စာချုပ်ဖျက်တန်ကြေး အတွက် ဘာစီလိုနာနှင့်ဆွေးနွေးရန် မက်ဆီ အေးဂျင့်ကိုစေလွှတ် မက်ဆီကို စီရော်နယ်ဒိုနှင့် တွဲကစားစေရန် ဂျူဗင်တပ်စ် အသင်း ဆွေးနွေးမှုစတင်

ဘာစီလိုနာ၊ ဘောလုံး

ဘောလုံးလောကတွင် အလှုပ်ခတ်ဆုံးသတင်း အဖြစ်  မက်ဆီသည် ယခု နွေရာသီဈေးကွက်၌ ဘာစီလိုနာ အသင်းမှ ထွက်ခွာရန် ဆုံးဖြတ်လိုက်သဖြင့်  ၎င်းအားခေါ်ယူရန်  ကြိုးစားနေသည့် အသင်းများစွာ ရှိနေရာ   မက်ဆီက ဘာစီလိုနာနှင့် စာချုပ်ပါအချက်တွင်ပါရှိသော  စာချုပ်ဖျက်တန်ကြေးကိစ္စ ကို အမုန်းမပွားဘဲ ဖြေရှင်း နိုင်ရေး အေးဂျင့်အား ဘာစီလိုနာ အကြီးအကဲ များထံ သွားရောက်ဆွေးနွေးရန်  စေလွှတ်မည်ဖြစ်ကြောင်း သိရသည်။ မက်ဆီသည် ကစားသမားဘဝ တစ်လျှောက်လုံး  ပေးဆပ်ခဲ့သည့်    မိမိကို ဘာစီလိုနာအနေဖြင့် အလွတ်ပြောင်း ခွင့်ပေးရန် သို့မဟုတ် စာချုပ် ဖျက်တန်ကြေးကို  မည်သည့်အသင်းမျှ မတတ်နိုင်၍   ဈေးလျှော့ ပေးရန် အေးဂျင့်ဖြစ်သူကို စေလွှတ် ဆွေးနွေးရန် စီစဉ်နေခြင်းဖြစ်သည်။

မက်ဆီအရေးကြောင့်  ဘာစီလိုနာအသင်း၏   နျူးကမ့်ကွင်းရှေ့၌ အသင်းကိုဆန္ဒပြသည့် ပရိသတ်များ နေ့တိုင်းရှိ နေရာ ဘာစီလိုနာအတွက် လည်း ဆုံးဖြတ်ချက်တစ်ခုကို မကြာမီချမှတ်ရမည်ဖြစ်သည်။

မက်ဆီကို မန်စီးတီးအသင်းကခေါ်ယူနိုင်ရန်    ရေပန်းအစားဆုံးဖြစ်နေ သော်လည်း  အင်တာမီလန်နှင့်  ပီအက် စ်ဂျီ အသင်းတို့ကလည်း  အပြိုင် ခေါ်ယူရန်ကြိုးစားနေချိန် ဂျူဗင်တပ်စ်အသင်းသည်လည်း  မက်ဆီအား ခေါ်ယူပြီး ပရိသတ်အားလုံး၏ အိပ်မက်ဖြစ်သော စီရော်နယ်ဒိုနှင့် တွဲဖက် ကစားစေရန်  စတင်ကြိုးစားနေပြီဟု   ပြင်သစ် အယ်လ်အီးကွစ်သတင်းစာက ဖော်ပြသည်။

COVID-19 ရောဂါကြောင့်  ဘာစီလိုနာအသင်းသည်  မက်ဆီအတွက် လစာပေးနိုင်ရန်  ခက်ခဲနေချိန် ဂျူဗင်တပ်စ် သည်လည်း နည်းပြသစ်ပီယာ လိုကို ခန့်အပ်ပြီးနောက် လစာများပြီး အလိုမရှိတော့သော ထိပ်တန်းကစား သမား များကို ရောင်းထုတ်ရန် စီစဉ်ခဲ့သည်။ သို့သော်  မက်ဆီကိုခေါ်ယူနိုင် မည်ဆိုပါက  စီရော်နယ်ဒိုနှင့် တွဲဖက် ကစားခိုင်းလျှင် ကာလရှည်စောင့်ဆိုင်း နေရသည့် ချန်ပီယံလိဂ်ဖလားရရှိနိုင်ရန် အလေးသာမည်ဖြစ်သကဲ့သို့ နှစ်ဦး ပေါင်း  ရွှေဘောလုံးဆု ၁၁ ဆုရ (မက်ဆီ ခြောက်ဆု၊ စီရော်နယ်ဒို ငါးဆု) တိုက်စစ်အတွဲသည် အသင်းဈေး ကွက်စီးပွားရေးအတွက်ပါ အထောက်အကူ ပြုနိုင်မည်ဖြစ်၍ အသင်းပိုင်ရှင် အက်ဂနယ်လီသည် မက်ဆီ၏ အေးဂျင့်လည်း ဖြစ်သော   ဖခင်ဖြစ်သူနှင့်  ဆွေးနွေးနေပြီဟု အဆိုပါ သတင်းစာက ဖော်ပြသည်။