ငယ်ဘဝ

ယမန်နေ့မှအဆက်

အမေက သားသမီးများကို မငိုရန် နှစ်သိမ့်အားပေးသည်။ မောင်ငြိမ်းချမ်းနှင့် နှမလေးကို အိမ်အပေါ်ထပ် သွပ်ပြန့်မိုးထားသော အခန်းထဲမှာ အိပ်ရာခင်းပေးပြီး အိပ်စေသည်။ အငယ်လေးကိုတော့ သူနှင့်အတူအိပ်ရန် ခေါ်သွားသည်။

ပထွေးဖြစ်သူက    ဘာမျှပြောခြင်း၊ ဆိုခြင်းမရှိ၍ မောင်ငြိမ်းချမ်း စိတ်အေး သက်သာဖြစ်ရသည်။ ထမင်း မစားရသေးသည်ကို မေ့သွားသည်။ ဆာသောစိတ်လည်းမရှိတော့ပါ။

သူများအိမ်ဖြစ်သည်ဟူသော အသိဖြင့် စိုးရွံ့အားငယ်စွာ မောင်နှမနှစ်ယောက် အိပ်ပျော်သွားခဲ့ကြပါသည်။

ကျောင်းတက်သွားသော မောင်ငြိမ်းချမ်း နောက်တစ်နေ့မနက်စောစော   မောင်ငြိမ်းချမ်းအိပ်ရာမှနိုးသည်။ ကျောင်းသွားရမည်။ ကျောင်းတက်စာသင်ရမည်ကို မောင်ငြိမ်းချမ်း ပျော်သည်။ ကျောင်းက အဖေကြီး၏ အိမ်ဝင်းနှင့်တစ်ဆက်တည်းမှာရှိသည်။

အမေကြီးကိုကြောက်သည်။   မနေ့ညက   အမေကြီး ဒေါသတကြီး ပြောဆိုသည်များကို ပြန်၍ကြားယောင်နေသည်။

စာအုပ်၊ လွယ်အိတ်၊ ကျောက်သင်ပုန်း၊ ကျောက်တံ၊ခဲတံတို့က အမေကြီး အိမ်မှာကျန်ရစ်သည်။

''ဘာလုပ်ရမလဲ...''

''ကျောင်းတက်ရန် လွယ်အိတ်သွားယူလျှင် အမေကြီး ဆူမည်လား...'' မောင်ငြိမ်းချမ်း စိုးရိမ်ကြောက်ရွံ့နေမိသည်။

ယခင်ကတော့ မောင်ငြိမ်းချမ်း စာတွင်စိတ်ဝင်စားခြင်း၊ စာတော်ခြင်းကို အဖေကြီးနှင့်အမေကြီးက အမြဲချီးမွမ်းခဲ့သည်။

''ဆူချင်လည်းဆူ၊ ကျောင်းလွယ်အိတ် သွားယူပြီး ကျောင်းတက်မည်''

မောင်ငြိမ်းချမ်း ဆုံးဖြတ်လိုက်သည်။ အမေ့ကိုပင် ဘာမျှမပြောတော့ပါ။ ပထွေးအိမ်မှ ထွက်လာခဲ့သည်။

မနေ့ညကလည်း  ဘာမျှမစားရ။  ယခုမနက်လည်း ဘာမျှမစားရသေး။ ပထွေးအိမ်မှာ မစားချင်။ ပထွေးနှင့်လည်း မတွေ့ချင်၍ ထွက်လာခဲ့ခြင်းဖြစ်သည်။ လမ်းတွင် ကျောင်းသွားနေသော ကလေးများကို တွေ့ရသည်။

မောင်ငြိမ်းချမ်းတို့ ရွာသဘာဝမှာ ကလေးများသည် မနက်လင်းသည်နှင့် စာသင်ကျောင်းသို့သွားကြသည်။

ကျောင်းမတက်သေးခင် ကျောင်းဝင်းထဲမှာ ဆော့ကစားရသည်။

ခါတိုင်းဆိုလျှင်    မောင်ငြိမ်းချမ်း ကျောင်းသွားရန်မလို။ ကျောင်းနှင့်အိမ် ခြံဝင်းတစ်ဆက်တည်းမို့ အိမ်မှာနေရင်း    ကျောင်းသို့ရောက်နေသည်။      ယနေ့တော့ သူများနည်းတူ ကျောင်းသွားနေရသည်။ သွားရသည်မှာ အဝေးကြီး။   ပထွေး၏အိမ်မှာ   ရွာမြောက်ဖျားတွင်ရှိသည်။ အဖေကြီး၏ ကျောင်းသည် ရွာတောင်ဖျားမှာ ရှိသည်။

သူများကျောင်းသွားသည်က ကျောင်းလွယ်အိတ် လွယ်ထား၍ ကျောင်းသားနှင့်တူသည်။ မောင်ငြိမ်းချမ်းမှာ လွယ်အိတ်မပါ၍ ကျောင်းသားနှင့်မတူ။ သွားနေပုံကလည်း မဝံ့မရဲ ကုပ်ချောင်းချောင်း။ လမ်းတွင် ဘယ်သူကမှ ဘာမျှမမေး၍ တော်သေးသည်။

မောင်ငြိမ်းချမ်း ကျောင်းရောက်သောအခါ ကလေး တော်တော်များများ ရောက်နေကြပြီ။ ယခင်ရက်များကသူသည် နေ့စဉ်ကျောင်းအစောဆုံး ရောက်သူအဖြစ် မောင်ငြိမ်းချမ်း ဂုဏ်ယူဝင့်ကြွားပြောဆိုခဲ့သည်။

''မင်းက ကျောင်းဝင်းထဲမှာ နေတာကိုး။ အရင်ဆုံး ရောက်မှာပေါ့''ဟု သူငယ်ချင်းများက ပြန်ပြောသည်။

ယနေ့တော့ အရင်ဆုံးရောက်သူ မဟုတ်တော့ပါ။

နောက်အကျဆုံးပင်ဖြစ်နိုင်ပါသည်။

ကျောင်းဝင်းဘက်သွားမည် လုပ်ပြီးမှ မသွားသေးဘဲ အဖေကြီး အိမ်ဘက်သို့ဝင်လိုက်သည်။ အိမ်ရှေ့မှာ အမေကြီးကိုတွေ့သည်။

''ကျွန်တော် ကျောင်းလွယ်အိတ်ယူချင်လို့''

မောင်ငြိမ်းချမ်း     အမေကြီးထံ ခွင့်တောင်းသည်။

ခပ်လှမ်းလှမ်း တန်းလျားခုံမှာ ဦးလေးကို ထိုင်လျက်သား တွေ့ရသည်။ အဖေကြီးကိုတော့မမြင်။

''သွားယူချေ''

အမေကြီးကခွင့်ပြုသည်။ လေသံက တင်းမာခြင်း မရှိသလို ပျော့ပျောင်းခြင်း မရှိသည်ကို မောင်ငြိမ်းချမ်း သတိထားမိသည်။

အိမ်ထဲဝင် ကျောင်းလွယ်အိတ်ယူပြီး ပခုံးမှာလွယ်၍ ကျောင်းဘက်သို့သွားသည်။      စာသင်ကျောင်းမှာ ခြေတံရှည်အမြင့်ဖြစ်၍ ကျောင်းလှေကားရင်းမှတက် ခုံမှာ တခြားကလေးများလို ထိုင်လိုက်သည်။     အချို့ကလေးများက အိမ်မှပါလာသော မုန့်များကို ထုတ်စားနေကြသည်။ သူများ မုန့်စားတာမြင်တော့ မောင်ငြိမ်းချမ်း ဗိုက်ဆာလာသည်။ သို့သော် မောင်ငြိမ်းချမ်း ဘယ်မှာစားရမှန်းမသိ။ ပထွေးအိမ်မှာလည်း မစားချင်။ အမေကြီး အိမ်မှာလည်းမစားရဲ။ မောင်ငြိမ်းချမ်း စိတ်အားငယ်၍ ငိုချင်စိတ်ဖြစ်လာသည်။  တခြားကလေးများ သိမှာ၊မြင်မှာစိုး၍ မငိုမိအောင်စိတ်ကို ထိန်းချုပ်ထားသည်။

ထိုအချိန်တွင်    ရောင်စုံဘောလုံး ရောင်းသူတစ်ဦး ရောက်လာသည်။ ကျောင်းဝင်းမရှေ့မှ လမ်းပေါ်မှာရပ်လျက် အသံမြည်သော ပူဖောင်းကို အဆက်မပြတ်နှိပ်ပြီး ကလေးများကို ဆွဲဆောင်နေသည်။ သူ့လက်ထဲမှာ ရောင်စုံဘောလုံးများစွာ ချိတ်ဆွဲထားသည့်တုတ်ကို

ကိုင်ထားသည်။ တုတ်ဖျားမှ လေးထောင့်ဘောင်ခတ်ထားသည့် ဝါးခြမ်းများတွင်  လေတင်းအောင်မှုတ်ထားသည့် ရောင်စုံဘောလုံးများစွာ ချိတ်ဆွဲထားသည်။

ပိုက်ဆံပါသော ကလေးများက ပြေးပြေးလွှားလွှား ဝယ်ကြသည်။ ပိုက်ဆံမပါသော ကလေးများကလည်း အိမ်ပြန် မိဘထံ ပိုက်ဆံတောင်းပြီး ဝယ်ကြသည်။

ရောင်စုံဘောလုံးရောင်းသူမှာ ရောင်း၍ကောင်းလွန်းသောကြောင့် ဘောလုံးအသစ်များကို အဆက်မပြတ် လေမှုတ်နေရသည်။ ခဏအကြာတွင် ကလေးတိုင်း ရောင်စုံဘောလုံး ကိုယ်စီဖြစ်နေသည်။

ဆက်လက်ဖော်ပြပါမည်။