KIA အဖွဲ့က မိုးညှင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ အပြစ်မဲ့ပြည်သူများအား လက်နက် ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်

နေပြည်တော်၊ မေ -၁၀

   

KIA အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိလာခြင်းမရှိသည့် အပြင် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ပျက်စီးစေခြင်း၊ တရားဥပဒေစိုးမိုး ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေခြင်း၊ အများပြည်သူသွားလာ အသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းနှင့် တံတားများအား မိုင်းထောင်ခြင်း၊ ဖောက်ခွဲ ဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့ သတ်ဖြတ်ခြင်း စသည့် အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်လုပ်ဆောင်လျက်ရှိသည်။

   

ထို့သို့ လုပ်ဆောင်လျက်ရှိရာ မေ ၉ ရက် ည ၇ နာရီခွဲခန့်တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ရွာမရပ်ကွက်နေ ဦးမောင်တာ(ဘ)ဦးသီး ၏ နေအိမ်သို့ KIA အဖွဲ့မှ အင်အား ၄ ဦးခန့်က ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာကာ နေအိမ်ခြံစည်းရိုးအား လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရှိရပြီး အဆိုပါပစ်ခတ်မှုကြောင့် လူနှင့် အဆောက်အဦ ထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရသည်။

 

အလားတူ ည ၇ နာရီ ၄၀ မိနစ်ခန့်တွင် ဘူတာစုရပ်ကွက်နေ ဦးတင်ဇော်ယု (ဘ)ဦးယုလွင် ၏ နေအိမ်သို့ လည်းကောင်း၊ ည ၈ နာရီခန့်တွင် မော်ဟန်ကျေးရွာရှိ ဦးညွန့်မောင် ၏ ဈေးဆိုင်အတွင်းသို့လည်းကောင်း KIA အဖွဲ့များ ရောက်ရှိလာပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးတင်ဇော်ယု နှင့် ဦးညွန့်မောင် တို့တွင် လက်နက်ငယ်ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့ကာ သေဆုံးခဲ့ကြောင်း သိရှိရသည်။

   

တပ်မတော်အနေဖြင့် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေ ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။