နာတာရှည်အဆုတ်ပွ အသက်ရှူလမ်းကြောင်းကျဉ်း ရောဂါ(COPD)

ကမ္ဘာပေါ်မှာ  နာတာရှည်အဆုတ်ပွ အသက်ရှူ လမ်းကြောင်းကျဉ်းရောဂါ ခံစားနေရသူ သန်း ၂၅ဝရှိတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေထဲမှာ ဆေးလိပ်သောက်သုံးမှုနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ  အသက်ကြီးမှု အရေအတွက် မြင့်မားလာမှု၊ လေထုညစ်ညမ်းမှုတွေကြောင့် လာမယ့်နှစ် ၃ဝ မှာ အဆုတ်ပွလေပြွန်ကျဉ်း ရောဂါကြောင့် သေဆုံးသူပိုလာနိုင်တယ်။ နှစ်စဉ်လူဦးရေ သုံးသန်း ယင်းရောဂါနဲ့ သေဆုံးနေကြရပါတယ်။ ၂ဝ၃ဝ ပြည့်နှစ်မှာ ၄ ဒသမ ၅ သန်း သေဆုံးနိုင်တယ်။

၂ဝ၃ဝ ပြည့်နှစ် လူသားတို့ သေဆုံးရတဲ့ တတိယမြောက် အများဆုံးရောဂါ ဖြစ်လာနိုင်တယ်။ နိုဝင်ဘာ ၂၁ ရက်ဟာ ကမ္ဘာ့နာတာရှည် အဆုတ်ပွအသက်ရှူ လမ်းကြောင်းကျဉ်းရောဂါနေ့ (World COPD Day)ဖြစ်တယ်။

ရောဂါဖြစ်ရတဲ့ အကြောင်းရင်းမှာ   ဆေးလိပ်သောက်ခြင်း၊ အိမ်တွင်း လေထုညစ်ညမ်းခြင်း၊ ပတ်ဝန်းကျင်လေထုညစ်ညမ်းခြင်း၊  လုပ်ငန်းခွင်ဖုန်မှုန့်များ၊ ဓာတုပစ္စည်းများကြောင့် ဖြစ်ပါတယ်။  စက်မှုဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ စက်ရုံ၊ မော်တော်ယာဉ် များပြားလာမှု၊ မြစိမ်းရောင်   သစ်ပင်သစ်တောရှားပါးမှုတွေကြောင့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့  စတဲ့လေထုညစ်ညမ်းမှုက ပိုနေကာ နာတာရှည်အဆုတ်ပွလေပြွန်ကျဉ်း ရောဂါဖြစ်လာရခြင်းဖြစ်တယ်။

အဆုတ်အတွင်းမှာ   သေးငယ်တဲ့ လေအိတ်များ ပျက်စီးရောဂါ(Emphysema)နဲ့ နာတာရှည် အဆုတ်ပွလေပြွန်ရောင်ရမ်းရောဂါ(Chronic Brunchitis)တို့ဟာ နာတာရှည် အဆုတ်ပွလေပြွန်ကျဉ်း ရောဂါဖြစ်စေတယ်။

ရောဂါလက္ခဏာတွေက အသက်ရှူခက်ခဲခြင်း၊ ချောင်းဆိုးခြင်း၊ သလိပ်ထွက်ခြင်း၊ မောပန်းခြင်း၊ အသက်ရှူရင် ရွှီရွှီမြည်ခြင်းတို့ဖြစ်တယ်။   ယင်းလက္ခဏာတွေဟာ ရောဂါဖြစ်စေတဲ့ အကြောင်းရင်းနဲ့ ရေရှည်ထိတွေ့ရာမှ ဖြစ်ပေါ်တယ်။ စီးကရက်မီးခိုးငွေ့ကြောင့် ဖြစ်တယ်။ နာတာရှည် အဆုတ်ပွလေပြွန်ကျဉ်းဖြစ်ပွားသူတွေဟာ  နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ အဆုတ်ကင်ဆာ ရောဂါတို့ ခံစားရနိုင်ပါတယ်။

ရောဂါဖြစ်နိုင်ခြေများသူများမှာ ဆေးလိပ်သောက်သူများ၊ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူမိသူများ၊ ဆေးလိပ်သောက်တဲ့  ပန်းနာရင်ကျပ်ရောဂါ ခံစားရသူများ၊ လုပ်ငန်းခွင်ဖုန်မှုန့်များ၊  ဓာတုပစ္စည်းတွေနဲ့ ထိတွေ့နေရသူများ၊ လေဝင်လေထွက် မကောင်းတဲ့ အိမ်တွေမှာ ချက်ပြုတ်ရာမှ ထွက်တဲ့အငွေ့တွေနဲ့ ထိတွေ့သူများ၊ အသက် ၄ဝ ကျော်သူများနဲ့၊ အယ်ဖာ(၁) အင်တီထရစ်ပ်ဆင်(alph-1-antitrypsm-AAt)ချို့တဲ့သူတွေဖြစ်တယ်။ နာတာရှည်အဆုတ်ပွလေပြွန်ကျဉ်းရောဂါဟာ ဆေးလိပ်သောက်သူတွေမှာ ၂ဝ- ၃ဝ ရာခိုင်နှုန်းထိ

ဖြစ်နိုင်ပါတယ်။ နာတာရှည်အဆုတ်ပွလေပြွန်ကျဉ်း ရောဂါရဲ့ လက္ခဏာတွေက    အသက်ရှူခက်ခဲခြင်း၊ ချောင်းဆိုးခြင်း၊ သလိပ်ထွက်ခြင်း၊ မောပန်းခြင်း၊ အသက်ရှူပါက ရွှီရွှီမြည်ခြင်းတို့ဖြစ်တယ်။   ရောဂါလက္ခဏာတွေဟာ ရောဂါဖြစ်စေတဲ့ အကြောင်းရင်းနဲ့ ရေရှည်ထိတွေ့ရာမှာ ဖြစ်ပေါ်လာတယ်။ နာတာရှည် အဆုတ်ပွလေပြွန်ကျဉ်းဖြစ်ပွားသူတွေဟာ နှလုံးရောဂါ၊ အဆုတ်ရောဂါဖြစ်နိုင်တယ်။ ၁ ရာခိုင်နှုန်းဟာ Aat ချို့တဲ့လို့ဖြစ်တယ်။ AAt ကို အသည်းထုတ်လုပ်ပြီး အဆုတ်ကို ကာကွယ်ဖို့ သွေးကြောထဲ ထုတ်လွှတ်တယ်။ 

AAtချို့တဲ့ရင် အသည်းနဲ့အဆုတ် ထိခိုက်စေတယ်။ ရောဂါရဲ့နောက်ဆက်တွဲပြဿနာတွေက အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း၊ နှလုံးရောဂါဖြစ်ပွားနိုင်ခြင်း၊ အဆုတ်ကင်ဆာဖြစ်ပွားနိုင်ခြင်း၊ အဆုတ်ထံ သွေးပို့ဆောင်တဲ့   သွေးလွှတ်ကြောတွေမှာ  သွေးပေါင်ချိန်မြင့်တက်ခြင်း (Pulmonary Hypertension)နဲ့ စိတ်ဓာတ်ကျခြင်း၊ အိပ်မရခြင်း၊ အမြဲတမ်းစိတ်တိုစိတ်ဆတ်ခြင်း၊ ပတ်ဝန်းကျင်နဲ့ ဓာတ်မတည့်မှုပိုဖြစ်ခြင်း၊ အထီးကျန်ဆန်ခြင်းတို့ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာဖြစ်ရင် စာမလိုက်နိုင်ခြင်း၊ ကျောင်းပျက်ခြင်း၊ ကိုယ်ရည်ကိုယ်သွေး ကျဆင်းခြင်းတို့ဖြစ်တတ်ပါတယ်။

နာတာရှည်အဆုတ်ပွလေပြွန်ကျဉ်းရောဂါ ကုသရာမှာ ရောဂါဖြစ်နိုင်ခြေတွေကို လျှော့ချခြင်း၊ ဆေးဝါးနဲ့ ကုသခြင်း၊   ဆေးဝါးမဟုတ်တဲ့ ကုသမှုနဲ့ကုသခြင်း၊ ရောဂါရုတ်တရက် ဆိုးရွားလာမှုကို ကုသပေးခြင်း ရှိတယ်။ ရောဂါကုသရာမှာ ရောဂါလက္ခဏာအခြေအနေ၊ အသက်ရှူ စမ်းသပ်ကိရိယာနဲ့ စမ်းသပ်မှု အခြေအနေ၊ ရောဂါရုတ်တရက် ဆိုးရွားလာမှု အခြေအနေနဲ့ အခြားရောဂါရှိ၊ မရှိတို့ကို  ထည့်သွင်းစဉ်းစား ဆန်းစစ်ရပါမယ်။ နာတာရှည် အဆုတ်ပွလေပြွန်ကျဉ်း ရောဂါနဲ့ ရင်ကျပ်ရောဂါကုသရာမှာ အဆုတ်လေပြွန်ကျယ်စေတဲ့ ရှူဆေးပေးနိုင်တယ်။

အသက်ရှူရခက်ခဲတဲ့ လက္ခဏာရှိသူတွေကို အဆင့်ဆင့် ချဉ်းကပ်နည်း (Step wise Approach) အဆင့်(၅)ဆင့်နဲ့ ရောဂါရှာဖွေဖော်ထုတ်နိုင်တယ်။  အဆင့်(၁)မှာ   လူနာရဲ့ နာတာရှည် အသက်ရှူလမ်းကြောင်း ရောဂါရှိ၊ မရှိ မေးမြန်းခြင်း၊ အဆင့်(၂)မှာ  အရွယ်ရောက်ပြီးလူနာတွေမှာ နာတာရှည်အဆုတ်ပွလေပြွန်ကျဉ်းရောဂါ၊  ပန်းနာရင်ကျပ်ရောဂါ၊  နာတာရှည် အဆုတ်ပွလေပြွန်ကျဉ်းနဲ့  ပန်းနာနှစ်မျိုးရှိတဲ့ရောဂါတို့ ရှာဖွေဖော်ထုတ်ခြင်း၊ အဆင့်(၃)မှာ အသက်ရှူတိုင်း ကိရိယာနဲ့ စမ်းသပ်ခြင်း(Spirometry)၊ အဆင့်(၄)မှာ   ကနဦး ဆေးကုသမှု စတင်ခြင်းနဲ့ အဆင့်(၅)မှာ လိုအပ်ရင် အဆုတ်နှင့်ရင်ခေါင်း အထူးကု သို့မဟုတ် ဆေးရုံ ပို့ဆောင်ရေးတို့ဖြစ်တယ်။

လူနာတွေမှာ အဆုတ်လေပြွန်ကျယ်စေတဲ့ ရှူဆေး (Salbutumol/ventolin inhalar) စတီးရွိုက်ရှူဆေး၊  စားဆေး၊   အမိုင်နို သို့မဟုတ် ဗင်တိုလင် (Amino/ventolin)စားဆေးပဋိဇီဝဆေး၊ (Amoxil 5oomgbd5day)တို့ အရန်သင့်ထားရှိကာ၊ ခဏကျပ် လာကတည်းက ရှူပေးဖို့လိုမယ်။ ပြင်းထန်လာရင် ဆရာဝန်ထံ သွားရောက်ရမယ်။ ဆရာဝန်က ပဋိဇီဝဆေး၊ လေပြွန်ကျယ်ဆေး၊ စားဆေး၊ ထိုးဆေးပေးနိုင်ပါတယ်။

ရောဂါကာကွယ်နည်းလမ်းတွေက နာတာရှည် အဆုတ်ပွလေပြွန်ကျဉ်းရောဂါကို ကာကွယ်ရန် ဆေးလိပ်ဖြတ်ခြင်း၊ လုပ်ငန်းခွင်မှာ အသက်ရှူ ကာကွယ်ရေး ကိရိယာ အသုံးပြုခြင်း (Respiratory Protection Equipments)တို့ ဖြစ်တယ်။ နာတာရှည်အဆုတ်ပွ လေပြွန်ကျဉ်းရောဂါ ရှိသူတွေအနေနဲ့   အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းမှ ကာကွယ်ဖို့အတွက် တုပ်ကွေးရောဂါ ကာကွယ်ဆေး(Flu Vaccine)နဲ့ အဆုတ်နဲ့ ဦးနှောက်အမြှေးရောင် ရောဂါကာကွယ်ဆေး  (Pneu-mococcal Vaccine)တို့ကို နှစ်စဉ်ထိုးဖို့ လိုအပ်ပါတယ်။  အများဆုံး ကြုံတွေ့ကြရတာက   ခုခံမှုစနစ် အားနည်းခြင်း တွေ့ကြုံကြရကာ ရာသီအပြောင်းမှာ အအေးမိ၊ နှာစေး၊ တုပ်ကွေးရောဂါဖြစ်ပွားမှု ပိုဖြစ်တတ်ပါတယ်။

နာတာရှည်အဆုတ်ပွလေပြွန်ကျဉ်း ရောဂါဖြစ်နိုင်ခြေ များနေသူတွေအနေနဲ့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများဆီ သွားရောက်ကာ ဆွေးနွေး တိုင်ပင်သင့်ပါတယ်။ နာတာရှည် အဆုတ်ပွလေပြွန်ကျဉ်းရောဂါ  ခံစားနေရသူတွေ အနေနဲ့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်များ၊ အဆုတ်နှင့် ရင်ခေါင်းအထူးကု ဆရာဝန်များနဲ့ စနစ်တကျကုသ အကြံဉာဏ်ရယူသင့်တယ်။

ကလေးလူနာတွေ   သနားဖို့ကောင်းလှအောင် ရင်ကျပ်၊ အသက်ရှူမဝရောဂါ အလူးအလဲ ခံရတယ်။ အဆုတ်လေပြွန်ကျယ်စေတဲ့ ရှူဆေး(Salbutamol/ Ventolm / Steroid)ရှူဆေး၊ အမိုင်နို၊ ဗင်တိုလင်၊ ဆာလဖျူတမောစားဆေး၊ ပဋိဇီဝစားဆေး(Amoxil 250mg/Syrup))တို့ ဆောင်ထားသင့်တယ်။ ဖြစ်နိုင်ရင် အောက်ဆီဂျင်ရှူနိုင်ဖို့    ပြင်ဆင်ထားရှိသင့်ပါတယ်။

ယင်းရောဂါဖြစ်စေတဲ့ ဆေးလိပ်သောက်ခြင်း၊ အိမ်တွင်း လေထုညစ်ညမ်းခြင်း၊ ပတ်ဝန်းကျင် လေထုညစ်ညမ်းခြင်းနဲ့ လုပ်ငန်းခွင်မှာ ဖုန်မှုန့်တွေ၊ ဓာတုပစ္စည်းတွေ ရှောင်ရှားသင့်ကာ ဆေးအသင့်ဆောင်ထားရမယ်။ တစ်ကိုယ်ရေ သန့်ရှင်းရေး၊ အိမ်၊ ကျောင်း၊ သန့်ရှင်းရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေးကို အလေးထား ဆောင်ရွက်ထားသင့်ပါတယ်။   ။

ဒေါက်တာလွင်သန့်