ပြည်သူ့ဆေးရုံများတွင် ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများကို တန်ဖိုးသင့်ထမင်း၊ ဟင်းများနှင့် စားသောက်ကုန်ပစ္စည်းများ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး

နေပြည်တော်၊ သြဂုတ် - ၂၈
    
COVID-19   ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်း များ စားရေးသောက်ရေးတွင် အဆင်ပြေစေရန်အတွက် ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ကလေးအထူးကုဆေးရုံကြီး၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် မိုးမိတ်မြို့တို့ရှိပြည်သူ့ဆေးရုံများ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးနှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ပြည်သူ့ဆေးရုံ၊  ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ လှိုင်သာယာမြို့နယ် ပြည်သူ့ဆေးရုံကြီး၊ သာကေတမြို့နယ်၊ အထူးကုဆေးရုံ၊ တောင်ဥက္ကလာပမြို့နယ် အမျိုးသမီးနှင့် ကလေးဆေးရုံကြီး၊ မြောက်ဥက္ကလာပမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့ရှိ သင်ကြားရေးနှင့် အထွေထွေရောဂါကုဆေးရုံကြီးများ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နှင့် မြောင်းမြမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ရခိုင်ပြည်နယ်၊ အမ်းမြို့ပြည်သူ့ဆေးရုံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နှင့် ချင်းပြည်နယ်၊ ဟားခါးမြို့တို့ရှိပြည်သူ့ဆေးရုံများ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နှင့် ပဲခူးမြို့တို့ရှိ အထွေထွေရောဂါကုဆေးရုံကြီးများ၊ ကြို့ပင်ကောက်မြို့ နှင့် ပေါက်ခေါင်းမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ဆွာမြို့၊ တိုက်နယ်ပြည်သူ့ဆေးရုံတို့၌ တန်ဖိုးသင့် ထမင်း၊ ဟင်းနှင့် ဟင်းသီး၊ ဟင်းရွက်များ၊ အသား၊ ငါးများနှင့် ဥအမျိုးမျိုးတို့ကို တပ်မတော်သားများနှင့် မိသားစုဝင်များက သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။
    
ထို့ပြင် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများ စားရေးအထောက်အကူဖြစ်စေရန်အတွက်  တိုင်းစစ်ဌာနချုပ် နယ်မြေများရှိ မြို့နယ်အသီးသီး၌ နယ်မြေခံတပ်မတော်သားများနှင့် မိသားစုဝင်များက စားသောက်ကုန်ပစ္စည်းများနှင့် တန်ဖိုးသင့်ထမင်းဟင်းများကို ရောင်းချပေးခဲ့သည်။
    
ထိုသို့ရောင်းချရာတွင် နယ်မြေခံတပ်မတော်သားများနှင့် မိသားစုဝင်များ၏ တစ်ပိုင် တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှ ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ ကြက်ဥ၊ ဘဲဥများ၊ နွားနို့များ၊ တပ်မတော်စက်ရုံထုတ်စားသောက်ကုန်ပစ္စည်းများ၊ တန်ဖိုးသင့် ထမင်း၊ ဟင်းများကို ပြင်ပပေါက် ဈေးထက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။