တပ်မတော်ဆေးရုံ ခုတင် ၅ဝဝ ၌ တက်ရောက် ကုသနေသော တပ်မတော်သားများအား အသုံးအဆောင် ပစ္စည်းများ လှူဒါန်းရာတွင် ပါဝင်ခဲ့သည့် အနုပညာရှင်များ၏ စကားသံများ

အကယ်ဒမီခန့်စည်သူဦးဆောင်သော မေတ္တာသင်္ဂဟအဖွဲ့မှ အနုပညာရှင်များသည် သြဂုတ် ၂၅ ရက်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ တပ်မတော်ဆေးရုံ ခုတင် ၅ဝဝ ၌ တက်ရောက် ကုသနေသော တပ်မတော်သားများနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးနေသူများအား အဝတ်အထည်၊ အသုံးအဆောင်နှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ လှူဒါန်းခဲ့ပြီး လှူဒါန်းရာတွင် ပါဝင်သည့် အနုပညာရှင်များ၏ စကားသံများကို ဖော်ပြ ပေးလိုက်ပါသည်။

အကယ်ဒမီခန့်စည်သူ

-တပ်မတော်ဆေးရုံ ခုတင် ၅ဝဝ မှာ ဆေးဝါးကုသမှု ခံယူနေတဲ့သူတွေနဲ့ ကျန်းမာရေး စောင့်ရှောက်မူပေးနေတဲ့သူ   စုစုပေါင်း ၇ဝဝ အတွက် နံနက်စာ လှူဒါန်းတဲ့အပြင်   ပုဆိုး၊ သွားတိုက်တံ၊ သွားတိုက်ဆေး၊ မုန့်၊ ဒိန်ချဉ်၊ အအေး၊ ဆပ်ပြာ၊ မိုးစီးဖိနပ် စတဲ့ပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်။ ပြီးတော့ အမှတ်တရဖြစ်အောင် တစ်ဦးကို ထီလက်မှတ်နှစ်စောင်ဝေပါတယ်။ ထီပေါက်ပါစေလို့လည်း ဆုတောင်းပေးပါတယ်။ လှူဒါန်းခွင့်ရတဲ့ အတွက်လည်း ပြောမပြတတ်အောင် ဝမ်းသာပီတိဖြစ်ရပါတယ်။ ရခိုင်ပြည်နယ်အတွက် ပိုးသတ်ဆေးဖျန်းစက် တစ်လုံးကို လှူဒါန်းခဲ့ပါတယ်။ လှူဒါန်းတဲ့ ပစ္စည်းတန်ဖိုးကနည်းပေမယ့် စိတ်ဓာတ်ခွန်အား ပေးတာပါ။

အကယ်ဒမီမြတ်ကေသီအောင်

အရင်က ကိုခန့်နဲ့အတူ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီးမှာလည်း ပါဝင် လှူဒါန်းခဲ့ပါတယ်။ အခုလှူဒါန်းတဲ့အချိန်မှာ အများကြီးမဟုတ်ပေမယ့်  ကိုယ်တတ်နိုင်သလောက် လှူဒါန်းခဲ့ပါတယ်။ ကိုယ်တိုင်ကလည်း ကျန်းမာရေး မကောင်းတဲ့သူ ဖြစ်ခဲ့ဖူးတော့ နေမကောင်းတဲ့သူဆိုရင်  ပိုပြီးသနားတယ်။  လူတစ်ဦးမှာ  ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးက    သူ့ဟာနဲ့သူတန်ဖိုးရှိကြတယ်။ တစ်ခုခုချို့ယွင်းပြီဆိုတာနဲ့ ဘဝမှာ အဆင်မပြေတာတွေ အများကြီးဖြစ်လာတယ်။ ရိုးရိုးဖျားတာနဲ့ပဲ မစားနိုင်၊ မသောက်နိုင်၊ မအိပ်နိုင်ဘူး။ ကျန်တဲ့ အစိတ်အပိုင်းတွေဆိုရင် ပြောနေစရာတောင် မလိုဘူး။ အလှူလုပ်တာဖြစ်တဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။

ဆောင်းအိန္ဒြေထွန်း

ကိုခန့်စည်သူရဲ့ မေတ္တာသင်္ဂဟအဖွဲ့မှာ အဖွဲ့ဝင်ဖြစ်နေတော့ ဒီကာလ တစ်လျှောက်လုံး ကိုခန့်စည်သူ လှူတဲ့ အလှူတိုင်းမှာ ပါဝင်ဖြစ်နေပါတယ်။ ဒီနေ့လည်း အလှူလုပ်ဖြစ်တဲ့အတွက် ဝမ်းသာပီတိ ဖြစ်ရပါတယ်။  တပ်မတော်သားတွေက  နိုင်ငံအတွက် အသက်ကိုပေးဆပ်ပြီး တာဝန်ထမ်းဆောင်နေတဲ့သူတွေ ဖြစ်ပါတယ်။ ဒီအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်အောင်   ကူညီခွင့်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။ ရှေ့လျှောက်လည်း အလှူတွေကတော့ လုပ်ဖြစ်နေဦးမှာပါ။   နောက်ပိုင်းတွေမှာလည်း MTV တွေရိုက်ကူးဖို့ရှိပါတယ်။   ပရိသတ်တွေကလည်း ဆက်လက် အားပေးကြပါဦးလို့ ပြောချင်ပါတယ်။

ဆုကဗျာ

ကိုခန့်စည်သူနဲ့တွဲပြီး ဆုကဗျာက လစဉ် အလှူလုပ်ဖြစ်ပါတယ်။    ဒီတစ်ခေါက် မေတ္တာသင်္ဂဟအဖွဲ့နဲ့ ပူးပေါင်းပြီး လှူဖြစ်တာပါ။ ဆုကဗျာရဲ့ လုပ်ငန်းကရတဲ့ အမြတ်ငွေတွေနဲ့  လစဉ် အလှူလုပ်ဖြစ်ပါတယ်။ ဒီနေ့ ပုဆိုးလှူဖြစ်ပါတယ်။ ဆေးဝါးကုသမှု ခံယူနေသူတွေက တပ်မတော်သားတွေ၊ တပ်မတော်သား မိသားစုဝင်တွေဖြစ်နေတယ်။ အစ်ကိုတွေကလည်း တပ်မတော်သားတွေ ဆိုတော့ ကိုယ့်ရဲ့မိသားစုဝင်တွေကို ပြန်လှူနေရတယ်လို့ ခံစားရပါတယ်။ ဒီအတွက်လည်း  ဝမ်းသာပါတယ်။  လစဉ်အလှူလုပ်ဖို့   အစီအစဉ်ဆွဲထားပါတယ်။ ပရိသတ်တွေလည်း  ဒီကာလမှာ အပြင်ထွက်ရင် သတိရှိကြပါ။ Mask တပ်ကြပါလို့ ပြောချင်ပါတယ်။

လှမျိုးသဉ္စာနွယ်

ကိုခန့်ရဲ့မေတ္တာသင်္ဂဟအဖွဲ့မှာ အစ်မက အဖွဲ့ဝင်ဖြစ်တာ ခုနစ်နှစ်လောက် ရှိပါပြီ။ အစ်မနဲ့ အဆင်ပြေပြီး  တိုက်ဆိုင်တဲ့ အချိန်တိုင်း လှူဒါန်းဖြစ်ပါတယ်။ ဒီနေ့လည်း  ဆေးရုံမှာလှူမယ်ဆိုတော့ လှူဖို့အဆင်သင့်ဖြစ်နေတာကြောင့် လှူဒါန်းဖြစ်တာပါ။ မေတ္တာသင်္ဂဟအဖွဲ့က အရမ်းစည်းလုံးတယ်၊ နွေးထွေးတယ်၊ လှူတဲ့အင်အားလည်း များတယ်။   အစ်မတို့ တစ်ဦးတစ်ယောက်တည်းလည်း မလှူနိုင်ဘူး။ အဖွဲ့အစည်းနဲ့ အများကြီး လှူဒါန်းတဲ့နေရာမှာ အစ်မအနေနဲ့ တစ်စိတ်တစ်ပိုင်း ပါဝင်တာပါ။ ဒီအတွက်လည်း အရမ်းဝမ်းသာပီတိဖြစ်ရပါတယ်။