အမေရိကန်က တရုတ်ကုမ္ပဏီ ၂၄ ခုကို အမည်ပျက်စာရင်းသွင်းမှု နှစ်နိုင်ငံဆက်ဆံရေးကို ပိုဆိုးစေနိုင်

အမေရိကန်အစိုးရက တရုတ်အစိုးရ၏ တောင်တရုတ်ပင်လယ်အတွင်း ကျွန်းတုများ တည်ဆောက်ရေးလုပ်ငန်းတွင် ပါဝင်သည့် တရုတ်ကုမ္ပဏီ ၂၄ ခုကို အမည်ပျက်စာရင်းသွင်းကြောင်း    အမေရိကန်ကုန်သွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၂၆ ရက်တွင် ကြေညာသည်။

လက်ရှိအချိန်တွင် ပိုင်နက်အငြင်းပွားတောင်တရုတ်ပင်လယ်၌ အမေရိကန်နှင့်

တရုတ်တို့ကြား  တင်းမာမှုများမြင့်တက် နေစဉ်   ယခုကဲ့သို့  တရုတ်ကုမ္ပဏီများကို အမေရိကန်က အမည်ပျက် စာရင်းသွင်းမှုသည် နှစ်နိုင်ငံဆက်ဆံရေးကို ပိုဆိုးစေနိုင်ကြောင်း သိရသည်။

ထို့ပြင် အမေရိကန်အစိုးရသည် အဆိုပါ ကျွန်းတုများ တည်ဆောက်ရေးလုပ်ငန်းတွင် ပါဝင်သူ    တရုတ်နိုင်ငံသားများကို အမေရိကန် ပြည်ဝင်ခွင့်ပိတ်ပင်သွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောသည်။

အမေရိကန်စစ်ဘက်သည်    သြဂုတ် ၁၄ ရက်တွင် ပိုင်နက်အငြင်းပွား တောင်တရုတ်ပင်လယ်အတွင်း   လေယာဉ်တင် သင်္ဘောတိုက်ခိုက်ရေးအုပ်များဖြင့် စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ထားသည်။

တရုတ်ဘက်ကလည်း တန်ပြန်စစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်ထားသည့်အပြင် သြဂုတ် ၂၆ ရက်တွင် တရုတ်က စစ်ရေးလေ့ကျင့်နေစဉ်   သတ်မှတ်ထားသည့်  လေယာဉ်မပျံသန်းရ နယ်မြေထဲသို့ အမေရိကန်ထောက်လှမ်းရေး လေယာဉ် တစ်စင်း ဝင်ရောက်မှုသည်လည်း နှစ်နိုင်ငံတင်းမာမှုများကို   ပိုဆိုးလာစေကြောင်း သိရသည်။

Ref: Sputnik