ရခိုင်ပြည်နယ် အတွင်း COVID-19  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ကူညီဆောင်ရွက်နိုင်ရန် တပ်မတော်ဆေး အဖွဲ့များ သွားရောက်၊ ဆေးအထောက်အကူ ပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင် ပစ္စည်းများ ဒုတိယအကြိမ် ပို့ဆောင်

နေပြည်တော်၊ သြဂုတ် - ၂၆

ရခိုင်ပြည်နယ်အတွင်း Coronavirus Disease 2019(COVID-19)  ရောဂါ ဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှုများ ပိုမိုများပြားလာပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ယနေ့နံနက် ၈ နာရီနှင့် နေ့လယ် ၂ နာရီခွဲချိန် သတင်းထုတ်ပြန်ချက်အရ အတည်ပြု လူနာစုစုပေါင်း ၅၇၄ ဦး တွေ့ရှိကာ ရောဂါကူးစက်ပြန့်နှံ့မှုကို ပိုမို ထိရောက်စွာ ထိန်းချုပ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှု ဒုတိယလှိုင်းအန္တရာယ်မဖြစ်ပေါ်စေရေး တပ်မတော် အနေဖြင့် ရခိုင်ပြည်နယ်အတွင်းနှင့် နိုင်ငံအဝန်း၌ COVID-19  ရောဂါကြိုတင်ကာကွယ် ရေးလုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်အတွင်း COVID-19  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ဆောင်ရွက်နိုင်ရေးအတွက် တပ်မတော်မှ မေ့ဆေးပါရဂူ ၁ ဦး၊ ဓာတ်ခွဲပါရဂူ ၁ ဦး၊ ဆေးပါရဂူ ၁ ဦး၊ ဆေးမှူး ၂ ဦးနှင့် သူနာပြု ၁၀ ဦးတို့နှင့်အတူ တပ်မတော်ကလှူဒါန်းသော ရောဂါကာကွယ်၊ ထိန်းချုပ်ကုသရေး အထောက်အကူပြုဆေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်း များကို ဒုတိယအကြိမ်ပို့ဆောင်ခဲ့သည်။

ထိုသို့ပို့ဆောင်ရာတွင် Oxygen Plant  ၁ လုံး၊ ICU Ventilator(SV-300)  ၁ လုံး၊ ICU Bed ၂ လုံး၊ Suction Machine ၃ လုံး၊ Pluse Oxymeter  ၃ လုံး၊ Patient Monitor ၃ လုံး၊Infusion Pump ၃ လုံး၊Syringe Pump  ၃ လုံး၊ Video Laryngoscope ၁ လုံး၊ Mini- Centrifuge  ၁ လုံး၊ Oxygen Cylinder(40L) ၂၀ လုံး၊ Oxygen Concentrator( 5 L)  ၁ လုံး၊ BP Cuff    ၃ လုံး၊UV Lump  ၅ ချောင်း၊ ဆေးနှင့် ဆေးပစ္စည်း ၁၃၄ မျိုးအပြင် စားသောက်ဖွယ်ရာများနှင့် အသုံး အဆောင် ပစ္စည်းများကို ရန်ကုန်လေဆိပ်မှတစ်ဆင့် တပ်မတော်လေယာဉ်ဖြင့် စစ်တွေမြို့သို့ ပို့ဆောင်ပေးခဲ့သည်။ အဆိုပါဆေးပစ္စည်းများတွင် ရခိုင်ပြည်နယ်အတွင်း Oxygen လိုအပ်ချက် ကိုအထောက် အကူဖြစ်စေရန် တစ်ရက်လျှင် Oxygen Cylinder ၆ လုံးထုတ်လုပ် ပေးနိုင်သည့် Oxygen Plant စက် ၁ လုံးပါဝင်ကြောင်း သိရှိရသည်။

တပ်မတော်မှ ဆေးအဖွဲ့များနှင့် အထောက်အကူပြု ဆေးပစ္စည်းများ၊ စားသောက် ဖွယ်ရာများကို စစ်တွေ တပ်နယ်မှ ဗိုလ်မှူးကြီး သက်နိုင်ဦးနှင့် တာဝန်ရှိသူများက စစ်တွေ လေဆိပ်၌ ကြိုဆိုလွှဲပြောင်းလက်ခံ ရယူကြသည်။

   

ထို့ပြင် COVID-19 ရောဂါအတည်ပြုလူနာများ ကုသနိုင်ရန်အတွက် စစ်တွေ တပ်နယ်ရှိ နယ်မြေခံဆေးတပ်ရင်းနှင့် တပ်မတော်စစ်ဆေးရုံတို့တွင် လူနာ ၁၂၀ ဦးစာ ကုသနိုင်ရေးကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။