ပြည်သူ့ဆေးရုံများတွင် ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများကို တန်ဖိုးသင့်ထမင်း၊ ဟင်းများနှင့် စားသောက်ကုန်ပစ္စည်းများ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေး

နေပြည်တော်၊ သြဂုတ် - ၂၉

  COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေး ဝန်ထမ်း များ စားရေးသောက်ရေးတွင် အဆင်ပြေစေရန်အတွက် ယနေ့တွင် ကချင်ပြည်နယ်၊ ပူတာအိုမြို့ ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊  တောင်ကြီးမြို့၊ အမျိုးသမီးနှင့်ကလေးအထူးကုဆေးရုံကြီး၊ အောင်ပန်းမြို့ ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ အထွေထွေရောဂါကုဆေးရုံကြီး၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အထွေထွေရောဂါကုဆေးရုံကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ လှိုင်သာယာမြို့နယ် ပြည်သူ့ဆေးရုံကြီး၊ အင်းစိန်မြို့နယ်၊ တီဘီ ရောဂါကုဆေးရုံ၊ တောင်ဥက္ကလာပမြို့နယ် အမျိုးသမီးနှင့်ကလေးဆေးရုံကြီး၊ မြောက်ဥက္က လာပမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့ရှိ သင်ကြားရေးနှင့်အထွေထွေရောဂါကုဆေးရုံကြီးများ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နှင့် သာပေါင်းမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊   စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့၊ အမျိုးသမီးသားဖွားမီးယပ်နှင့်ကလေးဆေးရုံ၊ ချင်းပြည်နယ်၊ မတူပီမြို့ ပြည်သူ့ဆေးရုံ၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ပြည်သူ့ဆေးရုံနှင့် မိတ္ထီလာမြို့နယ် ပြည်သူ့ ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ အထွေထွေရောဂါကုဆေးရုံကြီး၊ မြို့လှမြို့ တိုက်နယ်ပြည်သူ့ ဆေးရုံ တို့၌ တန်ဖိုးသင့် ထမင်း၊ဟင်းနှင့် ဟင်းသီး၊ ဟင်းရွက်များ၊ အသား၊ ငါးများနှင့် ဥအမျိုးမျိုးတို့ကို တပ်မတော်သားများနှင့် မိသားစုဝင်များက သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။

  ထို့ပြင် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများ စားရေးအထောက်အကူ ဖြစ်စေရန်အတွက်  တိုင်းစစ်ဌာနချုပ် နယ်မြေများရှိ မြို့နယ်အသီးသီး၌ နယ်မြေခံတပ်မတော် သားများနှင့် မိသားစုဝင်များက စားသောက်ကုန် ပစ္စည်းများနှင့် တန်ဖိုးသင့် ထမင်းဟင်းများကို ရောင်းချပေးခဲ့သည်။

   ထိုသို့ရောင်းချရာတွင် နယ်မြေခံ တပ်မတော်သားများနှင့် မိသားစုဝင်များ၏ တစ်ပိုင် တစ်နိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းမှ ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ ကြက်ဥ၊ ဘဲဥများ၊ နွားနို့များ၊ တပ်မတော်စက်ရုံထုတ် စားသောက်ကုန်ပစ္စည်းများ၊ တန်ဖိုးသင့် ထမင်း၊ ဟင်းများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်း ရရှိသည်။