စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ ပေါက်ကွဲမှုဖြစ်ပွားမှုအား စစ်ဆေးရန်သွားရောက်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ကိုင်အကြမ်းဖက်သူများမှ လက်နက်ငယ်ဖြင့် ချောင်းမြောင်းပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော်၊ မေ ၁၀

   

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ ပေါက်ကွဲမှုဖြစ်ပွားမှုအား စစ်ဆေးရန်သွားရောက်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လက်နက်ကိုင်အကြမ်းဖက်သူများမှ လက်နက်ငယ်ဖြင့် ချောင်းမြောင်း ပစ်ခတ်ခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

   

ဖြစ်စဉ်မှာ ၂၀၂၁ ခုနှစ် မေလ ၉ ရက် ည ၉ နာရီအချိန်တွင် တမူးမြို့၊ ဈေးတန်း(၃)ရပ်ကွက်၊ အာရှလမ်းနေ ဦးကျော်ဌေးအောင် (၄၅)နှစ် (ဘ) ဦးလှဉီး၏ ဒိုင်နမိုနှင့် ပန့်ပြင်ဆိုင်၌ ပေါက်ကွဲမှု ဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်ပူးပေါင်းအဖွဲ့က စစ်ဆေးရန် သွားရောက်စဉ် ဈေးတန်း(၂)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ဧရာဝတီဘဏ်အနီးအရောက် လက်နက်ကိုင် အကြမ်းဖက်သူများမှ လက်နက်ငယ်ဖြင့် ချောင်းမြောင်းပစ်ခတ်ခဲ့သဖြင့်  လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ လက်နက်ကိုင် အကြမ်းဖက်သူများမှ လူစုကွဲ ထွက်ပြေးသွားခဲ့ပြီး ၎င်းတို့၏ ချောင်းမြောင်းပစ်ခတ်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သဖြင့် တပ်မတော်ဆေးခန်းသို့ ပို့ဆောင်ထားခဲ့ရသည်။

   

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ ဦးကျော်ဌေးအောင်၏ ဆိုင်အရှေ့၌ လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲထားပြီး ပေါက်ကွဲမှုကြောင့် ဆိုင်အတွင်းရှိ ရေစုပ်စက် ၁ လုံး၊ ဆိုင်အတွင်းရပ်တန့်ထားသော ဆိုင်ကယ် ၁ စီးနှင့် စက်ဘီး ၁ စီးတို့တွင် အနည်းငယ် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိခဲ့ရသည်။

   

အဆိုပါဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ချောင်းမြောင်းပစ်ခတ်ခဲ့သည့် လက်နက်ကိုင် အကြမ်းဖက်သူများနှင့် ဦးကျော်ဌေးအောင် ဆိုင်အား လက်လုပ်မိုင်း ပစ်ပေါက်ခဲ့သည့် အကြမ်းဖက်သူ များအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။