အစ္စရေးနှင့် ဂရိတို့ကြား တန်ဖိုးအများဆုံးသော ကာကွယ်ရေးပစ္စည်း ဝယ်ယူမှု စာချုပ်ချုပ်ဆို

အစ္စရေးနိုင်ငံနှင့် ဂရိနိုင်ငံတို့ကြား သမိုင်းတစ်လျှောက်   တန်ဖိုးအများဆုံးသော ကာကွယ်ရေးပစ္စည်းဝယ်ယူမှု စာချုပ်ကို ချုပ်ဆိုကြောင်းနှင့် ထိုသို့ချုပ်ဆိုနိုင်ခြင်းသည် နှစ်နိုင်ငံကြားနိုင်ငံရေးနှင့် စီးပွားရေးအရ ဆက်ဆံရေးများကို ပိုမိုခိုင်မာစေမည်ဖြစ်ကြောင်း အစ္စရေးအစိုးရက ဧပြီ ၁၈ ရက်တွင် ပြောသည်။

ထိုစာချုပ်တွင် အစ္စရေးကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သည့် အယ်ဘစ်ဆစ္စတမ်က နှစ်ပေါင်း ၂၂ နှစ် အတွင်း ဂရိလေတပ်အတွက် လေ့ကျင့်ရေးဌာန တစ်ခုကို  တည်ဆောက်ပေးရေးနှင့် လုပ်ငန်းလည်ပတ်ရေး ဆောင်ရွက်ပေးရန် ပါဝင်ပြီး ထိုစာချုပ်အတွက် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၅ ဘီလီယံရှိကြောင်း သိရသည်။

အစ္စရေးနိုင်ငံ၏ ကိုယ်ပိုင်လေကြောင်း အကယ်ဒမီကို စံထားကာ အဆိုပါ လေ့ကျင့်ရေးဌာနကို တည်ဆောက်သွားမည် ဖြစ်ပြီး အီတလီနိုင်ငံ လီယိုနာဒိုကုမ္ပဏီထုတ် M-346 လေ့ကျင့်ရေးလေယာဉ် ၁၀ စင်းလည်း ပါဝင်ထည့်သွင်းပေးသွားမည် ဖြစ်ကြောင်း အစ္စရေးကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အလားတူ အယ်ဘစ်ဆစ္စတမ်ကုမ္ပဏီကလည်း ဂရိနိုင်ငံတွင် အသုံးပြုနေသော T-6 လေယာဉ်များကို အဆင့်မြှင့်တင်ပေး သွားမည်ဖြစ်ကာ လက်တွေ့လေ့ကျင့်ရေး၊ သဏ္ဌာန်တူ လေ့ကျင့်ရေးပစ္စည်းများနှင့် လိုအပ်သော ထောက်ပံ့မှုများကိုလည်း ပေးအပ်သွားမည် ဖြစ်သည်။

ယူအေအီး၊ ဂရိ၊ ဆိုက်ပရပ်နှင့် အစ္စရေးနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများက ဧပြီ ၁၆ ရက်တွင် ဆိုက်ပရပ်နိုင်ငံ၌ တွေ့ဆုံကာ ၎င်းတို့ နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရေး သဘောတူပြီးနောက် ယခုကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။           

Ref: TST