ငယ်ဘဝ

ယမန်နေ့မှအဆက်

အဖေကြီး၏ စာသင်ကျောင်း

အမေရှိရာပထွေးအိမ်သို့ မောင်ငြိမ်းချမ်းမသွားရတော့ပါ။ အဖေကြီး၊ အမေကြီး၊ ဦးလေးတို့နှင့် အတူ နေရသည်။ နေ့စဉ်ကျောင်းအစောဆုံးရောက်သူဖြစ် သွားပြန်သည်။

အဖေကြီးကျောင်းမှာ အတန်းစာသာမက ဘာသာ တရား၏အဆုံးအမများကိုပါ   ကလေးများလိမ္မာ ယဉ်ကျေး အောင် သင်ပေးသည်။

မနက် ၈ နာရီကျောင်းတက်သည်နှင့် အငယ်တန်း များမှာ မြန်မာသင်ပုန်းကြီးကို ကျေညက်အောင်သင် ပေးသည်။ အဆင့်ဆင့်အတန်းမြင့်လာသည်နှင့်အမျှ မင်္ဂလသုတ်၊ ရတနာရွှေချိုင့်၊ အတွင်းအောင်ခြင်း။ အပြင်အောင်ခြင်း၊ လောကနီတိစသည်တို့ကို သင်ပေး သည်။ အလွတ်ရအောင်ကျက်ပြီး ပြန်ပြရသည်။ ၁ဝ နာရီမှာ ကျောင်းဆင်း သည်။ ကျောင်းဆင်းချိန် မှာ ရပြီးသားစာများကို ပြန်ရေးပြရသည်။ လက်ရေး လှရေးရသည်။

ကျောင်းဆင်းချိန်ကြာသည်။ မနက်စာအိမ်ပြန်စား ကြရ၍ ဖြစ်သည်။ ကျောင်းပြန်ရောက်လျှင် ကျောင်း ဝင်းထဲမှာ ကစားခွင့်ရသေးသည်။ ၁၂ နာရီတွင် နေ့ခင်းကျောင်းပြန်တက်သည်။ အတန်း လိုက်ပြဋ္ဌာန်းထားသော ဖတ်စာများကို ဖတ်ရသင်ရ သည်။ အတန်းလိုက်ဆိုသော်လည်း တစ်တန်းနှင့် တစ်တန်း ကာရံထားခြင်းမရှိပါ။ ကျောင်းအပေါ်မှာ အားလုံးဟင်းလင်းပြင်ဖြစ်သည်။ တစ်တန်းနှင့်တစ်တန်း အားလုံးမြင်နေရသည်။ မောင်ငြိမ်းချမ်းသင်ရသည် က အငယ်ဆုံးအတန်းဖြစ်သော သူငယ်တန်း၊ ကလေး ၂ဝ  ခန့်ရှိ၍    ကျောင်းသားအများဆုံးအတန်း၊ ကျောင်းနေရသည်ကို မောင်ငြိမ်းချမ်းပျော်သည်။  စာသင်ရသည်ကိုလည်း ပျော်သည်။ ကကြီး ခကွေးမှစပြီး သင်ရသည်။ ရသူများက တစ်ယောက်တစ်လှည့်ချပေးရသည်။ အသစ်စသင်၍ ဘယ်သူမှမရသေးလျှင် ပထမတန်းမှ တစ်ယောက် ကလာချပေးသည်။ ကျောင်းဆင်းလျှင် ကျောင်းဝင်း ထဲမှာ ကစားရသည်။ ရန်ဖြစ်သည်မှအပ အဖေကြီး က ကျောင်းသား၊ ကျောင်းသူများကို ရိုက်လေ့မရှိပါ။ ညနေကျောင်းဆင်းလျှင် ကျောင်းပေါ်မှာပင်အတန်း နှစ်ခုတန်း၍ ဘုရားရှိခိုးကြရသည်။ ကျောင်းသားကြီး တစ်ယောက်က ရှေ့မှချပေးသည်ကို နောက်မှလိုက်ဆို ကြရသည်။ ဘုရားရှိခိုပြီးသည်နှင့် အားလုံးလက်ပိုက် ပြီး  အတန်းငယ်များမှ စတင်ဆင်းရသည်။ အိမ်အထိ လက်ပိုက်ပြန်ရသည်။  အိမ်ရောက်လျှင်  မိဘကို ကန်တော့ရသည်။  

မောင်ငြိမ်းချမ်းပြန်ရသည်က နီးနီးလေး။ အိမ်နှင့် ကျောင်းနှင့်တစ်ဝင်းတည်း။ အမေကြီး  ရှေ့ရောက် သည်နှင့် ပိုက်ထားသောလက်ကိုဖြုတ်ပြီး အမေကြီးကို ကန်တော့သည်။  အမေကြီး  အလွန်သဘောကျ၍ ဆုတွေအများကြီး ပေးပါသည်။

အမေကြီးထံမှ အကြင်နာ

မောင်ငြိမ်းချမ်းကံမကောင်း၍  အမေ့ရင်ခွင်နှင့် ကင်းဝေးခဲ့ရသော်လည်း  ကံကောင်း၍ အမေကြီး ရင်ခွင်မှာ ခိုဝင်ခွင့်ရသည်။ အမေကြီးထံမှ အေးချမ်းသော မေတ္တာ၊ နွေးထွေးသော အကြင်နာအစုံရသည်။

မောင်ငြိမ်းချမ်းကြိုက်သော ပဲလှော်၊ ကြံသကာ၊ ထန်းလျက်  မပြတ်အောင် အမေကြီးကဝယ်ထားပေးသည်။ ညအချိန်တွင် မောင်ငြိမ်းချမ်းအမေကြီးနှင့်အတူ အိပ်သည်။ အမေကြီးသည် အိမ်ရှင်မကောင်းပီသ၏။

ညတွင် နောက်ဆုံးမှ အိပ်ရာဝင်သည်။ မနက်တွင် အစောဆုံးအိပ်ရာထသည်။  မောင်ငြိမ်းချမ်းတို့  မြေးအဖိုးအိပ်ရာနိုးလျှင် မနက်အစောစာ အဆင်သင့် ဖြစ်နေပြီ။

ဆောင်းတွင်းကာလဆိုလျှင် မောင်ငြိမ်းချမ်းတို့ မြေးအဖိုးအိပ်ရာထချိန်မှာ အမေကြီးက မန်ကျည်းပင် အောက်မှာ မီးဖိုထားပြီ၊ မီးဖိုဘေးမှာ နွေးထွေးစွာ ထိုင်နိုင်ရန် ဂုန်နီအိတ်ခင်းထားသည်။ မုန့်ပေါင်း၊ အကြော် နှင့် ရေနွေးကြမ်း အဆင်သင့်။ ထန်းမြစ်ပေါ်ချိန်ဆို လျှင် ထန်းမြစ်ကို မီးဖုတ်ထားသည်။ ဆီဆားပန်းကန် နှင့် အဆင်သင့်။ ပဲမြစ်ပေါ်ချိန်တွင် ပဲမြစ်ပြုတ်စားရ သည်။

ပြာသို၊ တပို့တွဲ  သိပ်ချမ်းသည့်ကာလများတွင် အမေကြီးက ချည်ကြမ်းစောင်များကို နေ့တိုင်းနေလှန်း သည်။ ညနေမှာ စောစောရုတ်ပြီး အပူငွေ့လေးပါအောင် ခေါက်ထားသည်။ ညအိပ်လျှင် အမေကြီးက အပူဓာတ် ပါသော စောင်ခေါက်ကလေးဖြန့်၍ မောင်ငြိမ်းချမ်းကို  ခြုံပေးသည်။   နွေးသွားသောအရသာကို  မောင်ငြိမ်းချမ်း သဘောကျသည်။

အမေကြီးသည် ဟင်းချက်လည်းအလွန်ကောင်းသည်။ အမေကြီးချက်သည့် ကုလားပဲရွက်ဟင်းချို၊ ပဲဟင်းချိုတို့မှာ အလွန်ချိုသည်။ ခရမ်းချဉ်သီးချက်၊ ပြောင်းဖူးကြော်၊ နွားနို့ချက်၊ ကောက်ရိုးမှိုနှင့် ငရုတ် သီးဆီပြန်ချက်တို့ကို မောင်ငြိမ်းချမ်းအလွန်ကြိုက် သည်။ အမေကြီးအကြိုက်ဟင်းကတော့ ငါးပြေမကို ငရုတ်သီးစိမ်းနှင့် စပ်စပ်ကလေး ဆီပြန်ချက်သော ဟင်း၊ ငါးပြေမကို မီးဖိုပြာနုနုနှင့်လူး၍ ဆူးတောင်နုတ် နည်း မောင်ငြိမ်းချမ်းကို အမေကြီးကသင်ပေးထား သည်။ မောင်ငြိမ်းချမ်း အမြဲတမ်း ငါးပြေမဆူးတောင် နုတ်ပေးရသည်။ လုပ်နေကျမို့ ငါးပြေမဆူးတောင်စင် အောင် မောင်ငြိမ်းချမ်းကောင်းစွာ နုတ်တတ်နေပါပြီ။ ပြာနံ့ကလေးသင်းနေသော ငါးပြေမဟင်းကို အမေကြီး ကြိုက်သလို မောင်ငြိမ်းချမ်းကြိုက်တတ်နေပါပြီ။ အမေကြီးက စေတနာလည်းကောင်း၏။  ''ဧည့်သည်လာရင် ဆန်မကုန်စေနဲ့... အမေကြီးပြောနေကျစကား၊ ဧည့်သည်လာ၍  ကျွေးမွေးရာတွင် စေတနာမပါလျှင်  ဆန်ကုန်သည်။  စေတနာပါလျှင် ကုသိုလ်ရသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ''ထမင်းဟင်းကို တိုင်းထွာကာ မချက်ရဘူး။ နည်း နည်းပိုပိုမိုမို ချက်ရတယ်။ ဧည့်သည်တဲ့ စောင်သည် တဲ့လာရင် ကျွေးရတယ်။ ပေးရတယ်။ ကျန်တာကို သန့်သန့်ရှင်းရှင်းချန်ထား။''

ဆက်လက်ဖော်ပြပါမည်။

လယ်တွင်းသားစောချက်