အိန္ဒိယ၌ တစ်ရက်အတွင်း ဗိုင်းရပ်ကူးစက်ခံရသူ ၇၆၄၇၂ ဦးဖြင့် စံချိန်အသစ်တင်

နယူးဒေလီ၊ ကျန်းမာရေး

အိန္ဒိယနိုင်ငံ၌ သြဂုတ် ၂၉ ရက်တစ်ရက် တည်းမှာပင် နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူ ၇၆၄၇၂ ဦးဖြင့် စံချိန်အသစ်တင်ကြောင်းနှင့် ယင်းပမာဏသည် ကမ္ဘာပေါ်တွင် တစ်ရက်အတွင်း ဗိုင်းရပ်ကူးစက်မှုနှုန်း အမြင့်ဆုံး ဖြစ်ကြောင်း သိရသည်။

ယခုအခါ အိန္ဒိယနိုင်ငံ၌ ဗိုင်းရပ်ကူးစက် ခံရသူစုစုပေါင်း သုံးသန်းခွဲနီးပါးရှိလာပြီ ဖြစ်ကာ ကမ္ဘာပေါ်တွင် ဗိုင်းရပ် ကူးစက်မှု  တတိယအများဆုံးနိုင်ငံအဖြစ် ဆက်လက် ရပ်တည်နေသည်။သို့သော် အိန္ဒိယနိုင်ငံ၏ နေ့စဉ်ဗိုင်းရပ် ကူးစက်မှုနှုန်းသည် အမေရိကန်နှင့် ဘရာဇီး နိုင်ငံတို့ထက် သီတင်းပတ်နှစ်ပတ်နီးပါးကြာ မြင့်တက်နေကြောင်း သိရသည်။

နိုင်ငံအတွင်းဗိုင်းရပ်ကူးစက်မှုကြောင့်  သြဂုတ် ၂၉ ရက်တွင် သေဆုံးသူ ၁ဝ၂၁ဦးရှိသည့် အတွက်   သေဆုံးသူ စုစုပေါင်း  ၆၃ဝဝဝ နီးပါးရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

တစ်ရက်အတွင်း သေဆုံးသူအများဆုံး ပြည်နယ်မှာ နိုင်ငံအနောက်ပိုင်းရှိ မဟာ ရက်ရှထရာပြည်နယ်ဖြစ်ပြီး  သေဆုံးသူ ၃၃၁ ဦးရှိကြောင်း သိရသည်။