တခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရခိုင်ပြည်နယ်သို့ဝင်ရောက်လာသည့် ကုန်တင်ယာဉ်များ ယာဉ်မောင်း လဲလှယ်သည့်စနစ်ဖြင့် ဆောင်ရွက်

ရခိုင်ပြည်နယ်အတွင်း  ကုန်စည်စီးဆင်းမှု မပြတ်တောက်စေရန်နှင့် COVID-19 ရောဂါကို  တခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ မပျံ့နှံ့စေရန် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များသို့ ကုန်စည်ပို့ဆောင်သည့်      ကုန်တင်ယာဉ်များကို သက်ဆိုင်ရာမြို့များသို့ တိုက်ရိုက်ပို့ဆောင်ခြင်း မပြုစေဘဲ သတ်မှတ်ထားသည့် ဆုံရပ်နေရာများဖြစ်သော သံတွဲနှင့်  ကျောက်ဖြူခရိုင်များ အတွက် ဂွမြို့၊ တောင်ကုတ်မြို့နှင့် စစ်တွေ၊  မြောက်ဦး၊ မောင်တော ခရိုင်များ အတွက်  အမ်းမြို့မှ ယာဉ်မောင်းလဲလှယ် မောင်းနှင်စေသည့် စနစ်ဖြင့်    ဆောင်ရွက်မည်ဖြစ်ကြောင်း  COVID-19   ရောဂါကာကွယ် ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါသတ်မှတ်ဆုံရပ် နေရာများတွင် ကုန်တင်ယာဉ်မောင်းများ နားနေနိုင်မည့်နေရာ၊  စားသောက်ရမည့်နေရာများကို  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ  ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် အညီဖြစ်စေရေး   စနစ် တကျ ဆောင်ရွက်မည်ဖြစ်သည်။

ထို့ပြင်  ကုန်တင်ယာဉ်များကို  ယာဉ်မောင်းများ လဲလှယ်မောင်းနှင်ခြင်း မပြုမီ မော်တော်ယာဉ်အား ပိုးသတ်ဆေးဖျန်းရန်၊ ယာဉ်မောင်းများ    ယာဉ်ပေါ်အတက်၊ အဆင်းပြုသည့် အချိန်တိုင်း    လက်သန့် ဆေးရည် အသုံးပြုရန်နှင့် ယာဉ်မောင်းနှင်စဉ် အတွင်း Mask  တပ်ဆင်ကာ မောင်းနှင်ရေးတို့ကိုလည်း    တာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း သိရသည်။   

''အခုလို ယာဉ်မောင်းလဲလှယ် မောင်းနှင်စေတဲ့စနစ် အသုံးပြုရင် အလုပ်သမားကိစ္စ တွေရှိလာမယ်။ ကုန်ပစ္စည်း တင်ပို့ရင် အမယ်စုံတင်တဲ့ အခါကျတော့ အခက်အခဲ အများကြီးရှိနိုင်တယ်။ဒါ့ပြင်  ကုန်တွေ ပျက်စီးနိုင်တယ်။   တန်ဆာခတွေလည်း ကျနိုင်တယ်'' ဟု   မြန်မာနိုင်ငံ  အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း ရှင်များအသင်း ဥက္ကဋ္ဌ ဦးကျင်သိန်းက ပြောသည်။

ထို့ပြင် ဆုံရပ်ပြုလုပ်ထားသည့် မြို့များနှင့်   အမှန်တကယ် တင်ပို့မည့်မြို့များမှာလည်း  မိုင်  ၁ဝဝ  ဝန်းကျင် ကွာဝေးသည့်အတွက်   အခက်အခဲများ ရှိနိုင်ကြောင်း သိရသည်။