ငယ်ဘဝ

ယမန်နေ့မှအဆက်

မောင်ငြိမ်းချမ်းမှာ ဝယ်စရာပိုက်ဆံမရှိ။

ခါတိုင်းလိုဆိုလျှင် အမေ့ဆီမှာ ပိုက်ဆံတောင်းနိုင်သည်။ သူများအရင် မောင်ငြိမ်းချမ်းလက်မှာ ရောင်စုံဘောလုံး ရောက်နေလိမ့်မည်။ ခုတော့ အမေကမရှိ။

ဘောလုံးသည်ကလည်း ခါတိုင်းဆို ဘုရားပွဲအလှူပွဲရှိမှ လာသည်။ ဘာပွဲမျှမရှိဘဲ ရွာကိုလာလေ့မရှိ။ ယနေ့မှ ထူးထူးခြားခြား ရောက်လာသည်။ လာပြန်တော့လည်း ကျောင်းရှေ့မှာစတည်းချသည်။ ဘောလုံးသည်မလာ၍ ဘယ်သူမျှမကိုင်လျှင် မောင်ငြိမ်းချမ်း ကိုင်ချင်မည်မဟုတ်။ ခုတော့ ကလေးများအားလုံး လက်ထဲမှာရှိပါလျက် မိမိမှာဘောလုံးမရှိသည်က ရှက်စရာဟုထင်လာသည်။ အများနည်းတူ လက်ထဲမှာ ဘောလုံးလေး ကိုင်ထားချင်သည်။ အများကစားသလို ဘောလုံးလေးနှင့်ကစားချင်သည်။

''ဘယ်လိုလုပ်ရမလဲ...ဘယ်သူ့အဝယ်ခိုင်းရမလဲ''

ကြည့်လိုက်တော့ အဝယ်ခိုင်းစရာ အမေကြီးသာရှိပါသည်။

''အမေကြီးကို အဝယ်ခိုင်းမယ်''

အမေကြီးရှိရာလျှောက်သွားသည်။

အမေကြီး အိမ်ရှေ့မြေကြီးပေါ်မှာ  ဖင်ထိုင်ခုံအနိမ့်လေးတွင် ထိုင်၍    ပြောင်းဖက် ဆေးပေါ့လိပ်ကြီးကို ဖွာနေသည်။  အမေ့ကိစ္စအတွက် စိတ်ပျက်စိတ်ညစ် စိတ်ဆင်းရဲခြင်းဖြစ်နေမည်ကို   ကလေးဖြစ်သော မောင်ငြိမ်းချမ်းမသိ။

''အမေကြီး...ကျွန်တော့်ကို ပူဖောင်း(ဘောလုံး)ဝယ်ပေးပါ''

အမေကြီး ဆေးပေါ့လိပ်ဖွာနေရာမှ မောင်ငြိမ်းချမ်းကို လှမ်းကြည့်လိုက်သည်။

''မပေးနိုင်ဘူး...မင်းပထွေးသွားဝယ်ခိုင်းချေ''

အမေကြီးလေသံက တင်းမာပြတ်သားသည်။

အနီးမှတန်းလျားခုံမှာ ထိုင်နေသောဦးလေး ကြားပါသည်။

အမေကြီးကို ထပ်မပြောရဲတော့ပါ။ ပူဖောင်းမရနိုင်တော့သည်ကို နားလည်၍ အမေကြီးနားမှပြန်ထွက်လာခဲ့သည်။

လူတိုင်း ဘောလုံးကိုယ်စီနှင့် ပျော်ပျော်ပါးပါး ကစားနေကြပြီ။ အမေ့ဆီပိုက်ဆံ သွားတောင်းရန် ဆုံးဖြတ်လိုက်သည်။ သွားရမည်က အဝေးကြီး ရွာမြောက်ဖျားအထိ။

ပြီးတော့  လုံးဝမသွားချင်သော  ပထွေးအိမ်။ ခြေလှမ်းများက နှေးကွေးလျက်။

''အဒေါ်ကလည်း ကလေးမှာ ဘာအပြစ်ရှိလို့လဲ။အဲဒီလိုမပြောပါနဲ့ သနားပါတယ်။ ဝယ်ပေးလိုက်ပါ''

ဦးလေးပြောသည်ကို မောင်ငြိမ်းချမ်း ကြားနေရပါသည်။ မျက်ရည်များက အလိုလိုစီးကျလာ၏။

''လူလေး ငါ့မြေးလေး ပြန်လာခဲ့ မသွားနဲ့။ အမေကြီး ဝယ်ပေးမယ်''

ခေါ်သံနှင့်အတူ အမေကြီးနောက်မှ လိုက်လာပြီး မောင်ငြိမ်းချမ်းကို  ရင်ခွင်ထဲဆွဲပွေ့ပိုက်၍ ဝမ်းနည်းပန်းနည်းငိုကြွေးနေပါသည်။ မောင်ငြိမ်းချမ်းလည်း အမေကြီး ရင်ခွင်ထဲမှာငိုနေမိသည်။

ဦးလေးက အဆစ်လေးခုပါသော ဘောလုံးအရှည်တစ်ခု ဝယ်လာပြီး   မောင်ငြိမ်းချမ်းကို ပေးသည်။ မောင်ငြိမ်းချမ်း အလိုချင်ဆုံး   ဘောလုံးဖြစ်သည်။

ဈေးအကြီးဆုံးဖြစ်သည်။

''ငါ့မြေးလေး မနေ့က ထမင်းစားရလား''

အမေကြီးမေးသည်ကို မောင်ငြိမ်းချမ်း ခေါင်းရမ်းပြလိုက်သည်။

''ဟင်...ခုမနက်ရော ဘာစားပြီးပြီလဲ''

မောင်ငြိမ်းချမ်း ခေါင်းရမ်းပြန်သည်။

''အမယ်လေး ဖြစ်ရလေလူလေးရယ် ငါ့မြေးလေး သနားစရာကောင်းလိုက်တာ''

မောင်ငြိမ်းချမ်းကိုဖက်၍အမေကြီး ဝမ်းနည်းကြေကွဲစွာငိုပါသည်။

''ငါ့မြေးက ဟိုအိမ်ရောက်တော့ ထမင်းမစားရသေးတာ မင်းအမေကို မပြောဘူးလား''

မောင်ငြိမ်းချမ်း ခေါင်းရမ်းပြသည်။

''ဘာဖြစ်လို့ မပြောတာလဲ''

''ပထွေးကြောက်လို့''

''သြော်...ဖြစ်မှဖြစ်ရလေ ငါ့မြေးလေးရယ်''

အမေကြီးက ချက်ချင်း ထမင်းခူးပေးသည်။

ထမင်းပူပူ ဟင်းပူပူကို မောင်ငြိမ်းချမ်း ဆာဆာနှင့် အားပါးတရစားနေမိသည်။

မောင်ငြိမ်းချမ်းကိုကြည့်ပြီး အမေကြီး ဝမ်းနည်းစွာငိုသည်။ ဦးလေးက မောင်ငြိမ်းချမ်းကို စိတ်မကောင်းစွာကြည့်၍ မျက်ရည်ကျနေသည်။

''မြေးလေး အခု အမေကြီးက မမေးရင် မင်းဘယ်လိုလုပ်မလဲ''

မောင်ငြိမ်းချမ်း ဘာမျှမဖြေ

''မြေးလေး မဆာဘူးလား''

''ဆာတယ်''

မောင်ငြိမ်းချမ်း အမှန်အတိုင်းဖြေခြင်းဖြစ်သည်။

''ကလေးကို ဟိုအိမ်ပြန်မလွှတ်ပါနဲ့ အဒေါ်ရယ်..

ဟိုအိမ်ရောက်ရင် ထမင်းဆာလို့လည်း ဘာမှပြောရဲမှာမဟုတ်ဘူး။ သနားစရာ ဒီမှာပဲနေပါစေ''

ဦးလေးက မောင်ငြိမ်းချမ်းကို သနားနေသည်။

''ငါ့မြေး မင်းအမေနဲ့နေမလား။ အမေကြီးတို့နဲ့ နေမလား ပြော''

''အမေကြီးတို့နဲ့ပဲ နေချင်တယ်''

မောင်ငြိမ်းချမ်း စဉ်းစားနေခြင်းမရှိ။ ချက်ချင်းအဖြေပေးလိုက်သည်။

''နေ ငါ့မြေး အမေကြီးတို့နဲ့ပဲနေ။ ဟိုအိမ်ပြန်မသွားနဲ့တော့''

အမေကြီးက ခွင့်ပြုချက်ပေးရင်း မျက်ရည်မဆည်နိုင် ငိုကြွေးနေသည်။ မောင်ငြိမ်းချမ်း၏ ပါးနှစ်ဖက်ကိုလည်း အဆက်မပြတ် မွှေးနေသည်။ ပြီးတော့ ရင်ခွင်ထဲမှာ ခိုင်မြဲစွာ ပွေ့ဖက်ထားလိုက်သည်။

ဆက်လက်ဖော်ပြပါမည်။