COVID-19 ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့် သူများအား စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ ဆက်လက်လက်ခံ

နေပြည်တော်၊ သြဂုတ် - ၂၉

   Coronavirus Disease 2019 (COVID-19)ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရန် သီးသန့် စောင့်ကြည့်ရမည့်သူများအား နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းနှင့် ရွှေညောင်မြို့ရှိ တည်းခိုရေးစခန်းတို့၌ လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော် စစ်ကြောရေး နှင့် တည်းခိုရေးစခန်းသို့  တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၂၅ ဦး၊ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၄ ဦး၊ လာအိုနိုင်ငံ မှပြန်လည်ရောက်ရှိလာသူ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၃ ဦး၊ လှိုင်မြို့နယ် စစ်ကြောရေးနှင့်တည်းခိုရေးစခန်းသို့  ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၁၄ ဦးနှင့် တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦးတို့ ထပ်မံရောက်ရှိလာပြီး ရွှေညောင်မြို့ တည်းခိုရေးစခန်းသို့ ထပ်မံရောက်ရှိလာသူ မရှိကြောင်း သိရသည်။

   စောင့်ကြပ်ကြည့်ရှုထားသူများ အနက်မှ ၂၁ ရက်ပြည့်မြောက်သည့် နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းမှ ၄၃ ဦးနှင့် ရွှေညောင်မြို့ တည်ခိုးစခန်းမှ ၇၅ ဦးတို့ကို ယနေ့တွင် ကျန်းမာရေးဦးစီးဌာနနှင့် စောင့်ကြပ်ကြည့်ရှုရေး စခန်းတို့မှ Quarantine စောင့်ကြည့် ၂၁ ရက်ပြည့်ပြီးကြောင်း လက်မှတ်များနှင့် COVID-19 ရောဂါနှင့် ပတ်သက်၍ ဆောင်ရန် ရှောင်ရန် စာရွက်စာတမ်းများကို တာဝန်ရှိသူများက ပေးအပ်ပြီး သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများသို့ တပ်မတော်နှင့် တာဝန်ရှိသူများက စီစဉ်ပေးသည့် မော်တော်ယာဉ် များဖြင့် လိုက်လံပို့ဆောင် ပေးခဲ့သည်။

   ယနေ့ည ၇ နာရီအထိ နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ၃၁၇ ဦး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ၂၂၂ ဦးတို့ကို အသီးသီး လက်ခံထားရှိပြီး စောင့်ကြည့်သူများအားလုံးမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်းနှင့် အဆိုပါသီးသန့် စောင့်ကြည့်ရမည့် သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း များကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်း ရရှိသည်။