စစ်တွေမြို့သို့ရောက်ရှိနေသည့် ကျန်းမာရေးဝန်ထမ်းများအားတွေ့ဆုံ

နေပြည်တော် ၊  သြဂုတ် - ၂၈
    
ရခိုင်ပြည်နယ်အတွင်း COVID-19  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် မိမိသဘောဆန္ဒအလျောက် စစ်တွေမြို့ရှိ ပြည်သူ့ဆေးရုံကြီး(ခုတင်- ၅၀၀)၌ ယာယီတာဝန်ထမ်းဆောင်ရန် စစ်တွေတပ်နယ်ရှိ လေးဝတီရိပ်သာတွင် ရောက်ရှိနေထိုင် လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအား သြဂုတ် ၂၇ ရက်နေ့လယ်ပိုင်းတွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များက သွားရောက်တွေ့ဆုံပြီး ဂုဏ်ပြုအမှာစကားပြောကြားကာ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထို့နောက် COVID-19 ရောဂါအတည်ပြုလူနာများ ကုသနိုင်ရန် အတွက် စစ်တွေတပ်နယ်ရှိ နယ်မြေခံဆေးတပ်ရင်းနှင့် တပ်မတော်ဆေးရုံတို့တွင် လူနာ ၁၂၀ ဦးဆံ့ ကုသနိုင်ရေး ကြိုတင်ပြင်ဆင်မှုများကို သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
    
ယနေ့နံနက်ပိုင်းတွင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့၊ ဓမ္မသုခကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသောမ (သာသနဓဇ ဓမ္မာစရိယ) ပြည်နယ်သံဃာ့နယက ဥက္ကဋ္ဌ ဆရာတော်အား ဆွမ်း ဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။