ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် ကျောက်တော်မြို့နယ်အတွင်း မသင်္ကာဖွယ် အမျိုးသား တစ်ဦးအား လက်ကိုင်စကားပြောစက်တစ်လုံးနှင့်အတူ အသေပစ်ခတ်ဖမ်းဆီးရမိ

နေပြည်တော် ၊  သြဂုတ် - ၂၇
    
 ကျောက်တော်မြို့အနီး အကြမ်းဖက်သောင်းကျန်းသူများ ဝင်ထွက်သွားလာ နိုင်သည့်နေရာများတွင် တပ်မတော်သားများက လုံခြုံရေးလုပ်ငန်းများ နေ့ညမပြတ် ဆောင်ရွက်လျက်ရှိရာ တပ်မတော်လှည့်ကင်းလှုပ်ရှားစစ်ကြောင်းတစ်ကြောင်းမှ  ယနေ့နံနက် ၁ နာရီ ၃၅ မိနစ်ခန့်တွင် ကျောက်တော်-ဝါးကင်း ကျေးရွာသွား လမ်းကြောင်းပေါ်၌ မသင်္ကာဖွယ်ရာအပြန်အလှန် မီးအချက်ပြမှုပြုလုပ်နေသည်ကို တွေ့ရှိသဖြင့် စစ်ဆေးနိုင်ရေးခေါ်ယူရာ အဆိုပါမသင်္ကာဖွယ်မီးအချက်ပြသူ နှစ်ဦးမှာ လာရောက်ခြင်းမရှိဘဲ ထွက်ပြေးသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ထွက်မပြေးရန် ပြောသော်လည်း ရပ်တန့်မှုမရှိသောကြောင့် ခြောက်လှန့်ပစ်ခတ်ခဲ့ရသည်။ ပစ်ခတ်မှုကြောင့် တစ်ဦးမှာထွက်ပြေးလွတ်မြောက်သွားပြီး အသက် ၃၀ ခန့်ရှိ အမျိုးသားတစ်ဦးအား ၎င်းဝတ်ဆင်ထားသည့် ပုဆိုးခါးပုံစအတွင်းမှ  Quansheng   အမျိုးအစား လက်ကိုင်စကားပြောစက် ၁ လုံး၊ ငွေကျပ် ၁၀၀၀ နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကာ ၎င်းစီးနင်းလာသည်ဟုယူဆရသော Smash-125 အမျိုးအစား(လိုင်စင်မဲ့) ဆိုင်ကယ်တစ်စီးအား သိမ်းဆည်းရမိခဲ့ပြီး သေဆုံးသူအား သက်ဆိုင်ရာ နယ်မြေရဲစခန်းသို့ ယနေ့နံနက်ပိုင်းတွင် လွှဲပြောင်းပေးခဲ့ကြောင်းသိရှိရသည်။
    
ဖြစ်စဉ်ဖြစ်ပွားသည့် ကျောက်တော်မြို့သည် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ် အေးချမ်းရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသော အကြမ်းဖက်မှုလုပ်ရပ်များဖြစ်သည့် မိုင်းထောင်ဖောက်ခွဲခြင်း၊ ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ ရဲကင်းစခန်းများအား အကြမ်းဖက်သောင်းကျန်းသူများက ဝင်ရောက်တိုက်ခိုက်မှု ဖြစ်စဉ်များဖြစ်ပွားခဲ့ခြင်းများကြောင့် ကျောက်တော်မြို့နယ်အပါအဝင် မောင်တော မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ပုဏ္ဍားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ မြောက်ဦး မြို့နယ်၊ မင်းပြားမြို့နယ်နှင့် ပလက်ဝမြို့နယ်တို့တွင်  ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အား ထုတ်ပြန်ထားခဲ့ပြီး သြဂုတ်လ ၂ ရက်နေ့တွင် ကျောက်တော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အမိန့်အမှတ်(၄/၂၀၂၀)ဖြင့်ထပ်မံ၍ ၂ လ ပြည့်မြောက်သည်အထိ သက်တမ်း တိုးထားသည့်နယ်မြေဖြစ်သည်။ တပ်မတော်သားများ အနေဖြင့် ဒေသခံပြည်သူလူထု၏ လူမှုဘဝနေထိုင်မှု လုံခြုံစေရေးအတွက် နယ်မြေလုံခြုံရေးလုပ်ငန်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။