ကိုဗစ်-၁၉ ကာကွယ်ဆေးအကြောင်း ပြောကြသမျှ ကောလာဟလများ(၁)

၂၀၁၉ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းကစလို့ ၂၀၂၀ ပြည့်နှစ် တစ်နှစ်လုံးနီးပါးဟာ တစ်ကမ္ဘာလုံးအတွက် အမှောင်ဖုံးတဲ့ နေ့ရက်များ ဖြစ်ခဲ့ပါတယ်။

အကြောင်းရင်းကတော့  အများသိကြတဲ့အတိုင်းပဲ ကမ္ဘာ့ကပ်ရောဂါအဖြစ် ပြောင်းလဲသွားတဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကြောင့်ပါ။

ကူးစက်မြန်ပြင်းထန်ပြီး နဂိုတခြားရောဂါအခံရှိသူတွေဆိုရင်   အသက်သေဆုံးတဲ့အထိ ဖြစ်စေနိုင်တဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် တစ်ကမ္ဘာလုံးမှာ သေဆုံးသူ စုစုပေါင်း သုံးသန်းနီးပါးအထိကို ရောက်ရှိလာပါတယ်။

ရောဂါကူးစက်ခံရသူစုစုပေါင်းကတော့ ၁၃၃ သန်းကျော်ပါတယ်။

ရောဂါစတင်ဖြစ်ပွားစဉ် အစောပိုင်းမှာ လူတွေက ရောဂါအသစ်ဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါရဲ့အန္တရာယ်ကို လျှော့တွက်ကြပါတယ်။  တကယ်တမ်း ဆိုးဆိုးဝါးဝါး ဖြစ်လာချိန်မှာတော့ ထိတ်လန့်စရာကောင်းလောက်အောင် အံ့အားသင့် သွားကြပါတော့တယ်။

တစ်ချိန်တည်းမှာပဲ ပညာရှင်တွေကလည်း ရောဂါကို ကုသနိုင်မယ့်ဆေးကို ရှာဖွေဖော်ထုတ်ကြပြီး ဒီရောဂါဟာ ကူးစက်ရောဂါဖြစ်တဲ့အတွက် ကာကွယ်ဆေးကိုလည်း တီထွင်စမ်းသပ်လာကြပါတယ်။

အခုတော့  ပညာရှင်တွေရဲ့ ကြိုးစားအားထုတ်မှုကြောင့်  ကမ္ဘာမှာကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတွေ ထွက်ပေါ်လာပါပြီ။

ဒါပေမဲ့လည်း  လူတွေဟာသူတို့ရဲ့ ဉာဉ်အတိုင်းပဲ ကိုယ်ကသာဘာမှမဟုတ်တာ သူများတကာ ဖန်တီးပြီးပြီဆိုရင်တော့   အမြဲတမ်းအပြစ်မြင်တဲ့ မျက်စိနဲ့ကြည့်လေ့ရှိပါတယ်။

အခုလည်းအလားတူပါပဲ။   ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတွေထွက်ပေါ်လာတာနဲ့အမျှ ဒီကာကွယ်ဆေးတွေနဲ့ ပတ်သက်ပြီး ကောလာဟလ တွေကလည်း ထွက်ပေါ်လာပါတယ်။

အဆိုးဆုံးကတော့   လူမှုကွန်ရက်တွေကိုလူတွေအသုံးများလာတာနဲ့အမျှ  ကောလာဟလ ဆိုတာကလည်း တောမီးလိုပဲ ပျံ့လွယ်နေခြင်း ဖြစ်ပါတယ်။

“ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကတော့ ဘယ်လိုဖြစ်လို့ ငါတော့မထိုးတော့ဘူး”ဆိုပြီး တစ်ယောက်က လူမှုကွန်ရက်ပေါ်တင်လိုက်တာနဲ့    အမှန်တရားကိုမသိတဲ့သူတွေက “ငါတို့လည်းမထိုးတော့ဘူး” ဆိုပြီး ဖြစ်လာ တတ်ပါတယ်။

ဒါဟာ သိပ်ကိုအန္တရာယ် များပါတယ်လို့ ဆရာဝန်တွေက မှတ်ချက်ပြုပြောထားပါတယ်။ ကာကွယ်ဆေးထိုးမှသာ ဆိုးဝါးလှတဲ့ဒီကပ်ဘေးကြီးကို ကျွန်တော်တို့ ကျော်လွှားနိုင်မှာပါ။

လူတွေရဲ့အသက်ဟာ တန်ဖိုးရှိပါတယ်။ လောကကြီးအတွက် ကောင်းကျိုးပြုတယ် ဆိုရင်ပေါ့လေ။ ဒီလိုတန်ဖိုးရှိတဲ့ အသက်တွေအတွက်    ကာကွယ်ဆေးဆိုတာ အသက်ကယ်ဆေးတစ်မျိုး ဖြစ်ပါတယ်။

ဒါကြောင့် ကာကွယ်ဆေးထိုးခြင်းဟာ ကိုယ့်အသက်ကိုယ်ကယ်ခြင်း ဖြစ်တဲ့အတွက်    ဘယ်အရာတွေက ကောလာဟလလည်း၊ ဘယ်အရာတွေကအမှန်တရားလည်း ဆိုတာကို သူတစ်ပါးအပြောနဲ့တင်လမ်းမဆုံးဘဲ ကိုယ်တိုင်သိရှိနိုင်ဖို့ အရေးကြီးပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတွေကို သတ်မှတ်ချက်အလိုက် ထိုးပေးနေပြီ ဖြစ်တဲ့အတွက် ကာကွယ်ဆေးတွေနဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ ကောလာဟလတွေနဲ့ ဒီကောလာဟလတွေအပေါ် ပြန်လည်ဖြေရှင်းချက်တွေကို ရှာဖွေပြုစုတင်ပြပေးလိုက်ရပါတယ်။

ကိုယ်ထိုးချင်တဲ့ဆေးကို စိတ်ကြိုက်ရွေးချယ်နိုင်တယ်

လူသားတွေမှာ  ရွေးချယ်ပိုင်ခွင့်ဆိုတာရှိပါတယ်။ ဒါပေမဲ့အခြေအနေအပေါ်မှာတော့မူတည်တာပေါ့။ ဥပမာ ရေဘေးသင့်နေချိန်၊  မီးဘေးသင့်နေချိန်မှာ ဘယ်ဟိုတယ်ကအစားအသောက်ကိုစားချင်တယ်ဆိုပြီး ရွေးချယ်ခွင့်ရမှာ မဟုတ်ပါဘူး။

အလားတူပဲ လက်ရှိကမ္ဘာ့ကျန်းမာရေးအခြေအနေကလည်း ကပ်ရောဂါဆိုးကြီးကျရောက်နေဆဲ အချိန်ကာလဖြစ်ပါတယ်။ ဒီအချိန်မှာ ကပ်ရောဂါဆိုးကြီးဘေးကနေ အမြန်ဆုံးလွတ်ကင်းဖို့အတွက် လူတိုင်းကိုယ်စီကာကွယ် ဆေးထိုးဖို့ လိုအပ်ပါတယ်။

ကာကွယ်ဆေးဆိုတာကလည်း လူသားတွေအားလုံးအပေါ် သက်ရောက်မှုပမာဏမတူပါဘူး။ ကိုယ့်နိုင်ငံ၊ ကိုယ့်ရေမြေ၊   ကိုယ့်ဘဝနေထိုင်မှုပုံစံတွေအပေါ်မူတည်ပြီး   သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေက ကိုယ့်နိုင်ငံမှာအသုံးပြုသင့်တဲ့ ကာကွယ်ဆေးကို ရွေးချယ်ရပါတယ်။

နောက်တစ်ချက်က   အခုချိန်ဟာကာကွယ်ဆေးတွေကို ဖောဖောသီသီ မထုတ်လုပ်နိုင်သေးတာကြောင့် အစိုးရ ကိုယ်တိုင်ကြီးကြပ်ပြီး   ကာကွယ်ဆေးဝယ်ယူတင်သွင်း အသုတ်လိုက်ထိုးပေးနေရတာ ဖြစ်ပါတယ်။

ဒီအချိန်မှာ ကိုယ့်အနေနဲ့နိုင်ငံအတွင်းမှာ အသုံးပြုခွင့်ရထားတဲ့ ကာကွယ်ဆေးတွေကလွဲလို့ တခြားကာကွယ်ဆေးကိုပဲ ထိုးမယ်ဆိုပြီး တောင်းဆိုဖို့ မဖြစ်နိုင်ပါဘူး။

ရရှိထားတဲ့၊ ထိုးနှံသင့်တဲ့ကာကွယ်ဆေးကိုပဲထိုးရမှာ ဖြစ်ပါတယ်။

ဒီလိုမှမဟုတ်ဘဲ   “ငါကတော့ အခုမထိုးသေးဘူး။ ငါလိုချင်တဲ့ကာကွယ်ဆေးရမှထိုးမယ်” ဆိုပြီး  ပေကပ်နေမယ်ဆိုရင်   ကိုယ်ကိုတိုင်ရောဂါ ကူးစက်ခံရနိုင်သလို ကိုယ့်ကြောင့်လည်း လူအများကို ရောဂါကူးစက် ခံရနိုင်စေပါတယ်။  ဒါဆိုရင်တော့  ကိုယ်တစ်ယောက်တည်းရဲ့ အတ္တကြောင့်  လူအများမှာ ဒုက္ခရောက်ရပါလိမ့်မယ်။

အကောင်းဆုံးကတော့ အခုအချိန်မှာ ရရှိနိုင်တဲ့ ကာကွယ်ဆေးကို ထိုးထားပါ။ ဒါမှသာ ကိုဗစ်-၁၉ ရောဂါကြောင့်  အသက်မဆုံးရှုံးရတော့ဘဲ  နောင်တစ်ချိန်ကာကွယ်ဆေးတွေ  ဖောဖောသီသီဖြစ်လာချိန်မှာ ကိုယ်ထိုးချင်တဲ့ ကာကွယ်ဆေးကို ကိုယ့်စိတ်ကြိုက်ရွေးချယ်ပြီး ထိုးနိုင်မှာ ဖြစ်ပါတယ်။

 ကိုဗစ်-၁၉ ကာကွယ်ဆေးကမြုံစေတယ်

လူသားတွေဖြစ်တဲ့အလျောက်   လိင်ပိုင်းဆိုင်ရာ မစွမ်းဆောင်နိုင်မှာ၊ ကိုယ့်မျိုးဆက်မကျန်မှာ၊ ပွင့်ပွင့်လင်းလင်း ပြောရရင် ကလေးမရနိုင်တဲ့ အမြုံကြီးဖြစ်မှာကို ကြောက်ကြပါတယ်။

ဒီအချက်ကိုအခွင့်ကောင်းယူပြီး မလိုသူတချို့က လွှင့်လိုက်တဲ့  ကောလာဟလက  ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးရင် လူကိုမြုံစေတယ်ဆိုပြီး ဖြစ်ပါတယ်။ ဒါဟာ သက်သေသက္ကာယလုံးဝမရှိတဲ့ ထင်ရာမြင်ရာ ပြောဆိုမှုသက်သက်သာ ဖြစ်ပါတယ်။

ဒီနေရာမှာ ကာကွယ်ဆေးတွေရဲ့အလုပ်လုပ်ပုံကို လူတွေအားလုံး ရှင်းရှင်းလင်းလင်း သိထားဖို့ သိပ်ကို လိုအပ်တဲ့အတွက် ရှင်းပြချင်ပါတယ်။

လက်ရှိခွင့်ပြုချက်ရရှိပြီးသား ကာကွယ်ဆေးတွေအနက် ဖိုင်ဇာ-ဘိုင်အိုအန်တက်နဲ့ မိုဒန်နာကုမ္ပဏီထုတ် ကာကွယ်ဆေးများဟာ ကိုယ်တွင်းဇီဝဖြစ်စဉ်အတွက် သတင်းပေးပို့သူဆက်သားလို့ပြောနိုင်တဲ့    mRNA နည်းပညာ အသစ်ကို အသုံးပြုထားပါတယ်။

mRNA က  ကိုဗစ်-၁၉ ရောဂါကိုဖြစ်စေတဲ့  Sars-CoV-2 ဗိုင်းရပ်ရဲ့ မျက်နှာပြင်ရှိ စပိုက်ပရိုတိန်း တစ်စိတ်တစ်ပိုင်းကို တခြားအရာတွေ မသိအောင်ပုံစံတစ်မျိုးနဲ့ ဝှက်လိုက်ပါတယ်။

ပြီးတဲ့နောက် mRNA က ပုံစံတစ်မျိုးနဲ့ ဝှက်ထားတဲ့စပိုက်ပရိုတိန်းကို အသုံးပြုပြီး လူ့ခန္ဓာကိုယ်ကနေ ကိုယ်ခံအားတုံ့ပြန်မှု ထွက်ရှိအောင် လုပ်ဆောင်ပါတယ်။

အဲဒီလိုလုပ်ဆောင်မှုကြောင့် ခန္ဓာကိုယ်က ပဋိပစ္စည်းများထွက်လာပြီး  နောက်ဆုံးမှာ  စပိုက်ပရိုတိန်းနဲ့ mRNA ကိုသတ်လိုက်နိုင်ပါတယ်။ ဒါပေမဲ့ ပဋိပစ္စည်းကတော့ ခန္ဓာကိုယ်ထဲမှာကျန်ရှိနေခဲ့ပြီး နောက်ထပ်လာမယ့်  Sars-CoV-2 ဗိုင်းရပ်တွေကို ချေမှုန်းဖို့ အသင့်အနေအထားနဲ့ ရှိနေပါတယ်။

ကျန်တဲ့ကာကွယ်ဆေး တော်တော်များများကတော့ သမားရိုးကျ ကာကွယ်ဆေးတွေ လိုမျိုးပဲ စပိုက်ပရိုတိန်း ဖုံးထားတဲ့ တခြားဗိုင်းရပ် အကြွင်းအကျန်တွေ၊ အသက်မဝင်တော့တဲ့  Sars-CoV-2 ဗိုင်းရပ်တွေကို အသုံးပြုပြီး ဖော်စပ်ထားတာ ဖြစ်ပါတယ်။

အဲဒီကာကွယ်ဆေးတွေမှာပါတဲ့ စပိုက်ပရိုတိန်းတွေ၊ ဗိုင်းရပ်အသေတွေခန္ဓာကိုယ်ထဲရောက်သွားချိန်မှာ လူသားတွေ ဆီကနေ   ကိုယ်ခံအားဖြစ်ပေါ်လာပါတယ်။

ဖြစ်ပေါ်လာတဲ့ ကိုယ်ခံအားက  အဲဒီအရာတွေကို တိုက်ထုတ်ပြီးချိန်မှာ တကယ့်ဗိုင်းရပ်အစစ် ဝင်လာရင်လည်း တိုက်ထုတ်နိုင်ဖို့အတွက် အချိန်အတိုင်းအတာ တစ်ခုအထိ အသင့်ရှိနေတတ်ပါတယ်။

လူတချို့က အဲဒီကာကွယ်ဆေးတွေထဲမှာ စပိုက်ပရိုတိန်းတစ်မျိုးဖြစ်တဲ့  Syncytin-1 ပရိုတိန်းပါတယ်လို့ သိထားပါတယ်။

Syncytin-1 ပရိုတိန်းဆိုတာ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ သန္ဓေသားဆီကို အာဟာရတွေပို့ပေးတဲ့ အချင်းရဲ့ လုပ်ဆောင်ချက်နဲ့ ဆက်စပ်နေတဲ့ ပရိုတိန်းဖြစ်ပါတယ်။

ဒါပေမဲ့   Sars-CoV-2 ဗိုင်းရပ်မှာပါတဲ့  စပိုက်ပရိုတိန်းနဲ့ Syncytin-1 ပရိုတိန်းတို့က လားလားမှ မတူညီပါဘူး။  ပြီးတော့ Syncytin-1 ပရိုတိန်းက ကလေးမမွေးနိုင်ဘဲ မြုံစေတယ်ဆိုတဲ့ သက်သေပြချက်လည်း အခုအချိန်အထိ မရှိပါဘူး။

ဒီတော့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးက လူကိုမြုံစေတယ်ဆိုပြီး တစ်စုံတစ်ယောက်က ကိုယ့်ကိုပြောလာရင် အဲဒီပြောဆိုချက်ဟာ  မှားယွင်းကြောင်း၊ ကောလာဟလသာ ဖြစ်ကြောင်း၊    တကယ်တမ်းမှာ လူကိုမမြုံစေကြောင်း အာပေါင်အာရင်း သန်သန်နဲ့သာ ပြန်ပြောလိုက်ပါလို့ ဆရာဝန်များက တိုက်တွန်းထားပါတယ်။

ထက်မြက်