ရန်ကုန်မြစ် အတွင်း ရေလမ်းကြောင်း အဟောင်းကို ရေစူး ၁၂ ပေအောက် မလျော့အောင် စီမံ လုပ်ဆောင်နေ

ရန်ကုန်၊ ရေလမ်းကြောင်း

ရန်ကုန်မြစ်အတွင်းရှိ ဆိပ်ကမ်းများသို့ နိုင်ငံတကာ ပင်လယ်ကူးသင်္ဘောကြီးများ ဝင်ရောက်လျက်ရှိရာ အဝင်ရေ လမ်းကြောင်းကို ယခုအခါ ရေစူး ၁၂ ပေအောက်မလျော့ အောင်စီမံပြီး  ပုံမှန်  Maintenance Dredgingများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း   မြန်မာ့ဆိပ်ကမ်းအာဏာပိုင်  ဒုတိယ ရေကြောင်းဌာနမှူးချုပ် ဦးဝင်းမြင့် အောင်၏ ပြောဆိုချက် အရ သိရသည်။

ယခုအခါ   အဆိုပါရေလမ်းကြောင်း အဟောင်းတွင်  ပင်လယ်ကူး သင်္ဘောကြီးများ သွားလာခြင်း မရှိသော်လည်း ရေစူး တိမ်သည့် ငါးဖမ်းလှေများ၊ ပြည်တွင်းသွား ကုန်တင်စက်လှေနှင့် တွဲဆွဲရေယာဉ်များ  သွားလာလျက်ရှိသည်။

''ဒီ Monkey Point Channel က ရန်ကုန်မြစ်၊ ပုဇွန်တောင်ချောင်းနဲ့ ပဲခူးမြစ် အတွက် မရှိမဖြစ်လိုအပ်တဲ့ ရေကြောင်း  ဆက်သွယ်ရေး လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။  လက်ရှိမှာ  ပင်လယ်ကူးသင်္ဘော ကြီးတွေ သွားလာတာ မရှိပေမယ့် ပြည်တွင်းက ကုန်တင်စက်လှေတွေအပါအဝင် ငါးဖမ်းလှေနဲ့ တွဲဆွဲရေယာဉ်တွေလည်း သွားလာ လေ့ရှိပါတယ်။ ဌာနအနေနဲ့  Monkey Point  Channel ကို ရေစူး ၁၂ ပေအောက် မလျော့ အောင် ထိန်းသိမ်းဖို့အတွက် ပုံမှန် Maintenance Dredgingဆောင်ရွက်တာနဲ့ တိုင်းတာတဲ့လုပ်ငန်းတွေ ဆောင်ရွက် နေပါတယ်'' ဟု ဦးဝင်းမြင့်အောင်က ပြောသည်။

ထိုရေလမ်းကြောင်းမှာ ပုံမှန်လမ်း ကြောင်းနှင့် ကန့်လန့်ဖြတ် အနေအထားမျိုး ဖြစ်နေသည့်အတွက် နုန်းမြေပို့ ချမှု များသဖြင့် သောင်တူးဖော်မှုများ စဉ်ဆက် မပြတ်လုပ်ဆောင်လျက်ရှိသည်။

အဆိုပါရေလမ်းကြောင်းမှာ၂ဝ၁၉ ခုနှစ် ခန့်ကစပြီး သင်္ဘောကြီးများ သွားလာနိုင်သော ရေလမ်းကြောင်းအကျယ် မီတာ ၁ဝဝထက်ပိုနည်းကာ တဖြည်းဖြည်းကျဉ်း မြောင်းလာပြီး၂ဝ၂ဝ ပြည့်နှစ် နှစ်ဆန်းပိုင်းတွင် ရေလမ်းကြောင်း အကျယ် မီတာ ၈ဝ ခန့်သာရှိသည့်အတွက် ရန်ကုန်မြစ်အတွင်း သွားလာနေသော အလျားမီတာ ၁၇ဝ ကျော် ရှည်သည့် သင်္ဘောကြီးများမှာ သောင်တင် မှုများနှင့် ရေလမ်းကြောင်း ပိတ်ကာ ပျက်စီး ဆုံးရှုံးမှုများရှိ လာနိုင်ခြင်း ကြောင့် ရေလမ်းကြောင်းသစ်မှ အသုံးပြု မောင်းနှင်လျက်ရှိ ကြောင်း သိရသည်။ 

ထက်ခိုင် (စမ်းချောင်း)