ငယ်ဘဝ

ယမန်နေ့မှအဆက်

''အမေကြီး...အမေရော''

မောင်ငြိမ်းချမ်း အမေကြီးနား သွားမေးသည်။

''မသိဘူး...''

အမေကြီးဖြေပုံက မာသည်၊ ပြတ်သည်။ ဘာမျှလည်း ဆက်ပြောခြင်းမရှိ။ ခါတိုင်းတွေ့နေကျ  အမေကြီးနှင့် မတူသလိုဖြစ်နေသည်။

''ထမင်းဆာတယ် အမေကြီး ထမင်းကျွေးပါ..''

မောင်ငြိမ်းချမ်းက အမေကြီး ထမင်းကျွေးရန် ပြောသည်။

''မကျွေးနိုင်ဘူး...မင်းတို့အမေကျွေးခိုင်း...''

အမေကြီးပြောသည်က ဒေါသနှင့်

''အမေက ဘယ်သွားမှန်းမသိဘူး အမေကြီး...''

''အေး....အခုသိရမယ်...မစောရီ...လာပါဦး...''

အမေကြီးက ဘေးနားမှာရောက်နေသော အိမ်နီးချင်း ဒေါ်စောရီကိုခေါ်လိုက်သည်။

''မင်းတို့အမေ ယောက်ျားနောက် လိုက်သွားပြီ။

ဒီအိမ်မှာမရှိတော့ဘူး။ မင်းတို့လည်း မင်းတို့ပထွေးအိမ် လိုက်သွားကြ။ ဒီပုတ်ထဲက ဒီပဲတွေ အတူတူပဲ။ ငါတို့ကို အသက်ကြီးမှဒုက္ခပေးတဲ့ဟာတွေ...ဘယ်သူ့မှ မကြည့်ချင်ဘူး။ အဆိပ်ပင်ရေလောင်းရတာနဲ့ အတူတူပဲ။ မစောရီ...ဒီကလေးသုံးယောက်  သူ့အမေဆီပို့လိုက်...''

အမေကြီးထံမှ မမျှော်လင့်သော စကားများကို ကြားရခြင်းဖြစ်သည်။ အမေကြီး ဤသို့ ဒေါသဖြစ်သည်ကို မမြင်ဘူးပါ။ ယခုလို တင်းတင်းမာမာ ပြောသည်ကိုလည်း မကြားဘူးပါ။ အလွန်သဘောကောင်းသည်ဟု ထင်ထားသော အမေကြီးမှာ  ကြောက်စရာဖြစ်နေသည်။

ထမင်းဆာသည်များ ပျောက်သွားသည်။ ကြောက်ခြင်း၊ဝမ်းနည်းကြေကွဲခြင်းများကြောင့် မောင်ငြိမ်းချမ်းငိုမိသည်။ နှမလေးလည်းငိုနေပြီ။ အငယ်ကောင်လေးကတော့ ဘာမှမသိ။ ဒေါ်စောရီက အငယ်လေးကို ကောက်ချီ၍ မောင်ငြိမ်းချမ်းလက်ကိုဆွဲလိုက်သည်။

''လာ...လာ....ကလေးတွေ...မင်းတို့အမေဆီ အဒေါ်လိုက်ပို့မယ်...''

ဒေါ်စောရီ၏လေသံက သနားကြင်နာမှုပါသည်။

ငိုနေသောနှမလေး၏လက်ကို မောင်ငြိမ်းချမ်းက လှမ်းကိုင်ဆွဲယူလိုက်သည်။ မောင်ငြိမ်းချမ်းတို့ မောင်နှမ ဒေါ်စောရီနှင့်အတူ ပါသွားကြသည်။

လွန်ခဲ့သောသုံးရက်ခန့်က ညနေတွင် အမေကြီးငို၍ အမေနှင့်စကားပြောနေသည်ကို မောင်ငြိမ်းချမ်း သတိရမိသည်။

''ငါ့သမီးရယ်...လိမ်မာစမ်းပါ။ အမေတို့ စိတ်ဆင်းရဲအောင် မလုပ်ပါနဲ့...။ အမေ့ရင်ထဲမှာ ပူလောင်နေ

တာပဲ...။ ငါ့သမီးအခုပြောလိုက်မှ စိတ်အေးရတယ်။လိမ်မာပါ ငါ့သမီးရယ်။ လိမ်မာစမ်းပါ....''

အမေကြီးပြောသော  စကားများကိုလည်း မောင်ငြိမ်းချမ်းကြားယောင်မိသည်။

ထိုနေ့က အမေ့ကို ''အမေကြီး ဘာလို့ငိုတာလဲ'' ဟု မောင်ငြိမ်းချမ်းမေးခဲ့သည်။

''ဘာမှမဟုတ်ပါဘူး ငါ့သားရယ်''

အမေက ခပ်လွယ်လွယ်ပြောခဲ့၍ မောင်ငြိမ်းချမ်းလည်း ခပ်လွယ်လွယ်ပင် မေ့မေ့ပျောက်ပျောက်ဖြစ်ခဲ့သည်။ ခုတော့ အမေကြီး ငိုသည်နှင့်ပြောသည်များကိုဆက်စပ်ပြီး နားလည်သလိုဖြစ်မိသည်။

''ဘယ်လိုက်ပို့မှာလဲ ဒေါ်စောရီ အမေက ဘယ်အိမ်မှာလဲ...''

ခုထိပထွေးဘယ်သူဖြစ်မည်ကို    မသိသေး၍ မောင်ငြိမ်းချမ်းက ဒေါ်စောရီကိုမေးမိသည်။

''မင်းတို့အမေက ရွာမြောက်ပိုင်းက ကိုတင်မောင်နဲ့ လိုက်သွားတာ'' မင်းတို့အဖေကြီးနဲ့ အမေကြီးက သဘောမကျလို့တားတာ နားမထောင်ဘူး''

ဒေါ်စောရီပြောမှ ပထွေးဘယ်သူဆိုတာ သိရသည်။

ပို၍ကြောက်သွားသည်။

ဦးတင်မောင်ဆိုသည်ကို သိရုံမြင်ဖူးရုံသာရှိသည်။

လုံးဝရင်းနှီးခြင်းမရှိ။

''ငါတို့ကို ပထွေးကရော သူ့အိမ်မှာလက်ခံပါ့မလား။

ရိုက်များလွှတ်မလား''

ကြောက်စိတ်ကြောင့် ဝမ်းနည်းလာပြီး ငိုမိသည်။

နှမလေးကလည်း အသံထွက်ပြီးငိုနေသည်။ ဒေါ်စောရီ ချီထားသော အငယ်လေးပါ အစ်ကို၊ အစ်မများနှင့်အတူ ရောပြီးငိုနေသည်။

''ကြောက်တယ် မသွားချင်ဘူး။ ပထွေးရိုက်မှာ ကြောက်တယ်''

မောင်ငြိမ်းချမ်းငိုရင်းမှ ဒေါ်စောရီလက်ကို ဆွဲထားသည်။ ဆက်မသွားအောင် ဟန့်တားခြင်းဖြစ်၏။

''မရိုက်ပါဘူး လူလေးရယ်...မင်းအမေလည်း ရှိတာပဲ...''

ဒေါ်စောရီစကားကြောင့် မောင်ငြိမ်းချမ်း အားရှိသွားသည်။

ဒေါ်စောရီလက်ကိုဆွဲမထားတော့ဘဲ သူခေါ်ရာနောက်သို့ လိုက်ပါခဲ့မိသည်။  ငိုနေသောနှမလေး

ကိုလည်း ကြင်နာစွာ ပခုံးလေးကိုဖက်၍  အားပေးလိုက်သည်။

နှမလေးကငိုလျက်မှ မောင်ငြိမ်းချမ်းဘေးမှ ကပ်ပြီး လိုက်လာရှာသည်။ ရောက်ပါပြီ ပထွေး၏နှစ်ထပ်အိမ်ရှေ့မှာ ဒေါ်စောရီရပ်လိုက်သည်။

''မစံရေ...မစံ...''

ဒေါ်စောရီအသံပြုသည်။

အိမ်ကြီးထဲမှာ ဘာသံမျှပြန်မကြားရ။

အမေဒီအိမ်မှာရှိရဲ့လား။ မောင်ငြိမ်းချမ်း အိမ်ကြီးကိုကြည့်ပြီး ကြောက်စိတ်ဝင်၍ မျက်ရည်များ စီးကျလာသည်။

''မစံရေ ဒီမှာဟေ့...ကလေးတွေလာပို့တာ..''

ဒေါ်စောရီ   အိမ်ထဲကြားအောင်  လှမ်းအော်ပြောသည်။

''ဘယ်သူလဲ မစောရီလား''

အိမ်ထဲမှ မေးသံ။ အမေ့အသံမှန်းသိ၍ မောင်ငြိမ်းချမ်းတို့မောင်နှမ ဝမ်းသာအားတက်ဖြစ်ရသည်။

အမေထွက်လာသည်။

''လာ...လာ...သားတို့၊ သမီးတို့လာကြ...''

ငိုနေသောကလေးများကို အမေက အိမ်ထဲခေါ်သွားသည်။ မောင်ငြိမ်းချမ်းတို့ မောင်နှမ အားငယ်ကြောက်လန့်စွာနှင့် ပထွေးအိမ်ကြီးထဲသို့ ဝင်ရောက်ခဲ့ရ၏။ 

ဆက်လက်ဖော်ပြပါမည်။