မြန်မာနိုင်ငံကို လာရောက်မည့် နိုင်ငံတကာ ခရီးသွားများအတွက် ပြည်ဝင်ခွင့်ယာယီ ကန့်သတ်ချက်အား စက်တင် ဘာလ ကုန်အထိ တိုးမြှင့်

COVID-19 ရောဂါထိန်းချုပ်ရေးနှင့်စပ်လျဉ်းသည့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကန့်သတ်ချက်များအား  ၂ဝ၂ဝ ပြည့်နှစ်၊ စက်တင်ဘာလ ၃ဝ ရက်နေ့အထိ  တိုးမြှင့်သတ်မှတ်ကြောင်းကြေညာချက်

၁။      COVID-19 ကပ်ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်သည့်အစီအမံများအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရှေးရှုလျက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန အနေဖြင့် ကမ္ဘာ့နိုင်ငံ အသီးသီးမှ မြန်မာ နိုင်ငံသို့လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့် ယာယီ ကန့်သတ်ချက်များအား ထုတ်ပြန်ထားခဲ့ပြီး အဆိုပါကန့်သတ်ချက်များ အားလုံးကို ၃၁-၈-၂ဝ၂ဝ ရက်နေ့ အထိ ဆက်လက်တိုးမြှင့် သတ်မှတ်ကြောင်း ၃ဝ-၇-၂ဝ၂ဝ ရက်စွဲပါကြေညာချက်ဖြင့် ထုတ်ပြန် ထားခဲ့ပြီးဖြစ်ပါသည်-

(က)   မြန်မာနိုင်ငံသို့ လာရောက်ကြသည့်   ခရီးသွားများအပေါ် ကြိုတင် ကာကွယ်ရေး ကန့်သတ်ချက်များနှင့် စပ်လျဉ်း၍ ၁၅-၃-၂ဝ၂ဝ ရက်စွဲပါ ကြေညာချက်၊

(ခ)     မြန်မာနိုင်ငံသို့ လာရောက်ကြသည့် ခရီးသွားများအပေါ် ကြိုတင်ကာကွယ်ရေးထပ်တိုးကန့်သတ်ချက် များနှင့်    ဆိုက်ရောက်ဗီဇာနှင့် အီလက်ထရွန်နစ် ဗီဇာ ထုတ်ပေးခြင်းများအား ယာယီရပ်ဆိုင်းမှုတို့နှင့် စပ်လျဉ်း၍  ၂ဝ-၃-၂ဝ၂ဝ ရက်စွဲပါကြေညာချက်၊

(ဂ)    ကမ္ဘာ့နိုင်ငံ အသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြသည့် ခရီးသွားများအပေါ် ကြိုတင် ကာကွယ်ရေး ထပ်တိုးကန့် သတ်ချက်များနှင့် စပ်လျဉ်း၍ ၂၄-၃-၂ဝ၂ဝ ရက်စွဲပါကြေညာချက်၊

(ဃ)   ကမ္ဘာ့နိုင်ငံ အသီးသီးမှ မြန်မာနိုင်ငံသို့လာရောက်ကြမည့် နိုင်ငံခြားသား များအား ဗီဇာကင်းလွတ်ခွင့်နှင့်  လူမှုရေးဗီဇာ အပါအဝင် မည်သည့် ပြည်ဝင်ဗီဇာအမျိုးအစားကိုမဆို   ယာယီရပ်ဆိုင်းမှုနှင့် စပ်လျဉ်း၍ ၂၈-၃-၂ဝ၂ဝ ရက်စွဲပါ ကြေညာချက်။

၂။ COVID-19 ကူးစက်ရောဂါ ပြည်ပမှဝင်ရောက်လာနိုင်မှုနှင့် ကူးစက်ပြန့်ပွားမှု အန္တရာယ်မှ မြန်မာပြည်သူ များအား ကာကွယ်စောင့်ရှောက်ပေးနိုင်ရေး အတွက် ထိရောက် သည့်အစီအမံများကို ဆက်လက်ချမှတ် ဆောင်ရွက် သွားနိုင်ရန်ရှေးရှုလျက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရအနေဖြင့် အထက်ဖော်ပြပါ ပြည်ဝင်ခွင့်ယာယီကန့်သတ်မှု ဆိုင်ရာအစီအမံများအားလုံးကို ၂ဝ၂ဝ ပြည့်နှစ်၊ စက်တင်ဘာလ ၃ဝ ရက်နေ့အထိ ထပ်မံတိုးမြှင့်သတ်မှတ်လိုက်ပါသည်။

၃။      သို့ရာတွင် အရေးပေါ်အစိုးရတာဝန်ဖြင့်ဖြစ်စေ၊ မလွှဲမရှောင်သာသော ကိစ္စရပ်များကြောင့်ဖြစ်စေ၊ ပြည်ပ နိုင်ငံသားများ (သံတမန်များနှင့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ဝန်ထမ်းများအပါအဝင်)အနေဖြင့် မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲရန် ရှိမည့် ကယ်ဆယ်ရေးလေယာဉ်(သို့မဟုတ်) အထူးလေယာဉ်များဖြင့် လာရောက် ရန် ရှိပါက ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ကန့်သတ်မှုများမှ  ကင်းလွတ်ခွင့်ရရှိနိုင်ရန် အတွက် ပြည်ပနိုင်ငံ များရှိ အနီးဆုံး မြန်မာသံရုံး/ အဖွဲ့ရုံး/ ကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ် လျှောက်ထားရန်  ဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံသို့လာရောက်မည့် ခရီးသွားများအားလုံးအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကိုဗစ်ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ တည်ဆဲညွှန်ကြားချက် များကို မပျက်မကွက် လိုက်နာကြရမည်ဖြစ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

၂ဝ၂ဝ ပြည့်နှစ်၊ သြဂုတ်လ ၂၉ ရက်