မလေးရှားက အသွားအလာ ထိန်းချုပ်ရေးကို ဒီဇင်ဘာ ၃၁ ရက်အထိ သက်တမ်းတိုးမည်

မလေးရှားနိုင်ငံ၌ ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေး ဆက်လက်လုပ်ဆောင်နေစဉ် အစိုးရအနေဖြင့် အသွားအလာ ထိန်းချုပ်ရေးကို ဒီဇင်ဘာ ၃၁ ရက်အထိ သက်တမ်းတိုးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် မူဟစ်ဒင် ယတ်ဆင်က သြဂုတ် ၂၈ ရက်တွင် ကြေညာသည်။

မလေးရှားအစိုးရ၏ ပြန်လည်ထူထောင်မှု အသွားအလာ ထိန်းချုပ်ရေးအမိန့်ကို ဇွန် ၁ဝ ရက်တွင် စတင်ထုတ်ပြန်ခြင်းဖြစ်ကာ စီးပွားရေး လုပ်ငန်းအများစုကို ပြန်ဖွင့်ခွင့်ပြုထားသော်လည်း ကျန်းမာရေးအတွက် စည်းမျဉ်းများကို တင်းကျပ်စွာ ချမှတ်ထားသည်။

ထိုစည်းမျဉ်းများတွင် လူစုလူဝေး မဖြစ်စေရေး ဆောင်ရွက်ခြင်းနှင့် အများနှင့် သက်ဆိုင်သောနေရာများ၊ စားသောက်ဆိုင်များနှင့် ကုန်တိုက်များသို့ ဝင်လာသူများအနေဖြင့် အပူချိန်စစ်ဆေးမှု ခံယူခြင်းတို့ပါဝင်သည်။ အဆိုပါ အသွားအလာ ထိန်းချုပ်ရေးကို သက်တမ်းတိုးခြင်းသည် မကြာသေးမီကဖြစ်ပွားသော ဗိုင်းရပ်ကူးစက်မှု အသစ်များကြောင့်ဖြစ်ကြောင်း မူဟစ်ဒင်က ရုပ်မြင်သံကြားမှ ထုတ်လွှင့်သည့် အထူးမိန့်ခွန်းတွင် ပြောခြင်းဖြစ်သည်။