပြည်နယ်မှာရှိတဲ့ တိုက်ပွဲရှောင် စခန်းများနှင့် ပတ်သက်ပြီး    မကြာခင်မှာ တိုးတက်ကောင်းမွန်ပြီး နေရပ်ကို ပြန်လည်အခြေချနေမှုတွေ ရှိနိုင်တယ်လို့မျှော်လင့်ပါကြောင်း၊ ရခိုင်ပြည်နယ်မှာရှိတဲ့ IDPs စခန်းများ ဖြစ်လာတာဟာ    တပ်မတော်အနေဖြင့် ပြုလုပ်တာ မဟုတ်ပါကြောင်း၊ ရခိုင်ပြည်နယ်သည် ယခင်က ပြောခဲ့သည့်အတိုင်း ARSA အကြမ်းဖက် သောင်းကျန်းသူ မပေါ်ပေါက်ခင်က  ငြိမ်းချမ်းတဲ့ နယ်မြေတစ်ခုဖြစ်ခဲ့ပါကြောင်း၊ AA အကြမ်းဖက် သောင်းကျန်းသူများ ပေါ်ပေါက်လာသည့် အချိန်အခါမှ တိုက်ပွဲရှောင်စခန်းများ ပေါ်ပေါက်လာခဲ့ပါကြောင်း၊  ဒါနှင့်ပတ်သက်ပြီး   တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတနှင့်  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့   တွေ့ဆုံစဉ်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားခဲ့တာ ရှိပါကြောင်း၊   နိုင်ငံတစ်နိုင်ငံ တည်ငြိမ်အေးချမ်းဖို့၊ ဥပဒေနှင့်အညီ ဖြစ်စေဖို့အတွက်   အစိုးရ၏ ထိန်းချုပ်မှုက အရေးပါကြောင်း၊ နိုင်ငံမှာလည်း တည်ငြိမ်အေးချမ်းမှု ရှိအောင် နည်းမျိုးစုံဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း၊     ငြိမ်းချမ်းရေးဆောင်ရွက်ရာမှာလည်း ဥပဒေနှင့်အညီသာ ဆောင်ရွက်ရန် လိုအပ်မည်ကို   တိုင်းရင်းသား အားလုံးက လက်ခံနားလည်ဖို့ လိုအပ်သည်ဟု ဆွေးနွေးခဲ့ပါကြောင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို    ဆန့်ကျင်တဲ့ အကြမ်းဖက်မှုဟူသမျှကို    ဘယ်နိုင်ငံမှ လက်မခံပါကြောင်း၊    ပိုမိုဆိုးရွားသည့် အချက်မှာ အစိုးရကို ဆန့်ကျင်ပြီး လက်နက်ကိုင် သောင်းကျန်းမှုကို ပိုမိုလက်မခံနိုင်ပါကြောင်း၊ အဆွေတော် သမ္မတကြီးကလည်း တိုက်တွန်းအားပေးရန် မေတ္တာရပ်ခံလိုပါသည်ဟု ပြောကြားခဲ့ကြောင်း၊     တရုတ်သမ္မတကြီးကလည်း တရုတ်နိုင်ငံ နယ်မြေကို အခြေပြု၍ မြန်မာနိုင်ငံကို ဆန့်ကျင်သည့်အဖွဲ့အစည်း/ လုပ်ရပ်များကိုလက်မခံဟု ပြန်လည် ပြောကြားခဲ့ကြောင်း၊ ရခိုင်ပြည်နယ်မှာ တိုက်ပွဲရှောင် စခန်းများနှင့် ပတ်သက်ပြီး ဒါတွေသည် ဘယ်သူ့ကြောင့်ဖြစ်တယ် ဆိုတာ အားလုံးသိပြီး ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်ရှိ     တိုက်ပွဲရှောင် စခန်းများနှင့် ပတ်သက်ပြီး တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများမှ လွန်ခဲ့သော နှစ်လလောက်က ပထမဦးဆုံး စတင်လှူဒါန်းမှု ပြုလုပ်ခဲ့ပါကြောင်း၊ တပ်မတော် အနေဖြင့် တိုင်းရင်းသားများ၏ အရေးနှင့် ပတ်သက်လာလျှင် အမြဲတမ်းဂရုစိုက်ပြီး လုပ်ဆောင်ပေးလျက် ရှိပါကြောင်း၊   ဒို့တာဝန်အရေးသုံးပါးနှင့် ပတ်သက်လာလျှင်   အမြဲတမ်း ကာကွယ် စောင့်ရှောက်လျက် ရှိပါကြောင်း၊  အခြေခံ ကျတဲ့   တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် ပတ်သက်လာလျှင် တပ်မတော်သားတိုင်း၏ စိတ်ထဲမှာ အမြဲတမ်း ထာဝရ ရှိနေပါကြောင်း၊ ဒါ့ကြောင့် တိုင်းရင်းသားကိစ္စများနှင့် ပတ်သက်လာလျှင် ပိုမိုဂရုစိုက် ဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားသည်။

ဧရာဝတီသတင်းဌာနမှ သတင်းထောက် ဦးထက်နိုင်ဇော်က ဆက်လက် မေးမြန်းရာတွင် ပြီးခဲ့တဲ့ ရက်ပိုင်းက KNU က သူတို့စခန်းတွေကို Drone တွေလွှတ်ပြီး စုံစမ်းတယ်လို့ JMCကို အကြောင်းကြားစာ ပို့တယ်၊ ဒါ့အပြင် ပြီးခဲ့တဲ့ နှစ်ပတ်၊သုံးပတ်လောက်က AA က ထုတ်ပြန်ချက်တွေထဲမှာ တပ်မတော်မှ Drone တွေနဲ့ တိုက်ခိုက်တယ်လို့ ကြားသိခဲ့ရပါကြောင်း၊ တပ်မတော်အနေဖြင့်  Drone တွေ အသုံးပြုပါသလား၊ အသုံးပြုတယ်ဆိုရင် ဘယ်လိုနေရာမျိုးတွေမှာ သုံးသလဲဆိုတာ   သိချင်ပါကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆက်လက်ဖြေကြားရာတွင် တပ်မတော်မှာ Drone နှင့်ပတ်သက်ပြီး သုတေသနပြုလုပ် ဆောင်ရွက်လျက်သာ ရှိပါကြောင်း၊ လက်ရှိအနေဖြင့် အသုံးပြုနေတဲ့ Drone များမှာ ဈေးကွက်အတွင်းတွင် ၀ယ်ယူလို့ရသော၊  ဓာတ်ပုံရိုက်နိုင်သော၊ ဗီဒီယိုရိုက်နိုင်သော Drone များကိုသာ  အသုံးပြုလျက် ရှိပါကြောင်း၊ အဆိုပါ Drone များအား တပ်ရင်းနှင့် တပ်ဖွဲ့များမှာ မိမိအစီအစဉ်ဖြင့် ၀ယ်ယူထားတာတွေ ရှိပါကြောင်း၊ ဒါကလည်း တပ်ရဲ့လုံခြုံရေး၊ သူတို့သွားတဲ့ နယ်မြေဒေသရဲ့  လုံခြုံရေး၊ စခန်းလုံခြုံရေး အသုံးပြုရန်အတွက် ဓာတ်ပုံရိုက်ကူးရန် ၀ယ်ယူအသုံးပြုခြင်း ဖြစ်ပါကြောင်း၊  မြန်မာနိုင်ငံအတွင်း ရှိနေတဲ့ စခန်းများအား ဘယ်နေရာတွင် ဘယ်စခန်း ရှိနေတယ်ဆိုတာ  သိရှိပြီးဖြစ်တဲ့ အတွက် Drone များဖြင့်   ရိုက်ကူးရန် မလိုအပ်ပါကြောင်း ဖြေကြားသည်။

Myanmar Now သတင်းဌာနမှ သတင်းထောက်   ဦးဉာဏ်လှိုင်လင်းက အင်းဒင်အမှုကိစ္စနှင့် ပတ်သက်ပြီး ပြန်လွှတ်ထားသည့် တရားခံများအား ပြန်ခေါ်စစ်နေတယ်လို့ သိရတဲ့အတွက်   ဟုတ်၊ မဟုတ် သိချင်ပါကြောင်း မေးမြန်းသည်။

ဆက်လက်ပြီး ဗိုလ်ချုပ်သောင်းနိုင်က မိမိအနေဖြင့်   သေချာမသိသေးကြောင်း၊ မိမိသိသလောက် အင်းဒင်ကိစ္စက ပြတ်သွားပြီဖြစ်ကြောင်း၊ ဂူတာပြင်ကိစ္စက ဂူတာပြင် ကိစ္စသက်သက်ဖြစ်ကြောင်း၊    သက်သေလိုအပ်ပါက အရပ်သား သက်သေဖြစ်ချင် ဖြစ်နိုင်ကြောင်း၊ မိမိအနေဖြင့် ဂဃနဏ မသိသေးကြောင်း ပြန်လည် ဖြေကြားသည်။

ဆက်လက်ပြီး  Myanmar   Now သတင်းဌာနမှ သတင်းထောက် ဦးဉာဏ်လှိုင်လင်းက   ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ နောက်ပိုင်းမှာ တက်လာသည့် အစိုးရနှစ်ရပ် ရှိကြောင်း၊  ပထမအစိုးရသက်တမ်း ငါးနှစ် သက်တမ်းနောက်ဆုံးတွင် ဗိုလ်ရှုသဘင် လုပ်ခဲ့ကြောင်း၊    အခုအစိုးရသက်တမ်း နောက်ဆုံးတွင် သမ္မတကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အပါအ၀င် အခမ်းအနားနှင့် အလေးပြုရန် ရှိ၊ မရှိ မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက  ယခုခေတ်၌ ဗိုလ်ရှုသဘင် ပထမဦးဆုံး စတင် လုပ်ခဲ့သည်မှာ သမ္မတ ဦးသိန်းစိန် လက်ထက်ကုန်ခါနီးတွင် ဆောင်ရွက်ခဲ့တာ ရှိကြောင်း၊  အဆိုပါ ဆောင်ရွက်ခြင်းသည် နိုင်ငံတော် သမ္မတရုံး၊ အစိုးရ၏ ညွှန်ကြားချက်ဖြင့် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်း၊ ပြည်သူ၏ အစိတ်အပိုင်း၊ အစိုးရ၏အစိတ်အပိုင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ပြောကြားချက်၊ ညွှန်ကြားချက်များ ရှိလာပါက နိုင်ငံတော် အစိုးရ၏ ညွှန်ကြားချက်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ဖြေကြားသည်။

ဆက်လက်ပြီး  Myanmar   Now   သတင်းဌာနမှ သတင်းထောက် ဦးဉာဏ်လှိုင်လင်းက တပ်မတော်သည်  နိုင်ငံတော်၏ အစိတ်အပိုင်းဖြစ်သည်ဟု    ပြောသွားကြောင်း၊ ယခုတိုင်းပြည်က နိုင်ငံတကာတွင် တရားစွဲဆို ခံရတာပဲဖြစ်စေ၊ နိုင်ငံတကာက ပြစ်တင်ရှုတ်ချတာပဲဖြစ်စေ တပ်မတော်က သီးခြားအမြဲတမ်း ပြောဆိုခံနေရကြောင်း၊ ယခုပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကလည်း စနေပြီဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပါဝင်နေသည့် နိုင်ငံရေး၊ အုပ်ချုပ်ရေး စသဖြင့်ကဏ္ဍ အသီးသီးကနေ  ဘယ်လိုကဏ္ဍမျိုးတွင် နောက်ဆုတ်သင့်ပြီလို့   စဉ်းစားထားတာ ရှိ၊ မရှိ သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဖြေကြားရာတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လည်း ပြောပြီးသားဖြစ်ကြောင်း၊ နံပါတ်(၁) အနေဖြင့် ယခုမေးခွန်း၏ ရည်ရွယ်ချက်ကို သိရှိပါကြောင်း၊ လွှတ်တော်၏ ၂၅ ရာခိုင်နှုန်းနှင့် အစိုးရထဲတွင် ပါဝင်နေသည့်ကိစ္စနှင့် ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ ၀န်ကြီးများကို ရည်ရွယ်ကြောင်း၊ နံပါတ်(၁)က အခြေခံဥပဒေထဲတွင်   ၂၅ ရာခိုင်နှုန်းကို ဘာကြောင့် ထည့်ဆွဲထားသလဲ၊ ၀န်ကြီးသုံးဦးကို ဘာကြောင့်အခြေခံ ဥပဒေထဲတွင် ထည့်ဆွဲထားသလဲ ဆိုသည့် အနှစ်သာရကို သိရန် လိုအပ်ကြောင်း၊ အသွင်ကူးပြောင်းဆဲကာလ နိုင်ငံတချို့မှာ အသွင်ကူးပြောင်းမှု ကာလနှင့် ပတ်သက်ပြီး မိမိအနေဖြင့် အငြင်းမပွားလိုကြောင်း၊ အသွင်ကူးပြောင်းမှု ကာလသည်   အနည်းဆုံး ဆယ်စုနှစ်ကာလအထိ ကြာနိုင်ကြောင်း၊ ဒီမိုကရေစီ၏ အဓိပ္ပာယ်နှင့် ပတ်သက်၍ အမျိုးစုံ  အဓိပ္ပာယ် ဖွင့်ဆိုကြကြောင်း၊ သို့သော်   သဘောကျသည့် ခပ်တိုတို အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ဒီမိုကရေစီဆိုသည်မှာ““မတည့်အတူနေ၀ါဒ””ဖြစ်ကြောင်း၊ ဒီမိုကရေစီကို  အမှန်တကယ် လိုလားလျှင် မတည့်အတူနေ၀ါဒကိုလည်း လက်ခံရမည် ဖြစ်ကြောင်း၊ ညှိနှိုင်းနိုင်ရမည်၊ ဘောင်အတွင်းက ဆွေးနွေးနိုင်ရမည်ဟု မိမိထင်မြင်ကြောင်း ဖြေကြားသည်။

ဆက်လက်ပြီး  Myanmar Now သတင်းဌာနမှ သတင်းထောက် ဦးဉာဏ်လှိုင်လင်းက အသွင်ကူးပြောင်းရေး အရ ဆယ်နှစ်သက်တမ်းလည်း  ရောက်ပြီဖြစ်ကြောင်း၊ ဆယ်နှစ်အတွင်းမှာတော့  တပ်မတော်အနေဖြင့် တစ်စုံတစ်ရာ  စွန့်ခွာဖို့ ရှိ၊ မရှိ မေးမြန်းသည်။

ဗိုလ်ချုပ်ထွန်းထွန်းညီက   ပြန်လည်ဖြေကြားရာတွင်    တပ်မတော်သည် လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းကစ၍ နိုင်ငံ၏ သမိုင်းနှင့် ယှဉ်တွဲပြီးဖြစ်ပေါ်လာသည့် ထူးခြားသည့် အနေအထား၊ တခြားနိုင်ငံများနှင့် မတူသည့် အနေအထား ရှိပါကြောင်း၊ လက်ရှိပြည်သူတွေက   ရွေးထားသည့်၊ ပြည်သူများ လျှောက်လှမ်းချင်သည့် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းကို တပ်မတော်က ဖော်ဆောင်ပေးခဲ့ကြောင်း၊    ထိုသို့ ဖော်ဆောင်ပေးခဲ့သည့် အချိန်တွင် ယခင်နိုင်ငံရေး အခြေအနေအတွေ့အကြုံ၊ သမိုင်းကြောင်းများက ပေးခဲ့သည့် သင်ခန်းစာများ အများကြီးရှိပါကြောင်း၊    ထို့ကြောင့် လွတ်လပ်ရေး၊    အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် ဒို့တာဝန်အရေး(၃)ပါးသည်    မိမိတို့ တပ်မတော်တစ်ရပ်တည်း အတွက်တင် မဟုတ်ပါကြောင်း၊ နိုင်ငံသူ၊ နိုင်ငံသားများ အားလုံးအတွက် အရေးကြီးသည့် National Interest ဖြစ်ကြောင်း၊ အမျိုးသား အကျိုးစီးပွားအတွက် ပြည်သူလူထုက လိုလားသည့်၊    လျှောက်လှမ်းလိုသည့် ဒီမိုကရေစီ လမ်းကြောင်း ခိုင်မာရေးကို  ဆောင်ရွက်ပေးနေသည်ဖြစ်ပါကြောင်း၊ လမ်းခင်းပေးခဲ့သည့်  နိုင်ငံရေးလမ်းကြောင်း တည်တည်ငြိမ်ငြိမ် ခိုင်ခိုင်မာမာဖြစ်ရန် အရေးကြီးကြောင်း၊ နိုင်ငံရေးအရ လုံခြုံမှု၊ တည်ငြိမ်မှု၊ လုံခြုံရေးအရ တည်ငြိမ်မှုများကို လက်ရှိ အခြေအနေတွင် သတင်းထောက်ကြီးများ    ပြန်သုံးသပ်ကြည့်ပါက တွေ့မြင်နိုင်ကြောင်း၊ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် နိုင်ငံ၏ နိုင်ငံရေး အခြေအနေကို   နှိုင်းယှဉ်ချိန်ထိုးပြီး တွက်ဆကြည့်ပါက   သိသာမည်ဖြစ်ပါကြောင်း၊ မိမိတို့အားလုံး ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး ရှိရန် အရေးကြီးဆုံးဖြစ်ပါကြောင်း၊ ဘုံအကျိုးစီးပွားဖြင့် အမျိုးသား အကျိုးစီးပွားကို   တညီတညွတ်တည်း လက်ခံဆောင်ရွက်နိုင်မည်ဆိုလျှင် တပ်မတော်၏ အဓိကတာဝန်ကို တပ်မတော်က ထမ်းဆောင်ရန် အဆင်သင့်ရှိနေပါကြောင်း၊ လက်ရှိ အခြေအနေတွင် အမျိုးသားနိုင်ငံရေး တာဝန်သည် သမိုင်းပေးတာဝန် အရဖြစ်ပြီး အတိတ်သမိုင်း သင်ခန်းစာများက ပေးထားသည့် သင်ခန်းစာများအပေါ်မှာ ဒီတာဝန်ကို  ထမ်းဆောင်နေခြင်း ဖြစ်ပါကြောင်း၊ အမြန်ဆုံး တည်ငြိမ်အေးချမ်း စေချင်ကြောင်း၊ အမြန်ဆုံးပဲ အားလုံးလိုလားသည့် အခြေအနေမျိုးကို   ဆောင်ရွက်ချင်ပါကြောင်း၊  အားလုံးပူးပေါင်း ဆောင်ရွက်မှ ရမည်ဖြစ်ကြောင်း၊  တပ်မတော်တစ်ရပ်တည်း လုပ်၍ မရပါကြောင်း၊  တပ်မတော်အနေဖြင့် တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ကြိုးစားနေပါကြောင်း၊ အားလုံးဝိုင်းဝန်း ကူညီဆောင်ရွက်ပေးမည်ဆိုလျှင် အမြန်ဆုံး အကောင်အထည် ဖော်နိုင်ပြီး အကျိုးရှိမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး     Myanmar Now သတင်းဌာနမှ သတင်းထောက် ဦးဉာဏ်လှိုင်လင်းက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အပါအ၀င် တပ်မတော်အရာရှိကြီးများ ရွေးကောက်ပွဲဝင်မည့် သတင်း  ထွက်ပေါ်နေခြင်းကြောင့် အစီအစဉ် ရှိ၊ မရှိကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ထွန်းထွန်းညီက  ယခင်ပြောကြားခဲ့သည့်အတိုင်း စောင့်ကြည့်ပေးရန် ဖြစ်ကြောင်း ဖြေကြားသည်။

ဗိုလ်ချုပ်စိုးနိုင်ဦးက ဖြည့်စွက်ဖြေကြားရာတွင် မိမိအနေဖြင့် သတင်းထောက်များ မေးမြန်းခဲ့သည့် မေးခွန်းများအပေါ် ခြုံငုံ ဖြေဆိုလိုပါကြောင်း၊ တပ်မတော် အနေဖြင့် နိုင်ငံရေးမှ ဘယ်တော့ ထွက်ခွာမလဲဆိုခြင်းနှင့် ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်မှ အကြိမ်ကြိမ် ပြောကြားခဲ့ပြီး ဖြစ်ပါကြောင်း၊ အဓိကအားဖြင့် အချက် ၂ ချက်ရှိပါကြောင်း၊ နိုင်ငံရေးအရ အာမခံချက်ရှိလျှင်၊ လုံခြုံရေးအရ တည်ငြိမ်မှုရှိလျှင် ဟူ၍ ပြောကြားခဲ့ပြီး ဖြစ်ပါကြောင်း၊ IDPs များနှင့် ပတ်သက်၍ IDPs များအား တပ်မတော်အနေဖြင့် မရှိစေလိုပါကြောင်း၊ ၎င်းတို့အား ၎င်းတို့၏ မူရင်းနေရာ၌သာ အေးအေးချမ်းချမ်း နေစေလိုပါကြောင်း၊ တပ်မတော်၏ ဆန္ဒဖြစ်ပါကြောင်း၊ လက်ရှိဖြစ်ပွားနေသည့် ရခိုင်ဖြစ်စဉ်နှင့်  တိုက်ပွဲများဖြစ်ပွားနေသည့် နေရာများအား ပြန်ကြည့်ပါက တိုက်ပွဲနေရာ၊ ပြည်သူ့နေရာသည် နယ်နိမိတ် ပျောက်လာကြောင်း၊  ယခင်ကာလက တိုက်ပွဲဖြစ်သည့် နေရာမှာ ရန်သူအခြေပြုသည့်နေရာတွင် ဖြစ်ပွားခြင်းသာ ဖြစ်ပါကြောင်း၊ ဒီနေရာသို့ သွားပါက တိုက်ပွဲဖြစ်နေသည်၊ တိုက်ပွဲဖြစ်နိုင်သည့်နေရာဟု သတ်မှတ်ပါကြောင်း၊   ပြည်သူ့နေရာတွင် တိုက်ပွဲ မဖြစ်ပါကြောင်း၊ ပြည်သူများနေထိုင်သည့် ရွာ၊ မြို့များတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိပါကြောင်း၊ ဒါကြောင့် တိုက်ပွဲနေရာနှင့် ပြည်သူ့နေရာ နယ်နိမိတ် ရှိခဲ့ပါကြောင်း၊ ယခုနယ်နိမိတ် ကန့်သတ်ချက်များ ကျော်လွန်ဖြစ်ပွားနေပါကြောင်း၊ ယခုအချိန်တွင် ၎င်းနယ်နိမိတ်များ ကျော်လွန်ဖြစ်ပွားနေသည်ကို တွေ့ရှိရပါကြောင်း၊ ထိုသို့ဖြစ်ပွားလာအောင် မည်သူက ဖန်တီးနေသည်ကို သိရှိရန်လိုကြောင်း၊ တပ်မတော်သည် ပြည်သူနှင့် အစိုးရကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသဖြင့် ကာကွယ် စောင့်ရှောက်နေခြင်း ဖြစ်ကြောင်း၊ ပြည်ပမှ စွပ်စွဲချက်များအပေါ်တွင်လည်း စစ်ဥပဒေချုပ်ရုံးမှ ဆောင်ရွက်လျက် ရှိကြောင်း၊ မျက်မှောက်ကာလ အခြေအနေများအရ တပ်မတော်အဆင့်ဆင့် ခေါင်းဆောင်များ အနေဖြင့် သတိကြီးစွာ ထားရှိဆောင်ရွက်လျက် ရှိနေကြောင်း ဖြည့်စွက်ဖြေကြားသည်။

RFA သတင်းဌာနမှ သတင်းထောက် ဒေါ်သက်စုအောင်က  မေးမြန်းရာတွင် လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်က ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ပတ်သက်သော အပြီးသတ် အစီရင်ခံစာကို သမ္မတထံကို တင်သွင်းခဲ့ကြောင်း၊ ထိုအစီရင်ခံစာအပေါ်တွင် တပ်မတော်၏သဘောထား မည်သို့ရှိကြောင်း၊ ဘက်လိုက်မှုရှိလား၊ မျှတမှုရှိလားဆိုသည်ကို ပထမဆုံး သိချင်ပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ထွန်းထွန်းညီက ဖြေကြားရာတွင် သတင်းထုတ်ပြန်ထားပြီး ဖြစ်ကြောင်း၊ ထိုအစီရင်ခံစာကို အသေးစိတ် လေ့လာပြီးမှ လိုအပ်သော ဆောင်ရွက်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

ဆက်လက်ပြီး RFA  သတင်းဌာနမှ သတင်းထောက်   ဒေါ်သက်စုအောင်က မေးမြန်းရာတွင် ယနေ့တွင်  ICJ တရားရုံးက မြန်မာနိုင်ငံကို ချက်ချင်းကြားဖြတ် အရေးယူ ဆောင်ရွက်ချက် လုပ်သင့်၊ မလုပ်သင့် ဆိုသည့် အမိန့်ချမှတ်တော့မည် ဖြစ်ကာ လုပ်မည်ဟုလည်း ချနိုင်သလို မလုပ်နိုင်ဘူးဟုလည်း ချနိုင်သည်ဖြစ်၍ တပ်မတော်ဘက်က မည်သို့မျှော်လင့် ထားပါသလဲ၊တစ်စုံတစ်ခုများ အမိန့်ချခဲ့လျှင် တပ်မတော်အနေဖြင့် ပြင်ဆင်ထားသည်များ ရှိပါသလားဟု မေးမြန်းသည်။

ဗိုလ်ချုပ်သောင်းနိုင်က ဖြေကြားရာတွင် ဘယ်လိုပဲ အမိန့်ချချ ပြီးခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် မိမိတို့ပြောကြားခဲ့ပြီး ဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရ၏ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

RFA သတင်းဌာနမှ သတင်းထောက် ဒေါ်သက်စုအောင်က မေးမြန်းရာတွင် ရခိုင်ပြည်နယ် မြောက်ပိုင်း၊  မြောက်ဦးတွင် ရှေးဟောင်းဘုရား အချို့တွင် တပ်မတော်က နေရာချပြီး အမြောက်များနှင့် ပစ်ခတ်မှုများ ရှိနေကြောင်း၊ နှစ်ပေါင်း ၅၀၀ လောက်ရှိသည့် ရှေးဟောင်း အဆောက်အအုံများ ရှိနေသည်ဟု ပညာရှင်တချို့က ထောက်ပြမှုများလည်း ရှိနေကြောင်း၊ RFA အနေဖြင့်မကြာခင်က မြောက်ဦးကို ရောက်သည့် အချိန်တွင်လည်း ရွှေတောင်စေတီအနီးတွင် တပ်က စခန်းချထားသည်ကို တွေ့ရကြောင်း၊ ထိုသို့ ရှေးဟောင်းစေတီအနီးတွင် ဘာကြောင့်စခန်းချသလဲ၊ ပညာရှင်များက ရှေးဟောင်းစေတီ အဆောက်အအုံတွေ ထိခိုက်သည်ဟု ပြောဆိုနေမှုများ ရှိသည့်အပေါ်တွင် တပ်မတော် အနေဖြင့် တစ်စုံတစ်ရာ မည်သို့တုံ့ပြန်ချင်ပါသလဲ မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ရှင်းလင်းဖြေကြားရာတွင် အဓိက ပြောလိုသည်မှာ မြောက်ဦးနှင့် ပတ်သက်ပြီး ရောက်ဖူးသည့် လူများ အကုန်သိပါလိမ့်မည် ဖြစ်ကြောင်း၊ မြောက်ဦးတွင် နယ်မြေခံ  ဌာနချုပ် (၃)ခုရှိကြောင်း၊ တပ်များသည် ဘယ်မှ သွားနေစရာမလိုကြောင်း၊ နယ်မြေခံဌာနချုပ်တွင် နေလို့ရကြောင်း၊ မြောက်ဦးနှင့် ပတ်သက်ပြီး အဓိက ဖြစ်နေသည့် ပြဿနာက AA ပဲဖြစ်ကြောင်း၊လွန်ခဲ့သည့်တစ်ပတ်၊ နှစ်ပတ်ခန့်က မြောက်ဦးတွင် ရှိသည့် ရဲတပ်ရင်းဌာနချုပ်က ရဲမိသားစုဝင်များ မြောက်ဦးကို ဈေးလာဝယ်ကြောင်း၊ ရဲမိသားစုဝင်များဆိုသည်ကို သိနေကြောင်း၊ ဈေးဝယ်ပြီးပြန်သွားရာ ဘုရား၏ အောက်ခြေမှ မိုင်းထောင်ပြီး AA က ဖောက်ခွဲတိုက်ခိုက်ကြောင်း၊   ဒါက ဘာလုပ်တာလဲဟု မေးချင်ကြောင်း၊ ပထမဦးဆုံး မေးခွန်းက မြောက်ဦးနှင့် ပတ်သက်ပြီး မိမိတို့ပြောပြီးသား ဖြစ်ကြောင်း၊ မိမိတို့သည် အခြေချနေရာများ ရှိပြီးဖြစ်ကြောင်း၊ မြောက်ဦးတွင် ရှိသည့် တပ်များသည် ၁၉၉၀-၁၉၉၁ ခန့်ကတည်းက ဆောက်ထားသည့် တပ်များဖြစ်ကြောင်း၊ တပ်များရှိသည့် အတွက်ကြောင့် မြောက်ဦးမှာ ဘာပြဿနာမှ မရှိကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလလောက်က AA က ဘူးသီးတောင်ဘက်က ရဲစခန်း လေးနေရာခန့်ကို တိုက်ခိုက်ပြီးနောက်ပိုင်း အဆိုပါပြဿနာများ ပေါ်လာကြောင်း၊ မြောက်ဦးတွင်  ရဲတပ်ရင်းတစ်ရင်း ရှိကြောင်း၊ ထိုရဲတပ်ရင်းများကို မည်သူကစပြီး ၀င်တိုက်ခိုက်သလဲဟု မေးလိုကြောင်း၊ လွန်ခဲ့သည့် တစ်နှစ်ခန့်က မြောက်ဦးမြို့ လုံခြုံရေးအတွက် တပ်များ မြောက်ဦးမြို့ထဲ ၀င်လာကြောင်း၊ AA က မြောက်ဦးမြို့အ၀င်က  လူနေအိမ်တွေကို  အကာအကွယ်ယူ၍ တပ်ကိုပစ်ကြောင်း၊ မည်သည့်ဘက်က စပစ်သည်ကို လေ့လာဖို့လိုကြောင်း၊ ဘူးသီးတောင်ဘက်တွင်လည်း ထိုကိစ္စများဖြစ်နေကြောင်း၊ ဘူးသီးတောင်နယ်မြေ ၃၁ ဘုံ ဘုရားသည် အချက်အချာကျသည့် နေရာဖြစ်ကြောင်း၊ AA က မကြာခဏ ဘုရားပေါ်တက်၍ ပစ်ခတ်လေ့ရှိကြောင်း၊ ထိုအနီးအနားရှိ ဘူးသီးတောင်နှင့် ရသေ့တောင်ကြား ဖုန်ညိုလိပ်တံတားကို လာပစ်တာရှိကြောင်း၊ ၎င်းတို့ လာပစ်သည့်နေရာ၌ AA က မိုင်းထောင်ထား၍ တိုင်းရင်းသား မဟုတ်သည့်အဖွဲ့ လေးယောက်လောက် သေသွားတာရှိကြောင်း၊ တပ်မတော်အနေနှင့် မြောက်ဦးမှာ သူ့နေရာနဲ့သူ လုံခြုံစွာ နေထိုင်နိုင်တဲ့ နေရာများ ရှိပြီးဖြစ်ပါကြောင်း၊ ခြွင်းချက်အနေနဲ့က မိမိတို့လမ်း လုံခြုံရေးပဲ ဖြစ်ဖြစ်၊ မြို့လုံခြုံရေးပဲဖြစ်ဖြစ် ရှိလို့ထွက်ပြီးတော့မှ ခဏအခြေပြုကောင်း ပြုနိုင်ပါကြောင်း၊ ထိုနေရာများကို အခြေပြုပြီးတော့မှ မိမိတို့သည် တိုက်ခိုက်ပစ်ခတ်တာမျိုး၊ မိုင်းနဲ့ပတ်သက်တဲ့ လုပ်ငန်းမျိုးမလုပ်ဘူးလို့ ပြောလိုကြောင်း ရှင်းလင်းဖြေကြားသည်။

ဗိုလ်ချုပ်ထွန်းထွန်းညီမှ ဖြည့်စွက်ပြောကြားရာတွင်   ခုနက ပြောတဲ့ဘုရားမှာ ဘာကြောင့် စခန်းချတာလဲလို့ ပြောချင်တဲ့ မေးခွန်းရဲ့ရည်ရွယ်ချက်ကို သတင်းထောက်ကြီး ဘာကြောင့် မေးသလဲဆိုတာ သတင်းထောက်ကြီး စိတ်ထဲမှာသိမှာဖြစ်ကြောင်း၊  မိမိတို့နိုင်ငံမှာ ဘုရားစေတီ တော်တော်များများက တောင်ကုန်း၊ တောင်တန်းထိပ်တွေရဲ့ မြေနေရာများ၊ နောက်ပြီး မြို့တွေကို စိုးမိုးပြီး မြို့ပတ်ဝန်းကျင်၊ ရွာပတ်ဝန်းကျင် အများမြင်နိုင်တဲ့ နေရာတွေကို တည်ထားကိုးကွယ်ထားတာ ဖြစ်ပါကြောင်း၊ မြေကိုအသုံးချသော သဘောသဘာဝအရ Terrain မြေကိုအသုံးချပြီး အကြမ်းဖက် တိုက်ခိုက်မှုကို နှိမ်နင်းခြင်း၊ လုံခြုံရေးအရ ဆောင်ရွက်ခြင်းဖြစ်ရာ ဒီလိုတိုက်ဆိုင်မှုတွေ ဘယ်နေရာမဆို ရှိတာဖြစ်ကြောင်း၊ ဥပမာအားဖြင့် ဒုတိယကမ္ဘာစစ်မှာဆို မန္တလေးတောင်ဘုရားကြီးမှာ အင်္ဂလိပ်တပ်၊ ဂျပန်တပ်များ အကြီးအကျယ် တိုက်ပွဲဖြစ်တာ ရှိခဲ့ပါကြောင်း၊ နိုင်ငံရဲ့ ရှေးဟောင်းအမွေအနှစ်တွေ ကျွန်တော်တို့ထိန်းသိမ်း စောင့်ရှောက်ရမယ့် တာဝန်ရှိပါကြောင်း၊ ထို့ကြောင့် တပ်မတော်ကနေရာယူလို့ ဒီဘုရားတွေ ပျက်စီးရပါတယ်လို့ မစွပ်စွဲစေချင်ပါကြောင်း၊ စွဲချက်ကိုလည်း လက်မခံပါကြောင်း၊ ဘာကြောင့်ဖြစ်တာလဲ ဆိုတာ အကြိမ်ကြိမ်ပြောထားပြီး ဖြစ်ပါကြောင်း၊ ဒါကိုအကြောင်းပြပြီး တပ်မတော်အပေါ်မှာ  စွပ်စွဲချက်တွေ မလုပ်ဖို့လိုကြောင်း ရှင်းလင်း ဖြေကြားသည်။

ဆက်လက်ပြီး RFA သတင်းဌာနမှ သတင်းထောက်   ဒေါ်သက်စုအောင်က လက်နက်ကိုင် ပဋိပက္ခများအတွင်း ကလေးသူငယ်များ ထိခိုက်ဒဏ်ရာ ရရှိခဲ့မှုများရှိပါကြောင်း၊ အဆိုပါကိစ္စများ လျော့နည်းသွားအောင် တပ်မတော် အပါအ၀င် လုံခြုံရေး တပ်ဖွဲ့ဝင်များကို ကလေးသူငယ်များ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိစေရေး ပူးပေါင်းပါဝင်ရန် ကုလသမဂ္ဂက တိုက်တွန်းထားပါကြောင်း၊ တပ်မတော်အနေဖြင့် မည်သို့ပူးပေါင်း ဆောင်ရွက်နေသည်ကို သိရှိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်စိုးနိုင်ဦးက ဖြေကြားရာတွင် ရခိုင်အပါအ၀င် တိုက်ပွဲဖြစ်ပွားနေသည့် နေရာများနှင့် ပတ်သက်ပြီး ပြောလိုသည်မှာ Root Cause ဘယ်သူ့ကြောင့် ဖြစ်ပွားတာလဲကို သိရှိရန်လိုကြောင်း၊ ပြဿနာ၏ အရင်းအမြစ် အနေဖြင့် ရခိုင်တွင် AA အဖွဲ့ မရှိချိန်အတွင်းက အဖြူရောင်နယ်မြေ ဖြစ်ပါကြောင်း၊ AA အဖွဲ့ရောက်ရှိလာမှသာ ယခုလိုဖြစ်ပွား လာနေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ယခုဖြစ်ပွားနေသည့် ပြဿနာများသည် ဘယ်သူ့ကြောင့်၊ ဘာကြောင့် ဖြစ်လာရသည် Root Cause မှာ အဖြေဖြစ်ကြောင်း၊ ထို့ပြင် တိုက်ပွဲနေရာ၊ ပြည်သူ့နေရာများ ပျောက်နေပါကြောင်း၊ ဘယ်သူက ထိုသို့လုပ်ဆောင်နေသည်ကို သိရှိနိုင်ပါကြောင်း၊ တပ်မတော်စခန်းများသည် ယခင်ကတည်းကပင် ရှိနေပါကြောင်း၊ အဆိုပါအချက်များကို စဉ်းစားကြည့်ရန် လိုအပ်ကြောင်း၊ ထို့အတူ နယ်နိမိတ် ပျောက်သည်နှင့်အမျှ  ထိခိုက်ဒဏ်ရာ ရရှိမှုများ ဖြစ်ပွားနေခြင်းသည် တစ်ဦးတစ်ယောက်ကြောင့်သာ မဟုတ်ပါကြောင်း၊  ပြဿနာ ဖန်တီးနေသမျှ ထိခိုက်ဒဏ်ရာ ရရှိမှုများရှိနေမည် ဖြစ်ကြောင်း၊ ၎င်းကိစ္စရပ်များ ဘယ်သူ့ကြောင့် ပိုပြီးဖြစ်နိုင်သလဲဆိုသည်ကို စဉ်းစား ကြည့်စေလိုကြောင်း ဖြေကြားသည်။

7 Day သတင်းဌာနမှ သတင်းထောက် ဦးရဲနိုင်က ICOE နဲ့ ပတ်သက်ပြီး အစီရင်ခံစာကို အသေးစိတ် လေ့လာနေတယ်ဆိုတော့ တပ်မတော်အနေနဲ့ လေ့လာဖို့ကာလ ဘယ်လောက်လျာထားလဲ ဆိုတာသိချင်ပါကြောင်း၊ ဘယ်နှလအတွင်း အသေးစိတ် လေ့လာမယ်ဆိုတာလေး သိချင်ပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်သောင်းနိုင်က ဖြေကြားရာတွင် သတင်းထုတ်ပြန်ချက် တွေရှိကြောင်း၊ အသေးစိတ် လေ့လာနေတယ် ဆိုတာကတော့ အချိန်အကန့်အသတ်တော့ ရှိပါကြောင်း၊ အစီရင်ခံစာတွင် စာမျက်နှာ ၄၅၀ ကျော်လောက် ရှိတဲ့အတွက် မီဒီယာတွေအနေနဲ့လည်း ဘယ်လောက်အထိ အချိန်ယူရမလဲဆိုတာကို စဉ်းစားကြည့်စေချင်ကြောင်း၊ ဒီနေရာမှာ ကျွန်တော်တို့ အနေနဲ့ ဆက်လက်ပြီး  Followup တွေ လုပ်ဖို့ရှိကြောင်း၊   အသေးစိတ် လေ့လာမှ အဆင်ပြေမှာဖြစ်ကြောင်း၊ အချိန်ကာလ အတိုင်းအတာကို ပြောလို့မရကြောင်း  ဖြေကြားသည်။

ဆက်လက်ပြီး 7 Day သတင်းဌာနမှ သတင်းထောက် ဦးရဲနိုင်က အကယ်၍ ခုံရုံးဖွဲ့ စစ်ဆေးမယ်ဆိုရင် ဘယ်အဆင့်၊ ဘယ်ရာထူးရှိတဲ့လူက ဦးဆောင်ပြီး ဒီဖြစ်စဉ်ကို စစ်ဆေးသွားမယ်ဆိုတာ သိချင်ပါကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ်သောင်းနိုင်က ဗိုလ်ချုပ်မြတ်ကျော် ဦးစီးတဲ့ စုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့နဲ့ ဆက်လက်စစ်ဆေး ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဖြေကြားသည်။

ဧရာဝတီသတင်းဌာနမှ သတင်းထောက် ဦးထက်နိုင်ဇော်က မကြာခင်မှာ တပ်တော်ဝင်ဖို့ ရှိတဲ့ ရုရှားနိုင်ငံကထုတ်၊ အိန်္ဒိယနိုင်ငံက ၀ယ်ထားတဲ့ ရေငုပ်သင်္ဘောက ဘယ်တော့လောက်များ တပ်တော်ဝင်မလဲ သိချင်ပါကြောင်း၊  ဒီရေငုပ်သင်္ဘောနဲ့ ပတ်သက်တဲ့ အချက်အလက် အကြမ်းလေးရရင်လည်း သိချင်ပါကြောင်း၊ နောက်ပြီး မြန်မာနိုင်ငံက ဒီရေငုပ်သင်္ဘော ပိုင်ဆိုင်မယ်ဆိုရင် ဒေသတွင်းမှာ ဘယ်လိုအင်အားမျိုး ရှိလာမလဲဆိုတာ သိချင်ပါကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဖြေကြားရာတွင်  ရေငုပ်သင်္ဘောနဲ့ ပတ်သက်လို့ အရင်တစ်ခေါက် ရေတပ်တပ်တော်ဝင်တုန်းက ပြောပြီးဖြစ်ကြောင်း၊ သီးခြား ဆောင်ရွက်မှာဖြစ်ကြောင်း၊ ဒီရေငုပ်သင်္ဘောဆိုင်ရာ အချက် အလက်တွေကို အခြားမေးမြန်းခန်းတွေမှာ မီဒီယာအချို့က ပြောပြီးဖြစ်ကြောင်း၊ ရေတပ်ရဲ့Role သည် စစ်ဆင်ရေးRole ရှိသလိုDiplomacy Role လည်း ရှိကြောင်း၊ နိုင်ငံတကာ ရေကြောင်းပိုင်နက် နယ်နိမိတ်၊ နိုင်ငံတကာပိုင်တဲ့ ရေနယ်နိမိတ်နဲ့ အချင်းချင်း ဆက်စပ်နေတဲ့ နယ်နိမိတ်တွေရှိကြောင်း၊  အဲဒီနယ်နိမိတ်တွေမှာ နိုင်ငံတကာ ရေတပ်အချင်းချင်း  ပူးပေါင်း ဆောင်ရွက်ရတာ ရှိကြောင်း၊ အဲဒီလိုဆောင်ရွက်မှ စစ်ဆင်ရေးအပြင် သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး၊ ပင်လယ်ဓားပြရန် ကာကွယ်ရေးတွေနဲ့ ပင်လယ်ရေကြောင်း လုံခြုံရေးတွေအတွက် စိတ်ချရမှာဖြစ်ကြောင်း၊ ဒီလိုသူများ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တပ်မတော်(ရေ) အနေနဲ့ အင်အားတောင့်တင်းဖို့ လိုကြောင်း၊ အင်အားတောင့်တင်းဖို့၊ ခေတ်မီစစ်သင်္ဘောတွေရှိဖို့ လိုကြောင်း၊   ရေငုပ်သင်္ဘောတွေ ပိုင်ဆိုင်ဖို့ လိုကြောင်း၊ ရေငုပ်သင်္ဘော ပိုင်ဆိုင်တယ်ဆိုရင်   ပထမဆုံး ရမှာက ဟန့်တားနိုင်စွမ်းDeterrent Power ဖြစ်ကြောင်း၊ ရေငုပ်သင်္ဘော ပိုင်ဆိုင်ခြင်းဖြင့် ပထမဆုံး ရလာမည့် အကျိုးကျေးဇူးမှာ ဟန့်တားရေး စွမ်းရည် Deterrent Power ဖြစ်ကြောင်း၊Deterrent Power ကို နောက်ထပ် ထပ်ပြီးတော့   အနက်အဓိပ္ပာယ် ဖွင့်ရရင် စစ်တိုက်စရာမလိုဘဲနဲ့ ရရှိတဲ့ ရိုသေခံ့ညားမှုဖြစ်ကြောင်း၊ Deterrent Power ရရင် မလိုလားအပ်တဲ့   နောက်ဆက်တွဲတွေ၊ ကျူးကျော်မှုတွေ၊ တရားမ၀င် ၀င်ရောက်မှုတွေကို  ဟန့်တားပြီးဖြစ်မှာ ဖြစ်ကြောင်း ဖြေကြားသည်။

ဆက်လက်ပြီး  ဧရာဝတီ သတင်းဌာနမှ သတင်းထောက် ဦးထက်နိုင်ဇော်က ၁၉၉၀၊ ၁၉၉၁ ခုနှစ်လောက်မှာကတည်းက တပ်မတော်မှ ရန်ကုန်မှာရှိတဲ့ ဘုရင့်နောင်ပွဲရုံကို မြေနေရာငှားပေးခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ  သက်တမ်း ၂၅ ပြည့်တယ်လို့ သိရကြောင်း၊ အခုဆိုရင် ၂၀၂၁ ရောက်တော့မှာဆိုတော့ ဆက်လက်ငှားဖို့ ရှိ၊ မရှိ သိလိုပါကြောင်း နှင့် ငှားမယ်ဆို ဘယ်လိုပုံစံမျိုးနဲ့ ငှားမယ်ဆို သိချင်ပါကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက  ဒါကတော့ တပ်မြို့စည်ပင်က ပိုင်တာဖြစ်ကြောင်း၊ ဒါနဲ့ပတ်သက်ပြီး တပ်မတော်အနေနဲ့ အဆင်ပြေအောင်  ညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိကြောင်း ဖြေကြားသည်။

ဆက်လက်ပြီး ဧရာဝတီသတင်းဌာနမှ သတင်းထောက် ဦးထက်နိုင်ဇော်က ပြီးခဲ့တဲ့ ၂ ရက်လောက်က တနိုင်းမှာ ပယင်းတို့၊ သတ္တုတို့ တူးဖော်ရေး လုပ်ငန်းတွေ ပြန်စနိုင်ဖို့ဆိုပြီးတော့  တပ်မတော်က အကူအညီပေးဖို့ တနိုင်းပြည်သူ့လွှတ်တော် ကိုယ်စားလှယ်  ဦးလင်းလင်းဦးက  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဆီကို   အကြောင်းကြားစာ တင်ပြထားတာရှိကြောင်း၊      နယ်မြေ မငြိမ်းချမ်းတဲ့အတွက်    ဒေသခံ လုပ်ကွက်တွေကိုလည်း မစနိုင်တဲ့အတွက် အကူအညီ တောင်းခံမှုအပေါ်    တပ်မတော်အနေနဲ့ ကူညီပေးနိုင်မလား၊ အဲဒီဘက်မှာဆို ဖားကန့်၊ တနိုင်းလို သယံဇာတရှိတဲ့ နေရာတွေမှာ မငြိမ်းချမ်းတော့ တပ်မတော်အနေနဲ့ ဘယ်လိုဆောင်ရွက်လဲ၊ ဒီလိုနေရာတွေမှာ အခွန်ဘဏ္ဍာတွေလည်း ရအောင် ဘယ်လို ကူညီဆောင်ရွက်မလဲ ဆိုတာ  သိချင်ပါကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တပ်မတော်အနေနဲ့ တာဝန်ရှိတာကတော့ နယ်မြေလုံခြုံရေး၊ နယ်မြေကာကွယ်ရေး အတွက်ပဲ တာဝန်ရှိကြောင်း၊   တူးဖော်ဖို့ ကိစ္စတွေ၊ ခွင့်ပြုတဲ့ ကိစ္စတွေဆိုတာက သက်ဆိုင်ရာ ၀န်ကြီးဌာနတွေနဲ့ပဲ သက်ဆိုင်ပါကြောင်း၊ တပ်မတော် အနေနဲ့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတော်ရဲ့အစိတ်အပိုင်း၊ ပြည်သူတွေရဲ့    အစိတ်အပိုင်း ဖြစ်တဲ့အတွက်ကြောင့် တရားဝင်ခွင့်ပြုချက်နဲ့ နိုင်ငံတော် အကျိုးစီးပွားအတွက် ဆောင်ရွက်တာကို လိုအပ်သည်များ ကူညီဆောင်ရွက်ဖို့သာ ရှိပါကြောင်း ဖြေကြားသည်။

ဆက်လက်ပြီး   ဗိုလ်ချုပ်စိုးနိုင်ဦးက မိမိတို့နိုင်ငံသည်  ကမ်းရိုးတန်း ရှည်လျားသည့် နိုင်ငံဖြစ်ကြောင်း၊ ထို့ကြောင့် ရေတပ်ကို တိုးချဲ့ရခြင်းဖြစ်ကြောင်း၊ တပ်မတော်၏ မူဝါဒသည် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ပြီး သမားရိုးကျစစ်ကို ဆင်နွှဲနိုင်သည့် တပ်မတော်၊ တစ်နည်းအားဖြင့် ခေတ်မီတပ်မတော်၊ Standard Army ဖြစ်အောင် တည်ဆောက်လျက် ရှိကြောင်း၊   ရေငုပ်သင်္ဘော အပါအ၀င် ရေတပ်၊ လေတပ်တို့ကို တိုးချဲ့ခြင်းသည် တပ်မတော်၏ မူဝါဒအစိတ်အပိုင်း အချို့ကို အကောင်အထည် ဖော်ဆောင်ခြင်းဖြစ်ကြောင်း၊ ဆက်လက်ပြီး တပ်မတော်ကို စွပ်စွဲချက်များနှင့် ပတ်သက်၍ နိုင်ငံတကာတွင်Insurgency ရှိလာပါက မည်သည့်နိုင်ငံတွင်မဆို Counter ပြန်လုပ်ကြောင်း၊ Counter Insurgency ပြုလုပ်သည်ကို မည်သည့်နိုင်ငံတွင်မဆို တရားသောစစ် (Just War) ဟုခေါ်ဆိုပါကြောင်း၊ မိမိတို့တပ်မတော်၏ ဆောင်ရွက်ချက်များသည် Just War သာဖြစ်ပါကြောင်း၊  ဥပဒေ ချိုးဖောက်မှုများရှိပါက စစ်ဥပဒေချုပ်ရုံးမှ အရေးယူ ဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားခဲ့သည်။

BBC သတင်းဌာနမှ သတင်းထောက် ဦးအောင်သူရက  ICJ ရဲ့ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ တပ်မတော် အနေနဲ့ စိုးရိမ်မှုရှိလား သိချင်ပါကြောင်း     မေးမြန်းသည်။

ဗိုလ်ချုပ်သောင်းနိုင်က ဖြေကြားရာတွင် စိုးရိမ်တာ မရှိကြောင်း၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့စွပ်စွဲထားသလို တပ်မတော်အနေနဲ့ လုပ်မထားသလို၊  ဟုတ်လည်း မဟုတ်ကြောင်း၊ တပ်မတော်အနေနဲ့လည်း လုပ်သင့်လုပ်ထိုက်တာကို စစ်ဘက်တရားစီရင်ရေး မူဘောင်ထဲကအတိုင်း  ဆောင်ရွက်နေတာဖြစ်ကြောင်း၊ICC ဖြစ်ဖြစ်၊ ICJ ဖြစ်ဖြစ် သူတို့လည်း သူတို့လုပ်စရာရှိတာ လုပ်တယ်၊ ကျွန်တော်တို့လည်း ကျွန်တော်တို့   စစ်ဘက်တရား စီရင်ရေး မူဘောင် အတွင်းထဲက လုပ်သင့်လုပ်ထိုက်တာ ကျွန်တော်တို့ လုပ်သွားမှာဖြစ်ကြောင်း ဖြေကြားသည်။

မြဝတီ

Read 114 times Last modified on Friday, 24 January 2020 11:37