ငယ်ဘဝ

ယမန်နေ့မှအဆက်

အမေကြီးပြောလေ့ရှိသော စကားဖြစ်သည်။ ကျွန်တော်တို့တောရွာတွင် ညပိုင်းကျမှ မမျှော်လင့်ဘဲ ဧည့်သည်လာလျှင် ထမင်းဟင်းပြန်ချက်ရသည် မရှိပါ။ ကျွေးလောက်အောင် ကျန်ပါသည်။ ကိုယ့်အိမ်မှာ ပြည့်ပြည့်စုံစုံ မကျန်လျှင် ဟိုအိမ်သည်အိမ် လိုက်တောင်းပါက ကျွေးနိုင်အောင်ရပါသည်။ ထိုအတွက် သန့်သန့်ရှင်းရှင်းချန်ရန် အမေကြီးက ပြောခြင်းဖြစ်သည်။

စောင်သည်ဆိုသည်မှာ    ကျေးတောရွာများမှ ချည်စောင်များ လာရောင်းသူများဖြစ်သည်။ သူတို့မှာ ထမင်းချက်စားရန် အိုးခွက်မပါ။ ရွာမှဝယ်စားရန်လည်း ဆိုင်မရှိ။

''ထမင်းကျန် ဟင်းကျန်ရှိရင်ပေးကြပါ...''

ရွာထဲလိုက်တောင်းကြသည်။ အလွန်သိတတ်ပါသည်။ သူတစ်ပါး စားချိန်မှာ မတောင်းပါ။ စားပြီးချိန်ကျမှ ကျန်သည်ကို တောင်းခြင်းဖြစ်ပါသည်။ တောင်းစားသူများမဟုတ်။ ကောင်းရောင်းကောင်းဝယ် လုပ်ရင်း ထမင်းဟင်းကျန် တောင်းခြင်းဖြစ်သည်။ အမေကြီးသည် စောင်သည်များလာလျှင် ဝမ်းပန်းတသာ စေတနာနှင့် ပေးလေ့ရှိသည်။ မောင်ငြိမ်းချမ်း အမေကြီးကိုကူ၍ ထမင်းဟင်းများ ယူပေးရသည်။

အမေကြီး နေ့ခင်းနေ့လယ် အိပ်လေ့မရှိ။ အိမ်လည်သွားခြင်းမရှိ။ အချိန်ရှိသမျှ အလုပ်လုပ်သည်။ အိမ်တွင်းမှုလုပ် သိမ်းထုပ်သေချာခြင်းကို အမေကြီး ဂုဏ်ယူသည်။

အဖိတ်ဖိတ်အစဉ်စဉ် ရှိလျှင် ''မိန်းမကြက်လာ''ဟု အမေကြီး ပြောလေ့ရှိသည်။

မောင်ငြိမ်းချမ်းကြိုက်တတ်သော    ပဲကျားလှော်ကို အမေကြီး အမြဲတမ်း ဝယ်ထားတတ်သည်။ သို့သော် ဘယ်တော့မှ အလွယ်တကူ မြင်နိုင်တွေ့နိုင် ယူစားနိုင်အောင်မထား။   လည်ပင်းကျဉ်းသောစဉ့်အိုး ရှည်ရှည်လေးမှာ ထည့်ပြီး လျှို့ဝှက်စွာ သိမ်းသည်။ တစ်ခါတစ်ရံ ဆန်အိုးထဲမှာ   တစ်ခါတစ်ရံ  ပဲပုတ်ထဲမှာ၊  လှေကား အတက်နားမှ ထင်းရှူးသေတ္တာ ပျက်ကြီးထဲမှာလည်း ထားတတ်သည်။ ကြောင်အိမ် အထပ်သုံးထပ်မှာလည်း အထက်အောက် အမျိုးမျိုး ပြောင်းနေသည်။

မောင်ငြိမ်းချမ်းကလည်း သိမ်းထားသော နေရာကို ဘယ်တော့မျှမမေး။ ကိုယ့်ဘာသာ မတွေ့တွေ့အောင် ရှာသည်။ တွေ့လျှင် အလွန်ပျော်စရာကောင်းသည်။

လည်ပင်းကျဉ်းစဉ့်အိုးလေး၏အထဲသို့ လက်နှိုက်လျှင် လေကအေးနေသည်။ ထို့ကြောင့် အထဲမှာပဲလှော်သည် အမြဲတမ်းကြွပ်ရွနေ၏။

စဉ့်ဘူးကလေးက လည်ပင်းကျဉ်း၍ ပဲလှော်ကို လောဘတကြီး လက်ဖြင့်ဆုပ်ယူ၍မရ။ သို့သော် မောင်ငြိမ်းချမ်းက    နည်းနည်းစီ နှစ်ခါယူသည်။

အိတ်ထောင်ထဲထည့်ထားပြီး    အကြာကြီးစားရသည်။

ပဲလှော်ဘူးဝှက်သည့် ကိစ္စနှင့်တွေ့အောင် ရှာရခြင်းမှာ အမေကြီးနှင့်မောင်ငြိမ်းချမ်းတို့ ထူးခြားသော အလေ့အထတစ်ခုဖြစ်သည်။ သို့သော် ဘာကြောင့် ထိုသို့ပြုလုပ်သည်ကို တစ်ခါမျှမေးဖူး၊ ပြောဖူးမရှိပါ။ အမေကြီးကလည်း သူ့ထုံးစံအတိုင်း နေရာပြောင်းပြီး ဝှက်သည်။

မတွေ့နိုင်လောက်အောင်တော့ မခက်ပါ။ အိမ်အောက်ထပ်မှာပင်ဖြစ်သည်။ မောင်ငြိမ်းချမ်းကလည်း တွေ့အောင်ရှာနိုင်ပါသည်။

အဖေကြီးထံမှ စေတနာ

မောင်ငြိမ်းချမ်း ကျောင်းတက်ရ စာသင်ရသည်ကို ပျော်၍ စာရလွယ်သည်။ ပထမတန်းရောက်ချိန်မှာ စာကောင်းကောင်းဖတ်နိုင်နေပြီ။ မြန်မာသင်ပုန်းကြီး ကုန်၍ ဆယ်စောင်တွဲပင် ကိုင်ရပြီ။

ဒုတိယတန်းတွင် မင်္ဂလသုတ်၊ လောကနီတိတို့ကို အလွတ်ရနေပြီ။ စာဖတ်ရသည်ကိုလည်း ဝါသနာပါ၍ ပုံပြင်ပါသော တတိယတန်းဖတ်စာ၊ စတုတ္ထတန်းဖတ်စာများ အားလုံးကိုလည်း ကြိုဖတ်ပြီးဖြစ်နေသည်။

သမီးနှစ်ယောက်လောက်သာ မွေး၍ သားမရှိခဲ့သော အဖေကြီးနှင့်အမေကြီးသည်   မြေးအနှစ်ဖြစ်သော မောင်ငြိမ်းချမ်းကို သားလိုလည်း ချစ်ကြသည်။ စာသင်ချင်၍ စာရလွယ်သော မောင်ငြိမ်းချမ်းကို ပညာကောင်းစွာ သင်ပေးရန်လည်း အားထားကြသည်။

အဖေကြီးက မောင်ငြိမ်းချမ်းကို လောကနီတိ အားလုံး သင်ပေးပြီးသောအခါ လယ်တီဆရာတော်ကြီး၏ သုံးလူ့ရှင်ပင် အစချီသော ဗုဒ္ဓဝင်လင်္ကာများ၊ လယ်တီဆရာတော်ကြီး၏ သံဝေဂလင်္ကာ၊ ပဋိစ္စသမုပ္ပါဒ် လင်္ကာကြီးများကို    အလွတ်ကျက်ခိုင်းသည်။

မောင်ငြိမ်းချမ်းကလည်း ခိုင်းသမျှကျက်သည်။ ခဏဆိုရပြီ။ အဖေကြီးထံသွားပြီး အလွတ်ပြန်သည်။ ချောမောစွာ ပြန်ပြနိုင်သည်။ အဖေကြီးက ရတိုင်း အသစ်သင်ပေးသည်။ သင်သမျှအရ ကျက်သည်။ အဖေကြီးသဘောကျဟန် ရှိပါသည်။ သို့သော် ကိုယ့်မြေးကို ချီးမွမ်းသည်ဟု ပြောမှာစိုး၍လားမသိ။ တစ်ခါမျှ ထုတ်ဖော်ချီးမွမ်းခြင်း မရှိပါ။ မောင်ငြိမ်းချမ်းရင်ထဲမှာ ချီးမွမ်းစေချင်သော ဆန္ဒဖြစ်မိသည်။ အဖေကြီးက ကျက်စရာပေးလိုက်တိုင်း အမြန်ရအောင် ကျက်သည်။ ရသည်နှင့်သွားပြီး အလွတ်ပြန်သည်။ လုံးဝ မထစ်မငေါ့ပြန်နိုင်သည်ချည်း ဖြစ်သည်။ သို့သော် ချီးမွမ်းခြင်း မရှိပါ။

အသစ်ကျက်ရန် ထပ်ပေးလိုက်သည်။ညအိပ်ရာဝင်လျှင်တော့ အဖေကြီးက ပုံပြင်လေးများ ပြောပြသည်။ အဖေကြီးပြောသော ပုံပြင်များမှာ အလွန်ကောင်းပါသည်။ အဖေကြီးပြောပုံကပင် စိတ်ဝင်စားစရာ။ ဆဒ္ဒန်ဆင်မင်းဇာတ်ကို ပြောလျှင် အဖေကြီးက ဦးပုည၏ ဆဒ္ဒန်ဆင်မင်း ဇာတ်စာကဗျာ၊ အလင်္ကာများပါ အသံနေ အသံထားနှင့်ရွတ်ပြသည်။ လက်ဝဲသုန္ဒရအမတ်ကြီး အကြောင်းကိုပြောသည့်အခါ မဲဇာတောင်ခြေ ရတုပိုဒ်စုံကို   အသံနေအသံထားနှင့် ရွတ်ဆိုပြသည်။

အလွန်နားထောင်ကောင်းပါသည်။  ''စာတိုငညို''ဟု ခေါ်ရလောက်အောင် စာဖတ်ဝါသနာကြီးသော ဝန်ဇင်းရွာသား လယ်သမား မောင်ညိုစာဖတ်များသည့် ကျေးဇူးကြောင့်ပင် ထွန်တုံးပေါ်မှ နန်းတော်သို့ရောက်ပြီး ပညာရှိအမတ်ကြီးဖြစ်ခဲ့ရပုံကိုလည်း ပြောပြသည်။

ဆက်လက်ဖော်ပြပါမည်။