ယမန်နေ့မှအဆက်
မောင်ငြိမ်းချမ်းက ငှက်ပျောသီးတစ်လုံး ပေးလိုက်သည်။
ဘိုအေးလှမ်းယူ၍ အခွံနွှာစားလိုက်ပုံက မြန်လွန်းလှသည်။
“မင်း...ထမင်းစားပြီးပြီလား...”
မောင်ငြိမ်းချမ်း မေးလိုက်သည်ကို ဘိုအေးခေါင်းရမ်းပြသည်။
“မနက်ကရော ဘာစားလဲ”
“ဘာမှမစားရဘူး”
“ဘာလို့ ထမင်းမစားတာလဲ...”
မောင်ငြိမ်းချမ်းက ထပ်မေးသည်။
“အဖေနဲ့ အမေ ထန်းတောသွားမုန့်ရောင်းတယ်။
သူတို့ပြန်လာမှ ထမင်းချက်ရမှာ။ ထမင်းကျက်မှစားရမှာ...”
ဘိုအေးကိုကြည့်ပြီး မောင်ငြိမ်းချမ်းသနားသွားသည်။
သူ့အတွက် အမေပေးလိုက်သော ငှက်ပျောသီးပါ ဘိုအေးကို ပေးလိုက်သည်။ ဘိုအေးက ဝမ်းသာအားရ ထပ်စားပါသည်။
“ငါမင်း ဘီးကိုစီးကြည့်ချင်တယ်...”
မောင်ငြိမ်းချမ်းဘီးပေါ်မှ ဆင်းပေးလိုက်သည်။ ဘိုအေးသုံးဘီးစက်ဘီးလေးပေါ်တက်သည်။ သို့သော် ခြေကနင်းလျှင် လက်ကမကွေ့။ လက်ကိုင်ကို သတိထားလျှင် ခြေကမနင်း။ ဘီးက နေရာမရွေ့ဖြစ်နေသည်။
မောင်ငြိမ်းချမ်းနောက်မှ တွန်းပေးလိုက်သည်။ ဘိုအေးခြေနင်းကို သတိမထားရ၍ လက်ကိုင်ကိုထိန်းနိုင်ကွေ့နိုင်သည်။ ဘိုအေးသဘောကျနေသည်။ နှစ်ပတ်ခန့်တွန်းမိသောအခါ။
“သားရေ...ပြန်လာခဲ့ဦး”
အမေခေါ်ပုံကမာသည်။
ဘိုအေးစက်ဘီးပေါ်မှ ချက်ချင်းဆင်းလိုက်သည်။
မောင်ငြိမ်းချမ်းအမေ့ဆီသို့ စက်ဘီးစီးလာခဲ့သည်။
“လာခဲ့စမ်း...ဒီကို...”
အမေ့မျက်နှာတင်းနေသည်။
မောင်ငြိမ်းချမ်း စက်ဘီးပေါ်မှဆင်း၍ အမေ့ဆီသွားသည်။ အဖေကြီးကပါ လှမ်းကြည့်နေသည်။
“ငါ့သားကိုအမေ ငှက်ပျောသီးနှစ်လုံးပေးလိုက်တယ်...တစ်လုံးက ဘိုအေးဖို့....တစ်လုံးက ငါ့သားဖို့လို့ အသေအချာမှာလိုက်တယ်..မင်းဘာဖြစ်လို့ နှစ်လုံးစလုံးဘိုအေးကို ပေးလိုက်တာလဲ...
“သားက မနက်စာ ထမင်းစားပြီးပြီ အမေ ဘိုအေးခုထိ ဘာမှမစားရသေးဘူး။ သူ့အဖေနဲ့အမေက ထန်းတောသွား မုန့်တီရောင်းနေကြတယ်။ သူတို့ပြန်လာမှစားရမှာတဲ့။ သူသိပ်ဆာနေလို့ ငှက်ပျောသီးနှစ်လုံး စလုံးကျွေးလိုက်တာပါ အမေ...”
မောင်ငြိမ်းချမ်း အမေ့ကိုဖြေရင်းမှ အဖေကြီးဘက်ကို လှမ်းကြည့်မိသည်။ အဖေကြီးက မသိမသာ ခေါင်းညိတ်ပြသည်ကို မောင်ငြိမ်းချမ်း သတိထားမိသည်။
“ကဲ... အဲဒါက ထားလိုက်ပါတော့...စက်ဘီးစီးတော့လည်း သားကချည်း သူ့ကိုတွန်းပေးနေရတာ...။ သူကတစ်ခါမှလည်း ပြန်တွန်းပေးတာ မရှိဘူး။ ဒီကောင်လေးက သိပ်လည်တာ...။ သူနဲ့ကစားတာ ငါ့သားပဲ မောနေရတာပဲ ဘာဖြစ်လို့ သူ့ကိုဘီးပေါ်တင်တွန်းပေးနေရတာလဲ...”
အမေက မကျေမနပ်ဖြစ်နေပါသည်။
“သားက တွန်းပေးစရာမှမလိုဘဲ...” ကိုယ့်ဘီးကို စီးတတ်တာပဲ။ သူက မစီးတတ်လို့တွန်းပေးရတာ...”
“ဒါဆိုလည်း တစ်လှည့်စီစီးပေါ့...သူက ဘီးပေါ်ကမဆင်းတော့ဘူး....သားက သိပ်အတာပဲ...”
“သူကသားကိုတွန်းပေးမယ်လို့ပြောပါတယ်။ သားက တစ်နေ့လုံးကိုယ်ဘာသာစီးနိုင်တာပဲ။ သူက စက်ဘီးမရှိတော့ သားနဲ့တွေ့တဲ့အချိန်လေးစီးရတာ...”
“အဖေ့ မြေးကိုပြောပါဦး...သူများဘီးပေါ် တင်တွန်းရတာနဲ့ မောနေပြီ...”
အမေက အဖေကြီးကိုလှမ်းပြောပြီး အကူအညီ တောင်းပါသည်။ အဖေကြီးက မောင်ငြိမ်းချမ်းနှင့်အမေ့ကိုလှမ်းကြည့်ပြီး ပြုံးလိုက်သည်။
“ငါ့မြေးက သနားတတ်တယ်။ ။အနစ်နာခံစိတ်ရှိတယ်။ သူများကို ကူညီချင်တယ်။ ဒီလိုစိတ်ကောင်းရှိတဲ့ သားကိုရထားတာ ငါ့သမီးဝမ်းသာရမှာပေါ့။ ငါ့မြေးက မမောပါဘူး ပျော်နေတာပါ။ ငါ့သမီးသာ မောနေမှာစိုးရတာပါ”
အမေဘာမှ ဆက်မပြောတော့ပါ။ မောင်ငြိမ်းချမ်းအဖေကြီးကို လှမ်းကြည့်ပြီး ကျေးဇူးတင်မိသည်။
မမေ့နိုင်သောညတစ်ညနေဝင်မိုးချုပ်၍ မှောင်ရီသန်းပြီ။ မောင်ငြိမ်းချမ်းတို့ မောင်နှမသုံးယောက် ထမင်းမစားရသေး။ မောင်ငြိမ်းချမ်းထမင်းဆာလှပြီ။ ခါတိုင်းဆိုလျှင် ညနေစောစောအမေက ထမင်းကျွေးသည်။ ယနေ့ညနေ အမေ့ကိုမတွေ့ရ။
“အမေဘယ်သွားနေပါလိမ့်...”
ကိစ္စရှိ၍ ရွာထဲသွားနေသည်ဟု ထင်လိုက်သည်။
အမေပြန်လာလျှင် ထမင်းစားရမည်။ ဆာသောစိတ်နှင့် အမေ့ကိုမျှော်နေမိသည်။ ညီငယ်လေးကတော့ ထမင်းဆာလွန်း၍ ငိုနေပြီ။ နှမလေးကလိမ်မာသည်။ ဆာသော်လည်း ငိုခြင်းမရှိ။ မောင်ငြိမ်းချမ်းနှင့်အတူ အမေ့ကိုမျှော်နေသည်။ အိမ်မှာအမေကြီးလည်းမရှိ။
“ဟော...ဟိုမှာ...လာပြီ...”
အမေမဟုတ်။ အမေကြီး။ ရွာထဲမှပြန်လာဟန်တူသည်။ နောက်မှပါလာမည်လားဟု အမေ့ကိုမျှော်ကြည့်မိသည်။ မတွေ့ရ။
ထမင်းစားချိန်တိုင်း အမေသာကျွေးနေကျမို့ အမေကြီးကို ထမင်းဆာကြောင်းပြောခြင်းမရှိ။ ထမင်းကျွေးပါဟု ခိုင်းဖူးခြင်းမရှိ။
ဆက်လက်ဖော်ပြပါမည်။
လယ်တွင်းသားစောချစ်