တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေး-မြို့သာ စက်မှုဥယျာဉ်၊Ding Wang  မုန့်စက်ရုံနှင့် Gold Aya Motor ကားစက်ရုံများသို့ သွားရောက်လေ့လာ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေး-မြို့သာ စက်မှုဥယျာဉ်၊Ding Wang  မုန့်စက်ရုံနှင့် Gold Aya Motor ကားစက်ရုံများသို့ သွားရောက်လေ့လာ

နေပြည်တော်၊ သြဂုတ် - ၂၅
    
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦး နှင့် အဖွဲ့ဝင်များလိုက်ပါလျက် မန္တလေးတိုင်းဒေသကြီး၊ မန္တလေး-မြို့သာ စက်မှုဥယျာဉ်၊ Ding Wang မုန့်စက်ရုံနှင့်  Gold Aya Motor မော်တော်ကားစက်ရုံများသို့ သွားရောက် လေ့လာကြည့်ရှုသည်။
    
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မန္တလေး-မြို့သာ စက်မှုဥယျာဉ် စီမံကိန်းနေရာသို့ ရောက်ရှိကြရာ စီမံကိန်း ဥက္ကဌ ဦးအောင်ဝင်းခိုင် နှင့်အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြပြီး မြို့သာစီမံကိန်းရှင်းလင်းဆောင်တွင် ဥက္ကဌက စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုများ၊ ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်း ဆောင်ရွက်နေမှုများ၊ ကျန်းမာရေးဆောင်ရွက်ပေးနေမှုများနှင့် ဗုဒ္ဓဘာသာအဓွန့်ရှည် တည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဆောင်ရွက် ပေးနိုင်မည့် ကောင်းမွန်သည့် စီမံကိန်းတစ်ခုဖြစ်ပါကြောင်း၊ ဝန်ထမ်းများကို ကောင်းမွန်သည့် လူ့စွမ်းအား အရင်းအမြစ်များအဖြစ်မွေးထုတ်ပေးနိုင်ရေး သင်တန်းများ ပို့ချပေးသွားရမည်ဖြစ်ကြောင်း၊ ဒေသတွင်းရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် လုပ်ငန်းများမှ ထွက်ရှိသည့် ကုန်ကြမ်းအရင်းအမြစ်များကို ကုန်ချောအဆင့်ထိ ထုတ်လုပ် ခြင်းဖြင့် လုပ်ငန်းများပိုမိုလျင်မြန်တိုးတက်မှုရှိလာနိုင်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ နေထိုင်ရေး၊ ကျန်းမာရေးနှင့် အခြား လူမှုရေး အခက်အခဲများကို ထည့်သွင်းစဉ်းစား၍ တွက်ချက်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်းဖြင့်  ပြန်လည်ဆွေးနွေးအကြံပြု ပြောကြား သည်။
    
ထို့နောက် Ding Wang မုန့်စက်ရုံသို့ ရောက်ရှိကြရာ စက်ရုံမှူးနှင့် အဖွဲ့ဝင် များက ကြိုဆိုနှုတ်ဆက်ကြပြီး လုပ်ငန်းလည်ပတ်နေမှုအခြေအနေများအား လိုက်လံရှင်း လင်းပြသရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက ကုန်ကြမ်းမှ ကုန်ချော အထိ အဆင့်ဆင့်ထုတ်လုပ်နေမှုများအား လိုက်လံကြည့်ရှုကာ သိရှိလိုသည်များအား  မေးမြန်းဆွေးနွေးခဲ့သည်။
    
ယင်းနောက် စီမံကိန်းအတွင်းရှိ Gold Aya Motor  ကားစက်ရုံသို့ရောက်ရှိကြ ပြီး မော်တော်ကားထုတ်လုပ်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုလေ့လာရာ စက်ရုံမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များက မော်တော်ယာဉ်များ အတွင်းပိုင်း၊ အပြင်ပိုင်းနှင့် အင်ဂျင်ပိုင်း ဆိုင်ရာ တပ်ဆင်နေမှုများအား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။