ကိုရိုနာဗိုင်းရပ်ကို အိုဇုန်းဓာတ်ငွေ့အနိမ့်ဆုံး ပမာဏဖြင့် သတ်နိုင်ဟု ဂျပန်သုတေသီများပြော

ဂျပန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်တိုက်ဖျက်ရေးအတွက် ဆေးရုံများရှိ လူနာစောင့်အခန်းများနှင့် စမ်းသပ်ခန်းများအတွင်း ပိုးသတ်ရာတွင်  အိုဇုန်းဓာတ်ငွေ့ အနိမ့်ဆုံးပါဝင်မှုက ပို၍ထိရောက်မှု ရှိကြောင်း ဂျပန်သုတေသီများက သြဂုတ် ၂၆ ရက်တွင်ပြောသည်။

လေထုထဲတွင် အိုဇုန်းဓာတ်ငွေ့ သုည ဒသမ ၀၅ မှ သုည ဒသမ PPM အထိပါဝင်မှုသည် ကိုရိုနာဗိုင်းရပ်များကို သေစေနိုင်သည့်အပြင်   လူသားများကို ဘေးဥပဒ်မဖြစ်စေနိုင်သည်ကို တွေ့ရှိကြောင်း ဖူဂျီတာဆေးတက္ကသိုလ်မှ  သိပ္ပံပညာရှင်များက သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

သုတေသီများသည် ကိုရိုနာဗိုင်းရပ်များထည့်ပြီး  အလုံပိတ်ထားသော အခန်းတစ်ခုအတွင်း  အိုဇုန်းဓာတ်ငွေ့လွှတ် ထုတ်ကာလေ့လာစမ်းသပ်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့လေ့လာရာတွင် အိုဇုန်းဓာတ်ငွေ့အနိမ့်ဆုံးပမာဏကို ၁၀ နာရီကြာထားရှိခြင်းက အခန်းတွင်းရှိ ကိုရိုနာဗိုင်းရပ် ၉၀ ရာခိုင်နှုန်းကျော်ကို သေဆုံးသွားစေကြောင်း တွေ့ရှိရသည်။

ထိုသို့သောနည်းဖြင့် လုပ်ဆောင်မှုက ဗိုင်းရပ်ကူးစက်မှုကို အဆက်မပြတ် လျော့ကျစေနိုင်သည့်အတွက် လက်ရှိပတ်ဝန်းကျင်မှ လူများအနေဖြင့်လည်း အဆိုပါ နည်းစနစ်အတိုင်း အသုံးပြုနေသည်ဟု သုတေသီခေါင်းဆောင် တာကာယူကီမူရာတာက ပြောသည်။

အဆိုပါ နည်းပညာသည် အထူးသဖြင့် လေထုအတွင်း စိုထိုင်းမှုပမာဏ အမြင့်ဆုံးရှ ိနေချိန်တွင် ပို၍ထိရောက်မှုရှိသည်ကို တွေ့ရကြောင်း တာကာယူကီမူရာတာက ဆက်ပြောသည်။

အောက်ဆီဂျင်မော်လီကျူး ပုံစံတစ်မျိုးဖြစ်သော အိုဇုန်းဓာတ်ငွေ့သည် ရောဂါပိုးအများအပြားကို သေစေနိုင်စွမ်းရှိပြီး ယခင်လေ့လာမှုများအရ အိုဇုန်းပါဝင်မှု ပမာဏအများအပြားဖြစ်သော ၁ မှ ၆ PPM အတွင်း အသုံးပြုမှုသည် ကိုရိုနာဗိုင်းရပ်ကို သေစေနိုင်သော်လည်း လူကိုဘေးဥပဒ်ဖြစ်စေကြောင်း သိရသည်။     

Ref: The Straits Times