ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအတွက် Video Conferencing စနစ်ဖြင့် ဆွေးနွေး

နေပြည်တော်  သြဂုတ်  ၃ဝ

ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေး အတွက်  Video Conferencing စနစ်ဖြင့် ဆွေးနွေးပွဲကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကိုဗစ်-၁၉ ကူးစက်နေသူများ တရားမဝင် ဝင်ပေါက်များမှ တစ်ဆင့် ရခိုင်ပြည်နယ်အတွင်းသို့ ကူးစက်ဝင် ရောက်မှုများ ထပ်မံမရှိစေရေးနှင့် ရခိုင်ပြည်နယ်မှတစ်ဆင့် အခြားတိုင်းဒေသကြီး/ပြည်နယ်များသို့ ကူးစက်မှုများ မပျံ့နှံ့နိုင်စေရေး အတွက် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် အခြားသက်ဆိုင်ရာ ဝန်ကြီး ဌာနတို့နှင့် ပူးပေါင်းကာ ဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း၊ သြဂုတ် ၃၁ ရက်တွင်ပြည်သူ့ ကျန်းမာရေး ဗဟိုကွင်းဆင်း အဖွဲ့တစ်ဖွဲ့နှင့် ဆေးကုသရေးအဖွဲ့ တစ်ဖွဲ့ကို ကျောက်ဖြူမြို့သို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း၊ မိမိသည် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၏ တိုက်ရိုက်လမ်းညွှန်မှုဖြင့် လည်းကောင်း၊ ဗဟို ကော်မတီ အဖွဲ့ဝင်များ၏ အကြံပြုမှုနှင့် ဆွေးနွေးချက်များကို မူတည်၍ လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ရရှိသော သတင်းအချက်အလက်များအပေါ် မူတည်၍ လည်းကောင်း၊ အချိန်နှင့်တစ်ပြေးညီ ထိန်းချုပ်မှု လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း၊ ထပ်မံကာ ကပ်ရောဂါ အငယ်စားလေးများ (Sporadic Outbreak) မဖြစ်ပေါ်

စေရေးအတွက် ရခိုင်ပြည်နယ်ရှိ အသွား အလာ ကန့်သတ်ရာနေရာများ၊ ယာယီစခန်းများနှင့် ပြန်လည်လက်ခံရေး စခန်းများတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့် ဗဟိုကွင်းဆင်း အဖွဲ့ခေါင်းဆောင်တို့အား အသေးစိတ် ညွှန်ကြားထားပြီးဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကိစ္စရပ် များနှင့် အသွားအလာ ကန့်သတ်ထားရှိမည့် အဆောက်အအုံနှင့် စီမံအုပ်ချုပ် ထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ လူနာများ များပြားလာပါက ထားရှိရန် အဆောက်အအုံများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း ပြောကြားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်နှင့် ဗဟိုကွင်းဆင်း အဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူး (ကူးစက်ရောဂါ တိုက်ဖျက်ရေး)ဒေါက်တာ ဉာဏ်ဝင်းမြင့်တို့က ပကတိမြေပြင် အခြေအနေများနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းဆိုင်ရာ အကြံပြုချက်များအား အသေးစိတ် တင်ပြခဲ့ကြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက လက်ရှိတွင် ရခိုင်ပြည်နယ်မှကိုဗစ်-၁၉ လူနာများအား ဆေးရုံအသီးသီးတွင်ထားရှိကုသနေမှု အခြေအနေ၊ စစ်တွေမြို့တွင် စစ်တွေပြည်သူ့ ဆေးရုံကြီးတွင်သာမက သူနာပြုနှင့် သားဖွားသင်တန်းကျောင်းနှင့် တိုင်းရင်းဆေးရုံတို့တွင် ကိုဗစ်-၁၉ လူနာများ ထားရှိကုသနေမှု၊ စစ်တွေတက္ကသိုလ်တွင် ယာယီဆေးရုံ ထပ်မံပြုလုပ်ကာ ကိုဗစ်-၁၉ လူနာများထားရှိရန် စီစဉ်နေမှု၊ လိုအပ်ပါက ရခိုင်ပြည်နယ်လွှတ်တော် အဆောက်အအုံကိုလည်း ယာယီဆေးရုံအဖြစ် အသုံးပြုနိုင်ရန် လျာထားမှု၊ ဓာတ်ခွဲစစ်ဆေးမှုများ အတွက် စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ မြောက်ဦးနှင့် မောင်တောမြို့နယ်တို့တွင် GeneXpert စက်များ တပ်ဆင်ထားမှု၊ စစ်တွေမြို့တွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာများနှင့်ထိတွေ့ခဲ့သူများ၏ မိသားစုဝင်များနှင့် အခြားထိတွေ့ခဲ့သူများ အရေအတွက် များပြားလာ၍ သတ်မှတ်နေရာတွင် အသွားအလာ ကန့်သတ်ခြင်း ထားရှိရန် လုံလောက်သောနေရာ၊ အဆောက်အအုံ၊ ရေ၊ အိမ်သာရရှိရေးနှင့် ကျွေးမွေးရေး၊ စီမံခန့်ခွဲရေးတို့ ခက်ခဲလာသည့် ကိစ္စနှင့် နေရာသစ်များ ထပ်မံရှာဖွေရန် လိုအပ်နေမှု၊ မိသားစုဝင်တစ်ဦးတွင် ကိုဗစ်-၁၉ ဓာတ်ခွဲတွေ့ရှိပါက အခြား မိသားစုဝင်များကို (facility quarantine)သို့ မပို့ဘဲ နေအိမ်တွင်သာ တင်းကျပ်စွာ အသွားအလာ ကန့်သတ်ခြင်းကို ဆောင်ရွက်သင့်/မသင့်၊ ဓာတ်ခွဲစစ်ဆေးမှုများ ပိုမိုပြုလုပ်နိုင်ရန်အတွက် ကျောက်ဖြူမြို့ ပြည်သူ့ဆေးရုံသို့ GeneXpert စက်နှစ်လုံးနှင့် ဆက်စပ်ဓာတ်ခွဲ ပစ္စည်းများကို သြဂုတ် ၃၁ရက်တွင် ထပ်မံပို့ဆောင်ရန် စီစဉ်ထားမှု။

စစ်တွေမြို့နှင့် ကျောက်ဖြူမြို့သို့ Oxygen plant  တစ်လုံးစီအား အမြန်ဆုံးတပ်ဆင်ပေးရန် စီစဉ်ထားမှု၊ စစ်တွေမြို့တွင် ကိုဗစ်-၁၉ရောဂါပျံ့နှံ့မှု အတိုင်းအတာနှင့် ပုံသဏ္ဌာန်တို့ကို သိရှိနိုင်ရေးအတွက် ရောဂါကူးစက် ခံရနိုင်ခြေ များပြားသူများအား ကျပန်းစနစ်ဖြင့် ရွေးချယ်ကာ ဝန်ကြီးဌာနသို့ လှူဒါန်းထားသော Rapid Test Kit၁ဝဝဝ ဖြင့် IgGနှင့် IgM ရှိ၊ မရှိကို စစ်ဆေးရန်နှင့် Test positive ဖြစ်သူများအား PCRစက်ဖြင့် ဆက်လက်စစ်ဆေးရန်၊ သြဂုတ် ၁ဝ ရက်မှစ၍ ပြည်တွင်းလေကြောင်း ခရီးစဉ်များဖြင့် ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ လိုက်ပါခဲ့သူများထံ ဆေးသုတေသန ဦးစီးဌာနမှ ဆရာဝန်များက တယ်လီဖုန်းနှင့် ဆက်သွယ်ကာ အသွားအလာ ကန့်သတ်မှုနှင့် ကျန်းမာရေး စစ်ဆေးမှုခံယူရေး ပြောကြားရန် ကိစ္စများအား ဆွေးနွေးတင်ပြခြင်းနှင့် အကြံပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။