မူဆယ်မြို့နယ်၊ နမ့်ပေါ်စစ်ဆေးရေးဂိတ်၌ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသားကိုးဦး ဖမ်းဆီးရမိ

နေပြည်တော်  သြဂုတ်  ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ နယ်၊ နမ့်ပေါ်စစ်ဆေးရေးဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်ဖြတ်သန်း သွားလာမှုများကို စစ်ဆေးစဉ် ယနေ့ညနေ ၃ နာရီခန့်တွင် မူဆယ်မြို့ဘက်မှ     ကွတ်ခိုင်မြို့ဘက်သို့ သိန်းဆန်းဦး (ဘ) ဦးမျိုးလွင် မောင်းနှင်ပြီး စိုင်းခမ်းလူ (ဘ) ဦးစံလူ လိုက်ပါလာသည့် NISSAN  အမျိုးအစား ၂၂ ဘီးယာဉ်၊ မော်တော်ယာဉ်အမှတ်၊ MDY 2K/---- အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်၌ တရားမဝင် ဝင်ရောက်လာသူ တရုတ်နိုင်ငံသား အမျိုးသားသုံးဦးအား လည်းကောင်း၊ ဇေယျာအောင်ဦး (ဘ) ဦးသန်းဌေးအောင် မောင်းနှင်လာသည့် SCANIA  အမျိုးအစား ၂၂ ဘီးယာဉ်၊ မော်တော်ယာဉ်အမှတ်၊ MDY 6P/---- ယာဉ်ပေါ်၌ တရုတ်နိုင်ငံသား အမျိုးသားခြောက်ဦးတို့ကို လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မော်တော်ယာဉ်များနှင့် ဖမ်းဆီးရမိသူများအား တရားဥပဒေအရ ဆောင်ရွက်နိုင်ရေး မူဆယ်မြို့မရဲစခန်းသို့ စနစ် တကျလွှဲပြောင်း အပ်နှံပြီး ဖြစ်ကြောင်း သတင်းရရှိသည်။