SJ WorldNews - шаблон joomla Авто

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေး ဗဟိုကော်မတီ အစည်းအဝေး ကျင်းပ

Wednesday, 01 July 2020 09:10 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇွန်  ၃ဝ

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေး ဗဟိုကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးကျော်တင်၊ ဒေါက်တာဖေမြင့်၊ ဦးသန့်စင်မောင်၊ ဒေါက်တာမြင့်ထွေးနှင့် ဦးအုန်းမောင်၊ ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်နှင့် ဦးမောင်မောင်ဝင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဗဟိုကော်မတီဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက COVID-19 ရောဂါသည် တစ်ကမ္ဘာလုံးကို ထိခိုက်စေသည့် ကိစ္စဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဦးဆောင်မှု၊ ကျန်းမာရေးဝန်ကြီးဌာန၏ ကြိုတင်စီစဉ်မှုများကြောင့် First Wave ကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်သည့် အနေအထားရှိကြောင်း၊ မိမိတို့ သတိထားရမည့် ကိစ္စမှာ လက်ရှိရပ်တည်ထားသည့် ထိန်းသိမ်းမှုကို ဆက်လက် ထိန်းသိမ်းရန်ဖြစ်ကြောင်း၊COVID-19 ရောဂါသည် အားလုံးကို ထိခိုက်စေခဲ့ပြီး မိမိတို့၏ ငြိမ်းချမ်းရေး လမ်းစဉ်ကိုလည်း နှောင့်နှေးမှုဖြစ်စေခဲ့ကြောင်း။

ငြိမ်းချမ်းရေး ခရီးစဉ်သည် လွယ်ကူသည့် ခရီးစဉ်မဟုတ်ကြောင်း၊ COVID-19 ရောဂါဖြစ်ပွားမှုမတိုင်မီကပင် ငြိမ်းချမ်းရေးခရီးစဉ်၏ ရှေ့ဆက်သွားရမည့် နည်းလမ်းများကို အစိုးရ၊  တပ်မတော်၊  နိုင်ငံရေးပါတီများ၊ EAO များနှင့် အမြဲမပြတ် ဆွေးနွေးခဲ့ကြောင်း၊ အစောပိုင်းတွင် ဆွေးနွေးညှိနှိုင်းမှုများ ကြန့်ကြာသော်လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ခေါ်ယူနိုင်ပြီး နောက်တွင် တိုးတက်မှုများ ရရှိခဲ့ကြောင်း၊ COVID-19 ရောဂါ မဖြစ်ပွားခဲ့ပါက ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံကို သုံးလခန့်စော၍ ကျင်းပနိုင်မည်ဖြစ်ကြောင်း။

ငြိမ်းချမ်းရေး ခရီးစဉ်သည် အရေးကြီးသည့်အတွက် COVID-19 ရောဂါကိုလည်း အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်သည့် အခြေအနေတွင် New Normal ဟု ခေါ်သည့်ပုံစံဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံကို ကျင်းပရန်စီစဉ်ရခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂတွင် နှစ်စဉ်အထွေထွေ ညီလာခံ ကျင်းပကြောင်း၊ ယခုနှစ် အထွေထွေညီလာခံကို ပုံစံသစ်ဖြင့် ကျင်းပရန် စီစဉ်ထားကြောင်း၊ အထွေထွေညီလာခံ၏ General Debate တွင် ပုံမှန်တက်ရောက်နေကျ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများ မတက်ရောက်ဘဲ Video Conferencing ဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ယင်းအချက်ကိုကြည့်၍ မိမိတို့အနေဖြင့် (၂၁)ရာစုပင်လုံကို ကျင်းပသည့်အခါတွင် အကျဉ်းချုံးကိုသာ လုပ်နိုင်သည့် အခြေအနေရှိသည်ဟု သုံးသပ်ကြောင်း။

မိမိတို့ စဉ်းစားသုံးသပ်ရာတွင် ကိုယ်စားလှယ်များကို Social Distancing  ဖြင့် ထား၍ ဆောင်ရွက်မည်ဆိုပါက မည်သည့်အရေအတွက် ဖြစ်နိုင်မည်ဆိုသည်ကို ကြည့်ကြောင်း၊ထိုသို့သုံးသပ်ရာတွင် ယခင်က ကိုယ်စားလှယ် ၇ဝဝ ခန့် တက်ရောက်ကြောင်း၊ ယခင် ကိုယ်စားလှယ် အရေအတွက် သုံးပုံတစ်ပုံခန့်ဖြင့် ကျင်းပရန် အဖြေထွက်ကြောင်း၊ ယင်းအဖြေအပေါ်မူတည်၍ EAO များနှင့် ညှိနှိုင်းသည့်အခါတွင် EAO များကလည်း ငြိမ်းချမ်း ရေးညီလာခံသည် မဖြစ်မနေ ကျင်းပသင့်ကြောင်း၊ ထို့ကြောင့် COVID-19 အခြေအနေပေါ် မူတည်၍ ပြုပြင်ပြောင်းလဲမှု လုပ်ထားသည့် ပုံစံသစ်ဖြင့် ဆောင်ရွက်ရန်ကိုလည်း သဘောတူကြောင်း၊ ယခုကဲ့သို့ဆောင်ရွက်ခြင်းသည် ချက်ချင်း ထွက်ပေါ်လာသည့် အခြေအနေမဟုတ်ဘဲ Working Plan အဖွဲ့တွင် ဆက်တိုက်ညှိနှိုင်းရသည်များ ရှိကြောင်း၊ ညှိနှိုင်းချက်များအပေါ် မူတည်၍ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံကို ကျင်းပရန် စီစဉ်နေခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ အောင်မြင်ရေး အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် ပြောကြားလိုကြောင်း ပြောကြားသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ဖိတ်ကြားရေး လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ကြိုဆိုနေရာချထားရေး၊ တည်းခိုနေထိုင်ရေး လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ၊ခန်းမအတွင်း နေရာချထားရေး လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က   သယ်ယူပို့ဆောင်ရေး လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် အမြဲတမ်း အတွင်းဝန်တို့က အခမ်းအနား ပြင်ဆင်ရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ဧည့်ခံကျွေးမွေးရေး လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် က လုံခြုံရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က သတင်းပြန်ကြားရေးနှင့်  မှတ်တမ်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် တာဝန်ရှိသူတို့က ကျန်းမာရေး လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဘဏ္ဍာရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်က ပူးပေါင်းညှိနှိုင်းရေး လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်းရှင်းလင်းတင်ပြကြရာ တင်ပြချက်များနှင့် စပ်လျဉ်း၍ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌက လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် တက်ရောက်လာကြသူများက ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ   ကျင်းပနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို အကြံပြုဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ  ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ငြိမ်းချမ်းရေးကိစ္စသည်   အရေးကြီးသည့်အတွက်   COVID-19 ကာလတွင် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊  ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့် တက်ရောက်လာကြသူအားလုံး၏ ကျန်းမာရေး အတွက် COVID-19 ဆိုင်ရာ ညွှန်ကြားချက်များနှင့် လမ်းညွှန်ချက်များကို အပြည့်အဝ ကျင့်သုံးလိုက်နာ ဆောင်ရွက်ခြင်းဖြင့် အောင်အောင်မြင်မြင် ကျင်းပနိုင်မည်ဟုယူဆကြောင်း ပြောကြားပြီးအစည်းအဝေးကိုရုပ်သိမ်းလိုက်ကြောင်း သိရသည်။                   

 

Read 19 times Last modified on Wednesday, 01 July 2020 09:13