ငယ်ဘဝ

ယမန်နေ့မှအဆက်

အဖေကြီး၏စာသင်ကျောင်းတွင် ညနေကျောင်းဆင်းတိုင်း ဘုရားရှိခိုးရသည်။  ထိုသို့ဘုရားရှိခိုးရာမှ အလွတ်ရနေသော ဘုရားရှိခိုးကို ရွတ်ဆိုရှိခိုးသည်။

ဗုဒ္ဓံပူဇေမိ၊ ဓမ္မံပူဇေမိ၊ သံဃံပူဇေမိဗုဒ္ဓေါမေသရဏံ အညံ နတ္တိဓမ္မောမေ သရဏံ အညံ နတ္တိသံဃောမေ သရဏံ အညံ နတ္တိဗုဒ္ဓဂုဏော အနန္တောဓမ္မဂုဏော အနန္တောသံဃဂုဏော အနန္တောမာတာပီတုဂုဏော အနန္တောအာစရိယဂုဏော အနန္တောဗုဒ္ဓေါမေ သိသေတိဋ္ဌတု၊ ဓမ္မောမေ သိသေတိဋ္ဌတု၊ သံဃောမေ သိသေတိဋ္ဌတု ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို ရိုရိုသေသေရှိခိုးပြီးသည်နှင့် “ကျောက်မပေါက်ပါစေနဲ့”ဟု ဆုတောင်းသည်။ စိတ်ထဲမှာ အေးချမ်းသွားသည်။ ကျောက်ပေါက်မှာ မဟုတ်တော့ဘူးဟုလည်း ယုံကြည်သည်။

ကျောက်ပေါက်ဖြစ်စဉ်မှာ နှစ်ရက်ဖျားပြီး သုံးရက်မြောက်တွင် ကျောက်အလုံးကလေးများ စတင်ထွက်လာသည်။

မောင်ငြိမ်းချမ်းနှစ်ရက်ဖျားပြီးပြီ။ နောက်တစ်နေ့သုံးရက်မြောက်တွင် ကျောက်အလုံးကလေးများ ထွက်မလာဘဲ အဖျားပျောက်သွားသည်။ နောက်ရက်များမှာလည်း ပြန်မဖျားတော့ပါ။ ကျောက်လုံးများလည်း ထွက်မလာတော့ပါ။ ကျောက်ရောဂါအန္တရာယ်ဘေးမှ မောင်ငြိမ်းချမ်းလွတ်မြောက်သွားပါသည်။

ညီအငယ်ဆုံးကတော့ ကျောက်ရောဂါကူးစက်ခံရသည်။ သူ၏ကျောက်ရောဂါမှာ အဆိုးဆုံးဖြစ်၏။

တစ်ကိုယ်လုံး အပ်ချစရာ မရှိလောက်အောင် ထူထပ်စွာပေါက်၏။ ကျောက်တွင်းများကလည်း နက်သည်။

နှမလေးကတော့ တဖြည်းဖြည်း ပျောက်ကင်းကောင်းမွန်သွားသည်။ ကျောက်အလုံးများသော်လည်း ပေါက်သော ကျောက်များက တွင်းနက်ခြင်းမရှိ ကျောက်ပေါက်မာပင် မကျန်ဘဲကောင်းသွား၏။

ညီအငယ်ဆုံးလေးကတော့ ကျောက်ရောဂါကြောင့် မျက်နှာမှာ ကျောက်ပေါက်မာသာမက ကုတ်ဖဲ့မိသော အမာရွတ်ကြီးများပါဖြစ်သည်။ သွားများပျက်စီးသည်။

ကျောက်ပေါက်နာများမှာ ပိုးလောက်များကျ၍ တွင်းနက်ကြီး ဖြစ်ကုန်သည်။ အသားများပျက်စီးသည်။ လက်ချောင်း ကလေးများ ကွေးကောက်သွားသည်။ မြွေအရေလဲသကဲ့သို့ တစ်ကိုယ်လုံးမှာ အရေများအလွှားလွှား ကွာကျသည်။ သုံးနှစ်အရွယ် မတ်တတ်ပြေးပြီးခါမှ ထိုင်ပင်မထိုင်နိုင်သော အခြေအနေသို့ ပြန်ရောက်သွားသည်။

အရိုးပေါ်အရေတင်အားအင်ချည့်နဲ့၍ အဘိုးကြီးအိုလေးလိုဖြစ်သွားသည်။ ကံကောင်းထောက်မ၍ အသက်မသေ သော်လည်း လပေါင်းများစွာ ပြုစုကုသရသည်။

ညီကလေးကို မောင်ငြိမ်းချမ်းကောင်းစွာ ပြုစုစောင့်ရှောက်ခဲ့ရသည်။ လပေါင်းများစွာ ကျောပိုး၍ သွားရသည်။

“သေသွားရင် ညီလေးကို ကျောပိုးချင်လို့တောင် ငါ့မြေးပိုးခွင့်ရမှာ မဟုတ်ဘူး...”ဆိုသော အမေကြီး၏ စကားက ကျောပိုးရသည်ကိုပင် နှစ်သက်စရာဖြစ်စေသည်။

မြေးမှုံ့ကစားဖော်သူငယ်ချင်း မောင်ငြိမ်းချမ်းနှင့်ဘိုအေးသည် သက်တူရွယ်တူ မြေးမှုံ့ကစားဖော်သူငယ်ချင်း ဖြစ်ရုံမက  အိမ်နီးချင်းလည်း ဖြစ်သည်။

မောင်ငြိမ်းချမ်းတို့ အိမ်ရှေ့မှာ ညောင်ပင်ကြီးတစ်ပင်ရှိသည်။ အရိပ်အာဝါသလွန်စွာ ကောင်းသည်။

ညောင်ပင်၏အခြေမှာ ညောင်မြစ်များ ယှက်ဖြာလိမ်ခွနေကြသည်ကလည်း ကလေးများထိုင်ချင်စရာ သဘာဝကွပ်ပျစ်ဖြစ်နေသည်။

ညောင်ပင်ကြီးမှာ မောင်ငြိမ်းချမ်းတို့ အိမ်ရှေ့ရှိ လမ်းမကြီးနှင့်လည်းနီး၍  လမ်းသွားလမ်းလာများ ညောင်ရိပ်မှာနားခိုကြသည်။ နွေရာသီ၏ နေ့ခင်းနေ့လယ်များမှာ   ကလေးများ လာရောက်ကစားကြသည်။

ထိုကလေးများတွင် ဘိုအေးကတော့ အချိန်တိုင်းမှာလိုလိုညောင်ပင်ကြီးအောက်မှာ ရောက်နေတတ်သည်။

အိမ်နီးချင်းဖြစ်၍ မလုံမခြုံကာရံထားသော ခြံစည်းရိုးကို အလွယ်တကူဖြတ်လာနိုင်သည်။

မောင်ငြိမ်းချမ်းကလည်း   အခွင့်သာသည်နှင့် ညောင်ပင်ကြီးအောက်ရောက်သွားပြီး   ဘိုအေးနှင့်ဆော့ကစားသည်။ ဘိုအေးမိဘများက ဆင်းရဲသည်။

လယ်ပိုင်ယာပိုင်မရှိ။ မုန့်တီလုပ်ပြီး အခြားရွာများသို့ သွားရောင်းရသည်။

နွေရာသီတစ်ရက် မနက်ပိုင်းမှာဖြစ်သည်။ အဖေကြီးက  အိမ်မှာတင်  လချုပ်စာရင်းများလုပ်နေသည်။

အမေက  အမေကြီးကိုကူညီ၍  ကုလားပဲဆန်များ သန့်စင်ရွေးချယ်နေသည်။ ယာထွက်ကုလားပဲများကို ကြိတ်ခွဲပြီး ဈေးမှာရောင်းချရန်ဖြစ်သည်။

မောင်ငြိမ်းချမ်းက မနက်စာစားပြီးပြီမို့ သုံးဘီးပါသော စက်ဘီးလေးကို အိမ်ထဲမှ ဆွဲထုတ်လာသည်။

“အမေ...ညောင်ပင်အောက်မှာသွားကစားမယ်နော်”

အမေ့ကို ခွင့်တောင်းသည်။

“သွားချင်မှာပေါ့....ဟိုမှာ ကစားဖော်က စောင့်နေပြီကိုး...”

ဘိုအေးက ညောင်ပင်အောက်သို့ရောက်၍ ညောင်မြစ်ခွေပေါ်မှာထိုင်နေသည်။ အမေကမှည့်နေပြီ ဖြစ်သော ခြံထွက်ငှက်ပျောခိုင်မှ ငှက်ပျောသီးတစ်လုံးဖြုတ်ပြီး မောင်ငြိမ်းချမ်းကိုပေးသည်။

“ရော့...ဒါ..သားစားဖို့ပေးတာနော်...ခဏနေဦး...”

အမေက ငှက်ပျောခိုင်မှ ငှက်ပျောသီးမှည့်တစ်လုံးထပ်ဖြုတ်သည်။

“ဒါက...ဘိုအေးကို ပေးလိုက်...”

“ဟုတ်ကဲ့”

မောင်ငြိမ်းချမ်းငှက်ပျောသီးနှစ်လုံးယူပြီး စက်ဘီးစီး၍ ညောင်ပင်အောက်သို့သွားသည်။

ညောင်ပင်အောက်မှာ ဘိုအေးနှင့်တွေ့သည်။

ဘိုအေးတွင် အင်္ကျီမပါဘောင်းဘီတိုလေးနှင့်ဖြစ်သည်။

ထိုင်နေပုံက ဒူးနှစ်ဖက်ကိုလက်နှင့်ပိုက်၍ ကုပ်ကုပ်လေးဖြစ်သည်။ မောင်ငြိမ်းချမ်းကိုတွေ့သောအခါ မောင်ငြိမ်းချမ်း လက်ထဲမှ ငှက်ပျောသီးနှစ်လုံးကို လှမ်းကြည့်နေသည်။           

  ဆက်လက်ဖော်ပြပါမည်။

လယ်တွင်းသားစောချစ်