၁၉၅၉ ခုနှစ်၊ တပ်မတော် အက်ဥပဒေပုဒ်မ ၁၂၅ ပုဒ်မခွဲ(၁) ပြင်ဆင်ခြင်းနှင့် ပတ်သက်၍ သတင်း ထုတ်ပြန်ချက်

နေပြည်တော်  သြဂုတ်  ၂၆

၁။      ၁၉၅၉ ခုနှစ်၊ တပ်မတော် အက်ဥပဒေပုဒ်မ ၁၂၅ ပုဒ်မခွဲ(၁)၌ ''ပုဒ်မခွဲ(၂)တွင် ပြဋ္ဌာန်းသည့်အတိုင်းမှ တစ်ပါး ဤအက်ဥပဒေကို လိုက်နာရသူ တစ်ဦးဦးအား ပြစ်မှုကျူးလွန်သည့် နေ့ရက်မှ သုံးနှစ်ကုန်ဆုံးသည့်အခါ ထိုပြစ်မှုအတွက် စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ခြင်းကို စတင် မပြုလုပ်ရ။''ဟု ပြဋ္ဌာန်းဖော်ပြခဲ့သည်။ ယင်းမူလပြဋ္ဌာန်းမှုကို ပြင်ဆင်လိုသည့် ဥပဒေကြမ်းတစ်ခုအား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီသို့ ပေးပို့ခဲ့သဖြင့်  ၎င်းဥပဒေကြမ်းကော်မတီက ၂ဝ၂ဝ ပြည့်နှစ်၊ ဇူလိုင်လ ၂၃ ရက်တွင် အမျိုးသားလွှတ်တော်၌ တင်သွင်းဆွေးနွေးခဲ့ပြီး ဇူလိုင်လ ၃ဝ ရက်တွင် အတည်ပြုကာ ပြည်သူ့လွှတ်တော်သို့ ပေးပို့တင်ပြခဲ့ပါသည်။ ၎င်းပြင်ဆင်ချက်မူကြမ်းကို ပြည်သူ့လွှတ်တော်က ၂ဝ၂ဝ ပြည့်နှစ်၊ သြဂုတ် ၂ဝ ရက်တွင် ပြင်ဆင်ချက် မရှိကြောင်း အတည်ပြု ဆုံးဖြတ်ခဲ့ပြီး အမျိုးသားလွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့သဖြင့် အမျိုးသားလွှတ်တော်၌ သြဂုတ် ၂၅ ရက်တွင် ပြည်သူ့လွှတ်တော်က ပြင်ဆင်ခြင်းမပြုဘဲ သဘောတူကြောင်း ဆုံးဖြတ်ချက် ပေးပို့လာခြင်းကို အသိပေး တင်ပြခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါပြင်ဆင်သည့် ဥပဒေကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး၍ သြဂုတ် ၂၆ ရက် (ယနေ့)တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၂ အဖြစ် အောက်ပါအတိုင်းပြဋ္ဌာန်းခဲ့ပါသည်-

  ''(၁) ပုဒ်မခွဲ(၂)တွင် ပြဋ္ဌာန်းသည့် အတိုင်းမှတစ်ပါး အောက်ပါ နေ့ရက်တစ်ခုခုမှ သုံးနှစ်ကုန်ဆုံးသည့်အခါ သက်ဆိုင်ရာ ပြစ်မှုတစ်ခုခုအတွက် ဤအက်ဥပဒေကို လိုက်နာရသူ တစ်ဦးဦးအား စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ခြင်းကို စတင်မပြုလုပ်ရ-

      (က) ပြစ်မှုကျူးလွန်သည့်နေ့ရက်၊

      (ခ) နစ်နာသူ သို့မဟုတ် အရေးယူပိုင်ခွင့်ရှိသူက ပြစ်မှုကျူးလွန်ကြောင်း မသိရှိရာမှ ပြစ်မှုကျူးလွန်ကြောင်းကို သိရှိလာသည့်အခါ ၎င်းတို့သိရှိသည့် နေ့ရက်များအနက် စောရာနေ့ရက်၊

     (ဂ)နစ်နာသူ သို့မဟုတ် အရေးယူပိုင်ခွင့်ရှိသူက   ပြစ်မှုကျူးလွန်သူ မည်သူဖြစ်ကြောင်း မသိရှိရာမှ ယင်းပြစ်မှုကျူးလွန်သူ မည်သူဖြစ်ကြောင်းကို ၎င်းတို့ သိရှိသည့် နေ့ရက်များအနက် စောရာနေ့ရက်။''

၂။ ၎င်းဥပဒေကြမ်းနှင့်ပတ်သက်၍ အာဆီယံဒေသတွင်း နိုင်ငံများရှိ တော်ဝင်ဘရူနိုင်း တပ်မတော်အက်ဥပဒေ (Royal  Brunei  Armed Forces  Act)၏ ပုဒ်မ ၁၁၉ တွင် ''စစ်ဘက်ဥပဒေအရ  ပြစ်မှုများအတွက် ကာလစည်းကမ်းသတ်'' (Limitation  of  time for  trial  of offences

under  military  law)ဟုလည်းကောင်း၊ မလေးရှား တပ်မတော်အက် ဥပဒေ (Malaysia  Armed  Forces  Act)  ပုဒ်မ ၁၄၄ တွင် ''စစ်ဘက်ဥပဒေအရ ပြစ်မှုများအတွက် ကာလစည်းကမ်းသတ်'' (Limitation of time  for  trial  of  offences  under  Service  law)ဟုလည်းကောင်း၊ စင်ကာပူတပ်မတော် အက်ဥပဒေ (Singapore  Armed  Forces  Act)ပုဒ်မ ၁၁၁ တွင် ''ပြစ်မှုများအတွက် ကာလစည်းကမ်းသတ်'' (Limitation   of   time  for  trial  of  offences)ဟု လည်းကောင်း အသီးသီး ထည့်သွင်းထားသည်ကို တွေ့ရှိရပါသည်။

ထို့အတူ အခြားကမ္ဘာ့နိုင်ငံများ၌ အက်ဥပဒေ အသီးသီးကို ပြဋ္ဌာန်းထားရှိပြီး ခေတ်ကာလနှင့် လျော်ညီအောင် ပြင်ဆင်မှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

၃။   တပ်မတော်သားများသည် နယ်ဘက်ဥပဒေများအပြင် စစ်ဘက် ဆိုင်ရာ ဥပဒေများကိုပါ လိုက်နာရပြီး တာဝန်ထမ်းဆောင်ရမှုမှာလည်း ထူးခြားသည့် သဘောသဘာဝရှိသည့် အတွက်ကြောင့် လည်းကောင်း၊ ဥပဒေလိုက်နာရသည့်အပြင် စစ်စည်းကမ်း ထိန်းသိမ်းမှုကိုပါ ခံယူကြရသူများဖြစ်သည့် အတွက်ကြောင့် လည်းကောင်း၊ နိုင်ငံတော် ကာကွယ်ရေး တာဝန်ထမ်းဆောင်ရာတွင် နောက်ကြောင်းအေးစွာ ထမ်းဆောင်နိုင်ရန် အတွက်လည်းကောင်း၊ တပ်မတော်သားများအပေါ်  စစ်ဆေးစီရင်ခြင်းဆိုင်ရာ ကာလစည်းကမ်းသတ် ပြဋ္ဌာန်းချက်ကို တပ်မတော်ဆိုင်ရာ ဥပဒေများတွင် ထည့်သွင်းပြဋ္ဌာန်းရခြင်းဖြစ်ပါသည်။

၄။    ယနေ့ခေတ်ကာလတွင် တပ်မတော်သားများ ပြစ်မှုကျူးလွန်မှုများ အပေါ် လေ့လာသုံးသပ် တွေ့ရှိချက်များအရ အချို့သောတပ်မတော်သားများ ကျူးလွန်သည့်ပြစ်မှုများသည် ခွင့်မလွှတ်ထိုက်ဘဲ မလွဲမသွေ အရေးယူရမည်ဖြစ်သော်လည်း ကာလစည်းကမ်းသတ် ကာလ သုံးနှစ်ကျော်မှသာ သိရှိရပြီး နယ်ဘက်သို့ လွှဲပြောင်းပေးရမည့် ပြစ်မှုများတွင် အကျုံးမဝင်သည့် အတွက်ကြောင့် အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ပေးရမည့် အခြေအနေများ ဖြစ်ပေါ်လာပါသည်။ ထို့ကြောင့် အရေးယူထိုက်သူကို အရေးယူခံရခြင်းမှ ကင်းလွတ်ခြင်း မရှိစေရန်အတွက် လည်းကောင်း၊ တပ်မတော်သားများ ခံစားထိုက်ခွင့်ရှိသည့် စစ်ဆေးစီရင်ခြင်းဆိုင်ရာ ကာလစည်း ကမ်းသတ် အခွင့်အရေးကို မဆုံးရှုံးစေရန်အတွက် လည်းကောင်း စဉ်းစားသုံးသပ်လျက် အကောင်းဆုံး နည်းလမ်းရရှိရန် ကြိုးစားရှာဖွေခဲ့ပြီး ဥပဒေကို ခေတ်နှင့်အညီ ပြင်ဆင်ရခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့