ဇာတိမြေမှ မိခင်ကလပ် နယူးဝဲလ်အိုးဘွိုင်းအသင်းပရိသတ်များ မက်ဆီပြန်လာကစားရန် လမ်းမပေါ်ထွက် တောင်းဆို

ရိုဆာရီယို  သြဂုတ်  ၂၉

မက်ဆီသည် ဘာစီလိုနာအသင်းမှ ယခုနွေရာသီဈေးကွက်မှာပင် အလွတ် ပြောင်းရွှေ့ထွက်ခွာချင်သည်ဟု  သြဂုတ် ၂၅ ရက်က အသင်းအကြီးအကဲများ ထံ အကြောင်းပြန်ထားကြောင်း သတင်းများ အခိုင်အမာ ထွက်လာပြီးနောက် မက်ဆီအနေဖြင့်  ဘာစီလိုနာတွင်   အောင်မြင်စွာလက်တွဲခဲ့သည့် နည်းပြ  ဂွါဒီယိုလာရှိရာ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့လိမ့်မည်ဟု သတင်းများထွက် ပေါ်လာချိန် မက်ဆီ၏မွေးရပ်ဇာတိမှ မိခင်ကလပ် နယူးဝဲလ်အိုးဘွိုင်းပရိသတ် များသည် မြို့တော်လမ်းမများပေါ်၌ လူစုလူဝေးဖြင့်   မက်ဆီ မိခင်ကလပ် နယူးဝဲလ် အိုးဘွိုင်းသို့ ပြန်လာကစားရန် ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြသည်။

ရွှေဘောလုံးခြောက်ဆုရှင်  မက်ဆီသည်   ဘာစီလိုနာသို့ မရောက်မီ ဆယ်ကျော်သက်အရွယ် ၁၉၉၄ ခုနှစ်မှ ၂ဝဝဝ ပြည့်နှစ်ကြား  နယူးဝဲလ် အိုးဘွိုင်းလူငယ်အသင်း၌  ကစားခဲ့ရာ ယခု အသက်  ၃၃  နှစ်အရွယ်တွင် စီနီယာ ကစားသမား ဘဝတစ်လျှောက်လုံး ကစားပေးခဲ့သည့် ဘာစီလိုနာမှ ထွက်ခွာတော့မည်ဆို၍ ရိုဆာရီယိုမြို့လမ်း များပေါ်၌ မက်ဆီ အမှတ်တရ တံဆိပ်၊ ခေါင်းစည်း၊ ဓာတ်ပုံ၊ အသုံးအဆောင်ပစ္စည်းများစွာကို ကိုင်စွဲလျက် မက်ဆီပြန်လာကစားရန် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

သို့သော် နယူးဝဲလ်အိုးဘွိုင်းပရိသတ်များအဖွဲ့ခေါင်းဆောင် ဂျေမီရက်ဖ်က  ''မက်ဆီဒီအရွယ်မှာ  မိခင်အသင်းကို ပြန်လာ ကစားခြင်းက  မဖြစ်နိုင်ဘူးလို့လည်း မပြောနိုင်ဘူး။ ဒါက ပရိသတ်ဆန္ဒဆိုပေမယ့် ဒီအချိန်သူပြန်လာ ဖို့က စောလွန်းနေဦးမှာပါ'' ဟု ပြောသည်။