အစ္စရေးနိုင်ငံရှိ ပြည်သူများကာကွယ်ဆေးထိုးပြီးနောက် နှာခေါင်းစည်းမတပ်ဘဲ လမ်းပေါ်ထွက်လာ

အစ္စရေးနိုင်ငံရှိ လူဦးရေ ထက်ဝက်ကျော်သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို အပြည့်အဝ ထိုးပြီးနောက် ပြည်သူ များသည် ဧပြီ ၁၈ ရက်တွင် နှာခေါင်းစည်းမတပ်ဘဲ လမ်းပေါ်ထွက်လာနေပြီ ဖြစ်ကြောင်း သိရသည်။

နိုင်ငံအတွင်းရှိ လူဦးရေထက်ဝက်ကျော်ကို ကာကွယ်ဆေးများ ထိုးပေးပြီးဖြစ်သောကြောင့် ပြည်သူများအနေဖြင့် အမိုးအကာပြင်ပရှိအများနှင့် သက်ဆိုင်သော နေရာများတွင် နှာခေါင်းစည်း မတပ်ဘဲ သွားလာနိုင်ပြီ ဖြစ်ကြောင်း အစ္စရေးကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၁၅ ရက်တွင်ကြေညာထားသည်။

လူဦးရေ ကိုးသန်းကျော်ရှိသည့် အစ္စရေးနိုင်ငံသည်  ကာကွယ်ဆေးအမြန်ဆုံးထိုးပေးနိုင်သည့် နိုင်ငံများထဲတွင် တစ်နိုင်ငံ အဖြစ်ပါဝင်ပြီး ယခုအခါ လူဦးရေငါးသန်းနီးပါးကို   ကာကွယ်ဆေးထိုးပေးပြီး ဖြစ်သည်။

ယခုကဲ့သို့ ကာကွယ်ဆေးထိုးနိုင်မှုကြောင့် စာသင်ကျောင်းများ၊ စားသောက်ဆိုင်များကို ပြန်ဖွင့်သွားမည်ဖြစ်ပြီး  အမိုးအကာအောက်ရှိ အများနှင့်သက်ဆိုင်သော နေရာများတွင်မူ နှာခေါင်းစည်းများကို တပ်ထားရဦးမည် ဖြစ်သည်။

အစ္စရေးနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းအမြန်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပြီး ရောဂါကူးစက်ခံရသူ ၈၃၆၀၀၀ နှင့် သေဆုံးသူ ၆၃၀၀ ကျော်ရှိသည်။ သို့သော် ဖိုင်ဇာနှင့် ဘိုင်အိုအန်တက်ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများကို မှာယူ တင်သွင်းထိုးနှံပေးပြီးနောက် နိုင်ငံအတွင်း ရောဂါကူးစက်မှုနှုန်း သိသိသာသာ ကျဆင်းလာခြင်း ဖြစ်ကြောင်း သိရသည်။

Ref: CNA