တပ်မတော်သားများ၏ ဂုဏ်သရေညှိုးနွမ်းအောင် မဟုတ်မမှန်စွပ်စွဲသတင်းဖြန့်သူအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်

နေပြည်တော်၊ မေ- ၁၀

 

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ရာဇဓရာဇ်လမ်းနှင့် ကုန်သည် လမ်းပေါ်၌ လုံခြုံရေးဆောင်ရွက်လျက်ရှိသည့့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ငွေကြေး လိမ်လည်ယူဆောင်သွားသည်ဟု မဟုတ်မမှန်စွပ်စွဲပုတ်ခတ် သတင်းဖြန့်ဝေသူအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရှိရသည်။

 

ဖြစ်စဉ်မှာ မေ ၉ ရက် နေ့လည် ၂ နာရီခန့်တွင် နိုင်လင်းအောင်(ဘ)ဦးတင့်လွင် သည် ၎င်းစီးနင်းလာသည့် Light Truck အမျိုးအစား မော်တော်ယာဉ်အမှတ်၊ YGN 6F/--- ပေါ်မှ ငွေကျပ် ၂၅ သိန်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ယူဆောင် သွားကြောင်း ၎င်း၏အစ်မဖြစ်သူ မနီနီနွယ် နှင့် မိခင်ဖြစ်သူ ဒေါ်မြင့်မြင့်သန်း တို့ အား လိမ်လည်ပြောဆိုခဲ့ကြောင်း၊ ထိုသို့လိမ်လည်ပြောဆိုမှုကြောင့် အစ်မဖြစ်သူမှ ပြန်လည် ရယူလိုမှုဖြင့် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ကြောင်းသိရှိရသဖြင့် တာဝန်ရှိသူများက ဖြစ်စဉ်မှန်အား စိစစ်ခဲ့ရာ နိုင်လင်းအောင် သည် ငွေကျပ် ၂၅ သိန်းအား ၎င်း၏ ရည်းစားဖြစ်သူ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၅၄)တိုးချဲ့ရပ်ကွက်၊ ကျောင်း(၂) လမ်းနေ မအေးအေးသန်း(ဘ) ဦးစံအေး အား ပေးအပ်ခဲ့ကြောင်း၊ မအေးအေးသန်း က အဆိုပါငွေကျပ် ၂၅ သိန်းထဲမှ ငွေကျပ်သိန်း ၂၀ ကို ၎င်းအလုပ်လုပ်ကိုင်ခဲ့သည့် Tokyo Auto Service ၏ အလုပ်ရှင်ဖြစ်သူ ဦးရဲထွဋ် ထံသို့ ပေးဆပ်ရန်ကျန်သည့် အကြွေးအား ပေးဆပ်ခဲ့ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။

 

ထို့ကြောင့် တပ်မတော်သားများ၏ ဂုဏ်သရေးညှိုးနွမ်းအောင် မမှန်မကန်စွပ်စွဲ သတင်းဖြန့်ဝေခဲ့သော နိုင်လင်းအောင် အား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ဗိုလ်တထောင်မြို့မရဲစခန်း၌ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။