SJ WorldNews - шаблон joomla Авто

အမ်းမြို့နယ်၊ မဲလက်မောင်းကျေးရွာအနီး၌ AA အကြမ်းဖက်သောင်းကျန်းသူများက မော်တော်ယာဉ်နှင့်အတူ တစ်ပါတည်း မီးရှို့ခြင်းခံရသည့် ယာဉ်မောင်း ပြန်လည်ထွက်ပြေး လွတ်မြောက်

Friday, 24 January 2020 21:35 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇန်နဝါရီ ၂၄

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အမ်း-စစ်တွေသွားကားလမ်းပေါ်ရှိ မဲလက်မောင်း ကျေးရွာအနီး၌ ဇန်န၀ါရီ ၂၀ ရက်တွင် AA အကြမ်းဖက်သောင်းကျန်းသူများက မော်တော်ယာဉ် ၁ စီးအား မီးရှို့ဖျက်ဆီး၍ ယာဉ်မောင်း ဖြစ်သူအား ဖမ်းဆီးခေါ်ဆောင်သွားသည့် သတင်းအား ဇန်န၀ါရီလ ၂၁ ရက်နေ့ထုတ် မြ၀တီသတင်းစာတွင် ထည့်သွင်း ဖော်ပြခဲ့ပြီဖြစ်ပါသည်။

အဆိုပါဖြစ်စဉ်၌ AA အကြမ်းဖက်သောင်းကျန်းသူများ၏ လိုက်လံဖမ်းဆီးမှုမှ ထွက်ပြေးလွတ်မြောက်လာသူ ယာဉ်မောင်း မောင်ဝေပိုင်မိုး၏ ပြောပြချက်အရ ၎င်းသည် ရန်ကုန်မြို့၊ မှော်ဘီမြို့နေ ဦးကျော်မိုး၏ သားဖြစ်သူ ဖြစ်ကြောင်း၊ ၎င်းသည် ရွှေကံ့ကော်ယာဉ်လိုင်းမှ ဟွန်ဒိုင်းအမျိုးအစား မော်တော်ယာဉ်ဖြင့် ကုန်ပစ္စည်းများ တင်ဆောင်၍ ယာဉ်နောက်လိုက် ၁ ဦးနှင့်အတူ ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ဇန်န၀ါရီ ၁၇ ရက်တွင် စတင်ထွက်ခွာခဲ့ကြောင်း၊ အမ်းမြို့နယ်၊ ရှောက်ခြုံတောင်အနီးမိုင်တိုင်အမှတ်၊ ၁၈ မိုင် ၄ ဖာလုံနေရာသို့ ည ၁၀ နာရီခန့်တွင် ရောက်ရှိစဉ် မော်တော်ယာဉ်မှ စက်ချို့ယွင်းသဖြင့် ပြုပြင်၍ ညအိပ်ရပ်နားခဲ့ကြောင်း၊ ဇန်န၀ါရီ ၂၀ ရက် နံနက် ၁ နာရီခွဲခန့်တွင် အရပ်ဝတ်များဝတ်ဆင်ထားသည့် AA အကြမ်းဖက်သောင်းကျန်းသူများ ရောက်ရှိ လာပြီး ရခိုင်လား၊ ဗမာလားဟု မေးမြန်းခဲ့ရာ ၎င်းမှ ဗမာလူမျိုးဖြစ်ကြောင်းပြောကြားခဲ့ကြောင်း၊ ၎င်းအား ယာဉ်မောင်းထိုင်ခုံ၌ပင် ခေါင်းငုံ့ထိုင်စေလျက် ဗမာဖြစ်လျင်မီးရှို့သတ်ဟု အချင်းချင်းပြောဆိုပြီးနောက် မော်တော်ယာဉ်နှင့်အတူ တစ်ပါတည်းမီးရှို့ခဲ့ကြောင်း၊ ထိုသို့မီးရှို့ခြင်းခံရစဉ် ၎င်း၏ခြေနှင့်လက်များပါ မီးကူး စက်လောင်စဉ် မော်တော်ယာဉ်ပေါ်မှ ခုန်ချထွက်ပြေးခဲ့ကြောင်း၊ ထိုသို့ထွက်ပြေးစဉ် AA အကြမ်းဖက် သောင်းကျန်းသူများက လက်နက်ငယ်များဖြင့် လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း၊ ၎င်းအနေဖြင့် သေဘေးမှ လွတ်မြောက်အောင် တောအတွင်း တစ်ညပုန်းအောင်း၍ အမ်းမြို့သို့တောလမ်းအတိုင်း ထွက်ပြေးခဲ့ရာ နယ်မြေခံတပ်သို့ ဇန်န၀ါရီ ၂၁ ရက် ညနေ ၅ နာရီခွဲ ခန့်တွင် မီးလောင်ဒဏ်ရာများဖြင့် ရောက်ရှိခဲ့ကြောင်း၊ ၎င်းမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အကူအညီဖြင့် အမ်းမြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရှိရသည်။

၎င်းသည် ရန်ကုန်-စစ်တွေ လမ်းကြောင်း၌ရိုးသားစွာ ယာဉ်မောင်းသည့်အလုပ် လုပ်ကိုင်နေသည်မှာ ၇ နှစ်ခန့်ရှိပြီဖြစ်ကြောင်း သိရှိရသည်။

အလားတူ AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်တွင် ရသေ့ တောင်မြို့နယ်၊ ရေစိုးချောင်းကျေးရွာအနီး ကားလမ်းမ ပေါ်၌ Light Truck ယာဉ် ၁ စီးအားလည်းကောင်း၊ သြဂုတ်လ ၂၉ ရက်တွင် ယိုးတရုတ်ကျေးရွာအနီး ရန်ကုန်-စစ်တွေ ပြည်ထောင်စုကားလမ်းမပေါ်၌ အောင်သုခ ကုန်စည်ပို့ဆောင်ရေး ယာဉ်လိုင်းမှ ၆ ဘီးယာဉ် ၃ စီးအားလည်းကောင်း မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ ဖျက်ဆီးမှု များ ဆောင်ရွက်ခဲ့သည်။ ၎င်းအပြင် ဇွန်လ ၂၇ ရက်တွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ (ICRC)မှ မောင်တောဒေသအတွက် ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်၍ ရန်ကုန်မှ မောင်တောသို့ ထွက်ခွာ လာသော ကုန်ကား ၆ စီးအား ကျောက်တော်မြို့နယ်၊ ကျောက်ကြပ် ကျေးရွာအနီး၌ မိုင်းထောင်ဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် သာမန်ခရီးသွားပြည်သူများအား ဖမ်းဆီးခြင်း၊ ၀န်ထမ်းများအား အကြောင်းမဲ့ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် လူမျိုးရေးခွဲခြားဆက်ဆံခြင်း များလည်း ဆောင်ရွက်လျက်ရှိသည်။

၎င်းလူနာအား နယ်မြေခံတပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

Read 744 times Last modified on Friday, 24 January 2020 22:20