စောင့်ကြည့်ရမည့် တောင်ကိုရီးယားနိုင်ငံ၏ ရောဂါကူးစက်မှု လျှော့ချရေး ဆောင်ရွက်ချက်များ

တောင်ကိုရီးယားနိုင်ငံ၌ တစ်ကျော့ ပြန်လည်ဖြစ်ပွားလာသည့် ကိုရိုနာဗိုင်းရပ် ကူးစက်မှုကို တွန်းလှန် တိုက်ဖျက် နိုင်ရေး အတွက် အာဏာပိုင်များက ပညာသင်ကြား ရေးစနစ်ကို   ပြန်လည်ပြောင်းလဲလာခဲ့ သည်။ နိုင်ငံ အတွင်း အထူးသဖြင့် ဆိုးမြို့၌ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း   ရောဂါ ကူးစက်မှုများ ပြန်လည်မြင့် တက်လာခဲ့ပြီး နောက် အစိုးရက ဆိုးမြို့နှင့် အနီးတစ်ဝိုက်ရှိ စာသင်ကျောင်းများနှင့် မူလတန်းကျောင်း များကို အွန်လိုင်းမှ စာသင်ကြားရန် အမိန့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရပါမူ ပြီးခဲ့သည့်နှစ်ပတ်အတွင်း ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ၊ ဆရာမ  ၂ဝဝ နီးပါး ရောဂါကူးစက် ခံရပြီးနောက်ပိုင်းတွင်  အစိုးရ၏ အမိန့်ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

တောင်ကိုရီးယားအစိုးရသည်   နိုင်ငံ အတွင်း၌  ဖြစ်ပွားလျက်ရှိသည့်  ရောဂါ ကူးစက်မှုကိုလျှော့ချရာတွင် ကူးစက်ခံရသူ များအား   ရှာဖွေစစ်ဆေးပြီး  ကုသပေးသည့် စနစ်သည် ကမ္ဘာ့နိုင်ငံများအတွက် စံနမူနာ တစ်ရပ်ဖြစ် သော်လည်း  လက်ရှိတွင် ခရစ်ယာန် ဘုရားရှိခိုးကျောင်းများနှင့် ဆက်နွှယ်သည့်   ရောဂါကူး စက်မှု များကို  ထိန်းချုပ်နိုင်ရန် ရုန်းကန်ရလျက်ရှိသည်။  

လူပေါင်း  ၃၇၁ ဦးအထိ    ထပ်မံရောဂါ ကူးစက်ခံရသောကြောင့်  တစ်နိုင်ငံလုံးရှိ  ရောဂါကူးစက်ခံရသူဦးရေမှာ  စုစုပေါင်း  ၁၇၉၄၅ ဦးအထိ မြင့်တက်လာကြောင်း  ကိုရီးယားရောဂါပိုး ကူးစက်မှုထိန်းချုပ်ရေး နှင့် ကာကွယ်ရေး စင်တာမှ သြဂုတ် ၂၈  ရက်တွင် ထုတ်ပြန်ထားသည်။

ရောဂါကူးစက်မှုများကြောင့် သေဆုံးသူ ဦးရေမှာလည်း ၃၁၆ ဦးအထိ မြင့်တက် လာပြီး  နိုင်ငံအတွင်း နှစ်ပတ်ကျော်ကာလ အတွင်းမှာပင် ရောဂါကူးစက်ခံရသူ အရေအတွက် ၄၃ဝဝ ရှိလာသောကြောင့်  နိုင်ငံအတွင်းရှ ိဆေးရုံများအဖို့ ရုန်းကန် နေရသည့်အခြေအနေတွင်  ရှိနေသည်။   ရောဂါကူးစက်ခံရသူများအနက် ၂၈၆ဦး မှာ ဆိုးမြို့မှဖြစ်ပြီး ဆိုးမြို့၌ ရောဂါကူးစက် ခံရသူအရေအတွက်မှာ  ရောဂါကူးစက်မှု    စတင်ဖြစ်ပွားသည့် နိုင်ငံ တောင်ပိုင်း ဒေဂူ မြို့ရှိ   ရောဂါကူးစက်ခံထားရသူ အရေအတွက်ထက်  ကျော်လွန်နေပြီဖြစ်သည်။    

ဒေဂူမြို့သည်  ယခုနှစ် ဖေဖော်ဝါရီနှင့်   မတ်လအတွင်းက   လူအမြောက်အမြား  ရောဂါကူးစက်ခံခဲ့ရ သည့်မြို့ဖြစ် သော်လည်း  ယင်းမြို့ရှိ ရောဂါကူးစက်မှုနှုန်းသည် ယခု အခါ ဆိုးမြို့ထက် လျော့နည်းလာသည်ကို  တွေ့ရသည်။

နိုင်ငံအတွင်းရှိ ဆေးရုံများ၊  ကျန်းမာ ရေးလုပ်သားများနှင့်   ဆရာဝန်များကို အခက်တွေ့စေသည့်  တခြား တစ်ချက်မှာ စားသောက်ဆိုင်များနှင့် စာသင်ကျောင်း များ၌ လူအစုလိုက်  ရောဂါကူးစက်ခံနေရ ခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ထို့ပြင် ရောဂါ ကူးစက်သူတချို့သည်   ရောဂါကူးစက်ခံ ရခြင်း  ရှိ၊  မရှိ  စစ်ဆေးခံရမည့်အစား  မူလရောဂါကူးစက်ခံရသူနှင့် ထိတွေ့မှုမရှိ ဟုငြင်းဆိုနေသည်။

ရောဂါကူးစက်မှုအများဆုံးဖြစ်ပွားနေ သည့်ဒေသများတွင် ဆိုးမြို့နှင့်အနီးတစ်ဝိုက် ဒေသများပါဝင်လျက်ရှိသည်။  အဆိုပါ ဒေသများ၌ နိုင်ငံ၏လူဦးရေထက်ဝက်ခန့်   နေထိုင်လျက်ရှိသောကြောင့် ရောဂါကူး စက်မှုလျှော့ချနိုင်ရေး အတွက်  အစိုးရက  အားသွန်ခွန်စိုက်ကြိုးပမ်းနေရသည့်အခြေအနေတွင်ရှိနေသည်။

အစိုးရအနေဖြင့်  ရောဂါကူးစက်မှု ကို  ထိန်းချုပ်နိုင်ရေးအတွက်  အဆင့်( ၃)အဖြစ်သတ်မှတ်ထားသည့်  အသွား အလာ ကန့်သတ်မှုကိုထုတ်ပြန်ရန် ဆန္ဒရှိနေသော် လည်း နိုင်ငံ၏စီးပွားရေးအပေါ် ကျရောက် လာမည့် ဆိုးကျိုးများကို    ထောက်ရှု၍  အဆိုပါကန့်သတ်ချက်များကိုထုတ်ပြန်ရန် အသင့်မဖြစ်သေးဟု  ဝန်ကြီး ချုပ်ချွမ်ဆီ ကျွမ်းက သြဂုတ်၂၈ ရက်တွင်ကျင်းပသည့် အစည်းအဝေးတစ်ခု၌ ပြောသည်။

အကယ်၍  အစိုးရအနေဖြင့်  အတင်းကျပ်ဆုံးကန့်သတ်ချက်အဖြစ် ရှုမြင်ခံထား ရသည့်  အဆင့် (၃)ကန့်သတ်ချက်ကိုချမှတ် မည်ဆိုပါက  နိုင်ငံ၏စီးပွားရေးတိုးတက်မှု သည်  ၂၂ နှစ်အတွင်း   ပထမအကြိမ် လျော့ကျလာမည်ကို  မူဝါဒချမှတ်သူများက  ထောက်ပြထားသည်။

တောင်ကိုရီးယားနိုင်ငံသည်   ရောဂါ  ကူးစက်မှု ဒုတိယလှိုင်းနှင့်ရင်ဆိုင်နေရ သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က   ပြောကြားထားကာ  နိုင်ငံအတွင်း ဖြစ်ပွားသည့်  ရောဂါကူးစက်မှု   ပထမ လှိုင်းသည်   ဧပြီလ အထိဖြစ်ပွားခဲ့ပြီး   နောက်ပိုင်းတွင်  ရောဂါကူးစက်သူအရေ အတွက် လျော့ကျလာခဲ့သည်။ ထို့နောက်  အစိုးရက မေလမှစ၍ နိုက်ကလပ်များကို  ပြန်လည်ဖွင့်လှစ်ရန် ခွင့်ပြုပေးပြီးနောက် ပိုင်းတွင် ရောဂါကူးစက် ခံရသူ အရေအတွက် သိသိသာသာမြင့်တက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် တောင်ကိုရီးယားနိုင်ငံ၌ ဖြစ်ပွား သည့်  ရောဂါကူးစက်မှုပထမလှိုင်းမှာ အမှန်တကယ်ပြီးဆုံးခြင်း မရှိသေးဟု တချို့ ကဆိုသည်။

မည်သို့ပင်ဆိုစေကာမူ အစိုးရသည် ပြန်လည်မြင့်တက်လာသည့် ရောဂါကူးစက် မှုများကို ထိန်းချုပ်နိုင်ရေး အတွက်  ရနိုင် သမျှနည်းလမ်းမျိုးစုံကိုအသုံးပြု၍   လုပ် ဆောင်ရန်စဉ်းစားလျက်ရှိသည်။   ထိုသို့ စဉ်းစားရာတွင်  နိုင်ငံ၏ စီးပွားရေး တိုးတက်မှု ကတစ်ဖက်၊ အများပြည်သူကျန်းမာရေးက တစ်ဖက်ဖြစ်နေသောကြောင့် လုပ်ဆောင် ရခက်ခဲနေသည့်အခြေအနေတွင် ရှိနေသည်။ လက်ရှိတွင် အစိုးရက ဖော်ဆောင် ရန်စီစဉ်နေသည့်     ရောဂါကူး စက်မှု လျှော့ချရေးနည်းလမ်းများကို  ကြည့်မည် ဆိုပါက နိုင်ငံအတွင်းရှိ စားသောက်ဆိုင် များနှင့် ကော်ဖီဆိုင်များ၏ ဖွင့်ချိန်ကို လျှော့ချ ရန်ညွှန်ကြားခြင်းဖြစ်သည်။ အဓိကရောဂါကူးစက်ရာနေရာများကို ကြည့်မည်ဆို ပါက နိုက်ကလပ်များ၊ စာသင်ကျောင်းများနှင့်  ခရစ်ယာန်ဘုရား ရှိခိုးကျောင်းများ ပါဝင်နေ သည်ကို တွေ့ရ မည်ဖြစ်သည်။ ထို့ကြောင့် ရောဂါကူးစက် မှုကိုလျှော့ချရန် အစိုးရက တင်းကျပ်သည့် ကန့်သတ် ချက်များ ချမှတ်လျက်ရှိပြီး  ဆိုး၊  အင်ချုံနှင့် ဂွမ်ဂီပြည်နယ်ရှိ စာသင်ကျောင်း များ၌  အွန်လိုင်းမှတစ်ဆင့်သာ စာသင် ကြားရန် အမိန့်ထုတ်ပြန်ထားသည်။

နိုင်ငံအတွင်း  ရောဂါကူးစက်မှု ဆက်လက်မြင့်တက်နေသော်လည်း အဆင့် (၃) ကန့်သတ်ချက်များကို ချမှတ်ခြင်းမပြုဘဲ  ယခင်ကထုတ်ပြန်ထားသည့်   အဆင့်(၂) ကန့်သတ်ချက်များကိုသာ  ဆက်လက် ကျင့်သုံး မည်ဟု  အစိုးရကဆုံးဖြတ်ခဲ့ခြင်း ကြောင့် တောင်ကိုရီးယား အစိုးရ၏ ရောဂါ ကူးစက်မှု  တုံ့ပြန်ဆောင်ရွက်ရေး ချဉ်းကပ် မှုများကို စောင့်ကြည့်ရမည်ဖြစ်ပါကြောင်း    ရေးသားတင်ပြလိုက်ရပါသည်။  ။