အမေရိကန်၌ ကောလိပ်များ ပြန်ဖွင့်ပြီးနောက် ဗိုင်းရပ်ကူးစက်မှု မြင့်တက်လာ

အမေရိကန်နိုင်ငံ၌ ကောလိပ်များပြန်ဖွင့်ပြီးနောက် ရက်အနည်းငယ် အတွင်းမှာပင် နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုမြင့်တက် လာကြောင်း သိရသည်။

အလာဘားမား တက္ကသိုလ်၌ အတန်းများ ပြန်စသည့် သြဂုတ် ၁၉ ရက်မှစ၍ ဗိုင်းရပ်ကူးစက်ခံရသူ ၅၅၀ ကျော်ရှိကာ ၎င်းင်းတို့အနက် အများစုမှာ ကျောင်းသားများ၊ တက္ကသိုလ်ဆရာများနှင့် ဝန်ထမ်းများဖြစ်ကြောင်း ထိုတက္ကသိုလ်က  သြဂုတ် ၂၄ ရက်တွင်  ထုတ်ပြန်သည်။

ထို့ကြောင့်  တက္ကသိုလ်တည်ရှိရာ  တက်စကာလူဆာမြို့ရှိဘားများကို  ၁၄ ရက်ကြာပိတ်ရန်နှင့် အခြားနေရာများတွင်     အသွားအလာတားမြစ်ကန့်သတ်မှုများ ချမှတ်ရန် မြို့တော်ဝန်က အမိန့်ထုတ်ထားသည်။

တောင်ကယ်လီဖိုးနီးယား တက္ကသိုလ်တွင်လည်း အလားတူဗိုင်းရပ်ကူးစက်မှုရှိသည့်အတွက် တာဝန်ရှိသူများက ဗိုင်းရပ်နှင့်ထိတွေ့ခဲ့သော ကျောင်းသားအယောက် ၁၀၀ ကျော်ကို ၁၄ ရက်ကြာ သီးသန့်ခွဲထားသည်။

သြဂုတ် ၂၆ ရက်တွင် အတန်းပြန်စသော အိုဟိုင်းယိုးတက္ကသိုလ်ကမူ ကျန်းမာရေးနှင့်လုံခြုံမှု စည်းမျဉ်းများကို ချိုးဖောက်သော ကျောင်းသား ၂၀၀ ကျော်ကို ကျောင်းတက်ခွင့်ယာယီ ဆိုင်းငံ့လိုက်သည်။

ထို့ပြင် မြောက်ကယ်ရိုလိုင်းနားတက္ကသိုလ်ကလည်း ဗိုင်းရပ်ကူးစက်ခံရသူ အရေအတွက် ရုတ်တရက်မြင့်တက် လာသည့်အတွက် အတန်းများကို ပြီးခဲ့သည့် သီတင်းပတ်တွင် ဖျက်သိမ်းလိုက်ကြောင်း သိရသည်။

Ref: The Straits Times